
ဂါဇာဒေသမှာ မိုးသည်းလို့ နေရပ်စွန့်ခွာ ထွက်ပြေးလာရတဲ့ ပါလက်စတိုင်းတွေ နေထိုင်ရာ တဲပေါင်း ၇၀,၀၀၀ လောက် ရေလွှမ်းမိုးခံခဲ့ရပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဝန်ပိရင်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒီအခြေအနေကြောင့် ဂါဇာဒေသ အရပ်ဘက်ကာကွယ်ရေး အာဏာပိုင်တွေက စနေနေ့မှာ အရေးပေါ်အခြေအနေ အမြင့်ဆုံးအဆင့်ကို ကြေညာလိုက်ပါတယ်။
လူနေရပ်ကွက်တချို့မှာ ရေအမြင့် ၄ ပေခွဲကျော်တဲ့အထိ ရှိလာတယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။
မိုးသက်မုန်တိုင်း စချိန်ကစပြီး အရပ်ဘက်ကာကွယ်ရေးဌာနဆီ အကူအညီတောင်းတဲ့ ဖုန်းခေါ်ဆိုမှုပေါင်း ၂,၁၆၆ ခု ရောက်လာခဲ့ပေမဲ့ အကူအညီတောင်းခံသူ အရေအတွက် အလွန်များပြီး အရင်းအမြစ်တွေက အကန့်အသတ်နဲ့သာ ရှိနေလို့ ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ ဖုန်းခေါ်ဆိုမှု ၂၁၈ ခုကိုသာ တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့ပါတယ်။
နေရပ်စွန့်ခွာလာရတဲ့ မိသားစုတွေအတွက် အရေးပေါ် နေထိုင်စရာနေရာတွေ ဖန်တီးပေးနိုင်ဖို့ တဲတွေ၊ ပလတ်စတစ်အဖုံးတွေ၊ ယာယီအိမ်တွေအပြင် အထူးပြု ကယ်ဆယ်ရေးသုံး စက်ကိရိယာတွေနဲ့ ယာဉ်တွေကိုပါ ဝင်ခွင့်ပြုဖို့ အစ္စရေးနိုင်ငံကို ဖိအားပေးရေး နိုင်ငံတကာ အသိုင်းအဝိုင်းကို အာဏာပိုင်တွေက တိုက်တွန်း တောင်းဆိုထားပါတယ်။
ဂါဇာဒေသ အလယ်ပိုင်း၊ နူဆေးရတ်ဒေသက နေရပ်စွန့်ခွာသူတွေရဲ့ စခန်းမှာ တဲတချို့ကို မိုးရေလွှမ်းမိုးထားသလို တခြားတဲတချို့မှာလည်း လေပြင်းတိုက်ခတ်မှုကြောင့် နေရာကနေ လွင့်စင်ပျက်စီးသွားခဲ့ပြီး နေရာတခုလုံးမှာ ရွှံ့ဗွက်အိုင်ကြီးတခု ဖြစ်လာခဲ့ပါတယ်။
ဒုက္ခသည်စခန်းက တဲတွေလည်း ဟောင်းနွမ်းပျက်စီးနေပြီး သဲမြေပြင်ပေါ်မှာ ကျပ်ညပ်နေလို့ တဲအများစုက အတွင်းရော အပြင်ပါ ဆိုးဆိုးရွားရွား ရေလွှမ်းမိုးခံထားရပါတယ်။
ပါလက်စတိုင်းပိုင်နက်အတွင်း နေရာအနှံ့အပြားမှာ နံရံတွေအများကြီး ပြိုကျပျက်စီးခဲ့ပြီး လူအများအပြား ဒဏ်ရာရခဲ့သလို တချို့မှာ အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဟားမတ်စ် အုပ်ချုပ်ရေးအဖွဲ့ရဲ့ မီဒီယာရုံးက သတင်းထုတ်ပြန်ထားပါတယ်။
မုန်တိုင်းကြောင့် တိုက်ရိုက်ဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃ သန်းလောက် ရှိနိုင်တယ်လို့ ကနဦးမှာ ခန့်မှန်းထားပါတယ်။
Source: Reuters











