
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အတွင်းရှိ ရှေ့တန်းစစ်မြေပြင်ကနေ စစ်အာဏာရှင်တပ်သား ၃ ယောက် ထွက်ပြေးသွားပြီး တယောက် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၄ ရက် ညနေပိုင်းက ရေကြည်မြို့နယ် မြောက်စမ်းကျေးရွာအနီးရှိ ရှေ့တန်း စစ်မြေပြင်ကနေ စစ်အာဏာရှင်တပ်သား ၃ ယောက် ထွက်ပြေးသွားခဲ့တာဖြစ်ပြီး ထွက်ပြေးသွားတဲ့ တပ်သားတွေထဲက တယောက်ကို အောက်တိုဘာ ၁၅ ရက် မနက်အစောပိုင်းမှာ ပစ်သတ်ခဲ့ကာ ကျန် ၂ ယောက် လွတ်မြောက်သွားတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတယောက်က “ထွက်ပြေးတာက ၃ ယောက်လို့ သိရတယ်။ လိုက်ရှာရင်း ခြုံပုတ်ထဲမှာ ပုန်းနေတဲ့တယောက်ကို ပစ်သတ်လိုက်တာပါ။ ပွဲချင်းပြီး သေဆုံးသွား တယ်။ ကျန် ၂ ယောက်ကတော့ မမိဘူးလို့ သိရတယ်” လို့ ပြောပါတယ်။
ထွက်ပြေးသွားတဲ့ စစ်အာဏာရှင်တပ်သား ၃ ယောက်ထဲက ပစ်သတ်ခံရပြီး သေဆုံးသူကို ရေကြည်မြို့နယ် ဇီးရိုးစမ်းရွာကလေးကျေးရွာအနီးမှာ မြေကျင်းတူးပြီး မြှုပ်နှံထားခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူဟာ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁၁ က သင်တန်းဆင်း တပ်သားလူငယ် ရာဇာ ဖြစ်ပါတယ်။
ထွက်ပြေးလို့ ပစ်သတ်ခံရတဲ့ တပ်သား အပါအဝင် စစ်မှုထမ်းတပ်သားသစ် အများအပြားနဲ့ စစ်အာဏာရှင်တပ်ဖွဲ့တွေဟာ အောက်တိုဘာလ ပထမပတ်ကစတင်ပြီး မြောက်စမ်းကျေးရွာ၊ ဇီးရိုးစမ်းကျေးရွာနဲ့ ရေနံသာ စစ်ဆေးရေးဂိတ်အနီးတဝိုက်မှာ စခန်းချ တပ်စွဲနေထိုင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်တပ်က ထွက်ပြေးပြီး ပြန်လည်ဖမ်းဆီးခံရတဲ့ တပ်သားတွေကို ကြိုးတုပ် ရိုက်နှက်တာ၊ နေပူထဲမှာ အချိန်ကြာမြင့်စွာ နေခိုင်းတာနဲ့ အလုပ်ကြမ်းခိုင်းတာတွေ ပြုလုပ်ပြီး အပြစ်ပေးနေတဲ့အပြင် အခုလို ပစ်သတ်တဲ့အထိ အရေးယူလာတာဟာ တခြားတပ်သားတွေကို စံပြအနေနဲ့ ပြသတာဖြစ်တယ်လို့ တပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။











