
ဟာရီကိန်းမုန်တိုင်း ပိုလိုဟာ ပြင်းအားအဆင့် ၅ အထိ အားကောင်းလာပြီး မက္ကဆီကိုနိုင်ငံရဲ့ အနောက်ဘက်ကမ်းရိုးတန်းကို ဖြတ်သွားမယ်လို့ ခန့်မှန်းထားတာကြောင့် ပစိဖိတ်ကမ်းရိုးတန်းမှာ နေထိုင်ကြတဲ့သူတွေ အနေနဲ့ နိုးနိုးကြားကြား သတိရှိရှိနဲ့ အသင့်ဖြစ်နေကြဖို့ သမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ်က စက်တင်ဘာ ၂၂ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
မုန်တိုင်းက ကုန်းတွင်းပိုင်းကို တိုက်ရိုက်ဝင်ရောက်မှာမဟုတ်ဘဲ ကမ်းရိုးတန်းအတိုင်း ရွေ့လျားသွားဖို့ ရှိတယ်လို့ သမ္မတ ရှိန်းဘောင်းမ်က ပြောကြားခဲ့ပြီး အထူးသဖြင့် အနောက်ပိုင်းပြည်နယ်တွေဖြစ်တဲ့ ဟာလစ်စ်ကို၊ ကိုလီမာနဲ့ မီချွာကန်ပြည်နယ်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။
အမေရိကန် အမျိုးသားဟာရီကိန်းစင်တာ (NHC) က ပိုလိုမုန်တိုင်းဟာ မြန်မြန်ဆန်ဆန် အားကောင်းလာနေပြီး လာမဲ့ရက်ပိုင်းအတွင်း မက္ကဆီကိုကမ်းရိုးတန်းတလျှောက် ဖြည်းဖြည်းချင်း ရွေ့လျားသွားမယ်လို့ ဆိုပါတယ်။
ပိုလိုမုန်တိုင်းဟာ စက်တင်ဘာ ၂၁ ရက်မှာ ဟာရီကိန်းမုန်တိုင်းအဆင့်ကို ရောက်လာခဲ့ပြီး NHC ရဲ့ ထုတ်ပြန်ချက်အရ မန်ဇာနီလို ဆိပ်ကမ်းမြို့ရဲ့ တောင်-အရှေ့တောင်ဘက် ကီလိုမီတာ ၄၃၄ (မိုင် ၂၇၀) အကွာမှာ ရှိနေပြီးတော့ တနာရီကို ကီလိုမီတာ ၁၂၈ (မိုင် ၈၀) နှုန်းနဲ့ လေပြင်းတွေ တိုက်ခတ်နေတယ်လို့ သိရပါတယ်။
Source: Reuters











