
ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက တရုတ်စစ်တပ်ဆီမှာ လျှို့ဝှက်သင်တန်းတက်ခဲ့တဲ့ ရုရှားစစ်သား ၂၀၀ လောက်ဟာ ပြန်လာပြီးတော့ ယူကရိန်းစစ်မြေပြင်မှာ ဝင်တိုက်နေတယ်လို့ ဥရောပထောက်လှမ်းရေး အေဂျင်စီတွေနဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
၂၀၂၅ ခုနှစ် ဇူလိုင် ၂ ရက် သဘောတူညီချက်အရ ဒီသင်တန်းတွေကို တရုတ်နိုင်ငံမှာ လုပ်ခဲ့တာဖြစ်ပြီး ဒရုန်းအသုံးပြုနည်းတွေကို အဓိကထား သင်ပေးခဲ့တာပါ။
တရုတ်နိုင်ငံဟာ စစ်ပွဲကြီးတွေ မဆင်နွှဲရတာ ဆယ်စုနှစ်ချီ ကြာနေပြီဖြစ်ပေမဲ့ သူတို့ရဲ့ ကြီးမားတဲ့ ဒရုန်းနည်းပညာနဲ့ လေ့ကျင့်ရေးစနစ်တွေကို ရုရှားဘက်က ယူသုံးနေတာ ဖြစ်ပါတယ်။
သင်တန်းဆင်း ရုရှားအရာရှိတွေဟာ တခြားစစ်သားတွေကို ဆင့်ကဲသင်ပေးနေပြီး ယူကရိန်းက ခရိုင်းမီးယားနဲ့ ဇာပိုရစ်ရှား ဒေသတွေမှာ ကိုယ်တိုင်တိုက်ပွဲဝင်နေတယ်လို့ ထောက်လှမ်းရေးအဖွဲ့တွေက အတည်ပြုပါတယ်။
ဒါ့အပြင် ဒရုန်းရှာဖွေရေး၊ လေကြောင်းရန်ကာကွယ်ရေးနဲ့ မိုင်းရှင်းလင်းရေး စတဲ့သင်တန်းတွေကိုပါ တရုတ်စစ်တပ်က ရုရှားတွေကို သင်ပေးခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ဟာ မေ ၂၀ ရက်က ပေကျင်းမြို့မှာ တွေ့ဆုံခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ တရုတ်ခရီးစဉ်အပြီး တပတ်တောင်မပြည့်ခင်မှာဘဲ ပူတင်က သူ့ရဲ့ ၂၅ ကြိမ်မြောက် တရုတ်ခရီးစဉ်အဖြစ် လာရောက်တာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ “ယူကရိန်းအရေးမှာ တရုတ်နိုင်ငံဟာ ဓမ္မဓိဋ္ဌာန်ကျပြီး ဘက်မလိုက်တဲ့ ရပ်တည်ချက်ကို အမြဲကျင့်သုံးခဲ့သလို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်လာဖို့ ကြိုးပမ်းနေတာကို နိုင်ငံတကာကလည်း အသိပဲဖြစ်ပါတယ်။ သက်ဆိုင်သူတွေအနေနဲ့ ပဋိပက္ခတွေကို တမင်သက်သက် မဖန်တီးသင့်သလို သူများအပေါ် အပြစ်ပုံမချသင့်ပါဘူး” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖြေကြားပါတယ်။
Source: Reuters











