
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်အပေါ် စစ်ပွဲနဲ့ ဟော်မုဇ်ရေလက်ကြားကို ထိထိရောက်ရောက် ပိတ်ထားတာတွေကြောင့် ကမ္ဘာလုံးဆိုင်ရာ သင်္ဘောပို့ဆောင်ရေး ကုန်ကျစရိတ်တွေ မြင့်တက် လာခဲ့ပြီး အာရှဆိပ်ကမ်းတွေဆီ ဦးတည်နေတဲ့ ရေနံတင်သင်္ဘောတွေ အနှောင့်အယှက် ဖြစ်ခဲ့ ပါတယ်။
အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် လောင်စာဆီဈေးနှုန်း သိသိသာသာ မြင့်တက်မလာခင် မတ် ၉ ရက်မှာကတည်းက ဖိလစ်ပိုင်မြို့တော် မနီလာက ဓာတ်ဆီဆိုင်တွေမှာ ယာဉ်မောင်းတွေ တန်းစီ စောင့်ဆိုင်းနေခဲ့ရတာပါ။
ဖိလစ်ပိုင်စွမ်းအင်ဌာနက မတ် ၁၀ ရက်ကစပြီး လောင်စာဆီဈေးနှုန်းတွေ ၀ ဒသမ ၂၉ ကနေ ၀ ဒသမ ၄၁ ဒေါ်လာအထိ မြင့်တက်လာမှာဖြစ်ပြီး သီတင်းပတ်တွေအတွင်း အဆင့်ဆင့် စျေးမြှင့် သွားမယ်လို့ ပြောခဲ့ပါတယ်။
မြို့တော် မနီလာက ဓာတ်ဆီဆိုင်တဆိုင်နားမှာ တက်ကြွလှုပ်ရှားသူ နှစ်ဒါဇင်လောက်က ဆန္ဒပြခဲ့ပြီး ဈေးနှုန်းတိုးမြှင့်တာတွေကို ရှုတ်ချရင်း လောင်စာဆီဈေးနှုန်းတွေကို ထိန်းချုပ်ဖို့ အစိုးရကို တိုက်တွန်းခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာလည်း စုံရက်နဲ့ မရက် စနစ်ကျင့်သုံးပြီး ကားတွေကို မောင်းနှင်ရတာ၊ ကီလို သတ်မှတ်ချက်နဲ့ ဆီရောင်းပေးတာ၊ ဝန်ထမ်းတွေ တပတ်ကို တရက်နေအိမ်ကနေ အလုပ်လုပ် ရတာတွေ လုပ်ဆောင်နေပြီး လျှပ်စစ်ကားတွေနဲ့ လျှပ်စစ်မော်တော်ဆိုင်ကယ်တွေ ကတော့ ကင်းလွတ်ခွင့် ရှိပါတယ်။
ဒါ့အပြင် လောင်စာဆီတွေကို ဈေးနှုန်းမြှင့်ပြီး ပြန်ရောင်းမရောင်းဖို့နဲ့ မစုဆောင်းဖို့ သတိပေးခဲ့ပြီး ချိုးဖောက်သူတွေကို တရားစွဲသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံမှာတော့ ဒီအပတ်အစောပိုင်းမှာ ဝန်ကြီးချုပ် အနုတင်က အရပ်ဘက်ဝန်ထမ်းတွေကို စွမ်းအင်ချွေတာဖို့ အမိန့်ပေးခဲ့ပြီး ပြည်ပခရီးစဉ်တွေကို ရပ်ဆိုင်းထားဖို့နဲ့ ဓာတ်လှေကားအစား လှေကားတွေကို အသုံးပြုဖို့ အပါအဝင် အစီအမံတွေ ချမှတ်ခဲ့ပါတယ်။
မလိုတဲ့အခါ မီးတွေနဲ့ လျှပ်စစ်ပစ္စည်းတွေကို ပိတ်ထားခြင်းအားဖြင့် ရုံးအဆောက်အအုံတွေမှာ လျှပ်စစ်ဓာတ်အား သုံးစွဲမှုကို လျှော့ချဖို့ အစိုးရအရာရှိတွေကို အမိန့်ပေးထားပါတယ်။ အစိုးရ အနေနဲ့ ပြည်သူတွေကို ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ကားအတူစီးတာလိုမျိုး စွမ်းအင်ချွေတာတဲ့ အစီအမံ တွေကို အားပေးဖို့လည်း တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။
လောင်စာဆီအကျပ်အတည်းကြား စွမ်းအင်ချွေတာဖို့ အစိုးရရဲ့ နောက်ဆုံးအစီအမံတွေနဲ့ ကိုက်ညီ အောင် မတ် ၁၃ ရက် မနက်ပိုင်း အစီအစဉ်တခုမှာ ထိုင်းရုပ်မြင်သံကြား သတင်းထောက်တွေဟာ သူတို့ရဲ့ ဝတ်စုံတွေကို ချွတ်ပြီး လုပ်ငန်းခွင်ဝင်ခဲ့ကြပါတယ်။
၄၀ ဒီဂရီစင်တီဂရိတ် (၁၀၄ ဖာရင်ဟိုက်) နီးပါးရှိတဲ့ အပူချိန်ကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အရပ်ဘက်ဝန်ထမ်း ကဏ္ဍအများအပြားက အလုပ်သမားတွေကို အဲယားကွန်း အပူချိန်ကို ၂၆-၂၇ ဒီဂရီစင်တီဂရိတ်လောက်အထိ လျှော့ချဖို့ အားပေးခဲ့ပြီး ဝတ်စုံနဲ့ လည်စည်းတွေ ဝတ်ဆင်လေ့ရှိသူ တွေကိုလည်း ချွတ်ခွင့်ပြုထားပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာတော့ အစိုးရအနေနဲ့ လျှပ်စစ်နဲ့ လောင်စာဆီတွေကို ချွေတာဖို့ ကြိုးစားနေချိန်မှာ တက္ကသိုလ်တွေကို မတ် ၉ ရက်မှာ ပိတ်ထားပါတယ်။ ဒါကာတက္ကသိုလ်ရဲ့ တံခါးတွေကို ပိတ်ထားပြီး ကျောင်းကားတွေကိုလည်း ရပ်ဆိုင်းထားတာပါ။
အာဏာပိုင်တွေက အကျပ်အတည်းရဲ့ စီးပွားရေးနဲ့ စားသုံးသူတွေရဲ့ သက်ရောက်မှုကို လျှော့ချဖို့ လုပ်ဆောင်ခဲ့ပါတယ်။
ရေနံဈေးနှုန်းတွေ ၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ရေနံထုတ်လုပ်တဲ့ OPEC အဖွဲ့ဝင် ကူဝိတ်နဲ့ အီရတ် တို့က သီတင်းပတ်ကုန်မှာ ထုတ်လုပ်မှု လျှော့ချခဲ့ပါတယ်။ အဲဒီနောက် ဘရန့်ရေနံစိမ်းဟာ တရက် တာ စံချိန်တင် မြင့်တက်ခဲ့ပြီး အရေးပါတဲ့ ရေနံတင်သင်္ဘောတွေ သွားလာရာ ဟော်မုဇ် ရေလက် ကြားဟာ သွားလာရ ခက်ခဲနေဆဲပါ။
အီရန်ပဋိပက္ခကြောင့် ရေနံဈေးနှုန်းတွေ မြင့်တက်လာမှာကို စိုးရိမ်လို့ မတ် ၁၀ ရက်မှာ တောင်ကိုရီးယားနိုင်ငံသားတွေက ကားတွေကို ဆီဖြည့်ဖို့ ဓာတ်ဆီဆိုင်တွေမှာ တန်းစီ စောင့်ဆိုင်း နေခဲ့ပါတယ်။
ဆိုးလ်မြို့က ယာဉ်မောင်းတွေက ဈေးနှုန်းတွေ ဆက်တက်မလာမီ ကားတွေကို ဆီဖြည့်ဖို့ ကြိုးစား ခဲ့ကြတာပါ။
ပါကစ္စတန်နိုင်ငံမှာလည်း နေရောင်ခြည်၊ လေစွမ်းအင်၊ နျူကလီးယားဓာတ်ပေါင်းဖိုတွေ၊ ကျောက်မီးသွေးနဲ့ ရေအားလျှပ်စစ် အပါအဝင် ပြည်တွင်းလျှပ်စစ်ဓာတ်အားအပေါ် ပါကစ္စတန်ရဲ့ တိုးပွားလာတဲ့ မှီခိုမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ဓာတ်ငွေ့ရည် ပြတ်လပ်မှုတွေအတွက် အားနည်းချက် ကို လျှော့ချပေးခဲ့တယ်လို့ လျှပ်စစ်ဝန်ကြီး အာဝါစ် လီဂါရီက မတ် ၁၂ ရက်မှာ ရိုက်တာသတင်းဌာန ကို ပြောပါတယ်။
“ကျနော်တို့က နောက် ၆ နှစ် ကနေ ၈ နှစ်အတွင်း စွမ်းအင်အရင်းအမြစ်တွေကို ၉၀ ရာခိုင်နှုန်း လောက်အထိ တိုးမြှင့်ဖို့ စီစဉ်ထားပါတယ်။ ရေအားလျှပ်စစ်၊ မြစ်ရေစီးဆင်းမှုနဲ့ တခြားစီမံကိန်းတွေ အများကြီး စတင်နေပါပြီ။”
ပါကစ္စတန်ရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုရဲ့ ၇၄ ရာခိုင်နှုန်းလောက်ဟာ ဒေသတွင်းရင်းမြစ်တွေ ကနေ ရနေပြီး အစိုးရအနေနဲ့ ၂၀၃၄ ခုနှစ်မှာ ၉၆ ရာခိုင်နှုန်းအထက် တိုးမြှင့်ဖို့ ရည်ရွယ်ထားတယ်လို့ သူက ထပ်ပြောခဲ့ပါတယ်။
အမေရိကန်-အစ္စရေး အီရန်နဲ့ စစ်ပွဲရဲ့ သက်ရောက်မှု ပိုမိုကျယ်ပြန့်လာတာနဲ့အမျှ မတ် ၁၂ ရက်က နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့ခံတွေဟာ ဂိုဒေါင်တခုမှာ (LPG) ဓာတ်ငွေ့ရည်အိုးအလွတ်တွေနဲ့ တန်းစီ စောင့်ဆိုင်း နေကြပါတယ်။
နီပေါနိုင်ငံပိုင် ရေနံကုမ္ပဏီ Nepal Oil Company က စတိုးဆိုင်တွေကို ချွေတာဖို့ တဝက် ဖြည့်ထားတဲ့ ဆလင်ဒါတွေကို စားသုံးသူတွေဆီ ရောင်းချဖို့ စက်ရုံတွေကို ညွှန်ကြားခဲ့တယ်လို့ နီပေါ မီဒီယာတွေက ဖော်ပြပါတယ်။
အိန္ဒိယမှာလည်း ဓာတ်ငွေ့ရည် (LPG) ပြတ်လပ်မှုကြောင့် ပြည်သူတွေ ဆန္ဒပြခဲ့ကြပြီး ဓာတ်ငွေ့ရည် အိုးတလုံးကို ရူပီး ၅၀၀၀ ကျော်အထိ မြင့်တက်လာတဲ့ မှောင်ခိုဈေးကွက်မှာတောင် ဓာတ်ငွေ့အိုးတွေ ကို ရဖို့ ရုန်းကန်နေရပါတယ်။
စားသောက်ဆိုင်တွေမှာလည်း LPG ပြတ်လပ်နေလို့ ထင်းနဲ့ချက်ဖို့နဲ့ အစားအသောက် စာရင်းကို လျှော့ချဖို့ ဖိအားပေးခံရပြီးတဲ့နောက် လုပ်ငန်းလည်ပတ်မှု ၇၀ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ စားသောက်ဆိုင်ဝန်ထမ်း တယောက်က ပြောပါတယ်။
အိန္ဒိယအနောက်ပိုင်းက အထည်အလိပ်စက်ရုံတွေဟာ မတ် ၂၂ ရက်မှာ ကာဗွန်ထုတ်လွှတ်မှု မြင့်မားတဲ့ လောင်စာတွေကို သုံးခဲ့ကြပါတယ်။
အဓိက အထည်အလိပ်စက်ရုံတွေရဲ့ အဓိကဟိုချက်နေရာတခုဖြစ်တဲ့ ဆူရတ်မြို့မှာ ပိုင်ရှင်တွေက ဘွိုင်လာတွေကို လည်စေဖို့ ထင်းကိုအစားထိုးသုံးခဲ့ရပါတယ်။
ဓာတ်ငွေ့ကိုမှီခိုနေရတဲ့ အပိုင်းအများစုမှာ ထုတ်လုပ်မှု ခဏရပ်ဆိုင်းထားခဲ့ရပါတယ်။
အကျပ်အတည်းကို လျှော့ချဖို့ အိန္ဒိယ ဖက်ဒရယ်အစိုးရက အရေးပေါ်အာဏာတွေကို အသုံးချခဲ့ပြီး ရေနံချက်စက်ရုံတွေကို LPGသုံးနေတဲ့ အိမ်ထောင်စု ၃၃၃ သန်းရဲ့ လိုအပ်ချက် တွေကို ဦးစားပေးဖို့၊ စက်မှုလုပ်ငန်းထောက်ပံ့မှုကို ကန့်သတ်ထားချိန်မှာ ပြည်တွင်း LPG ထုတ်လုပ်မှုကို မြှင့်တင်ဖို့ ညွှန်ကြားခဲ့ပါတယ်။
Source: Reuters










