
တောင်အာဖရိကနိုင်ငံ နော့သ်ဝက်စ်ပြည်နယ်မှာ သြဂုတ် ၁၀ ရက် ညက မိုင်းတွင်း စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် တရားမဝင် မိုင်းလုပ်သား ၁၄ ယောက်ထက်မနည်း သေဆုံးပြီး ၈ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ပုဂ္ဂလိကကုမ္ပဏီပိုင် စွန့်ပစ်မြေစာပုံမှာ မိုင်းလုပ်သားတွေက ပလက်တီနမ်အုပ်စုဝင် သတ္တုတွေကို တူးဖော်နေတုန်း မြေစာပုံပြိုကျမှု ဖြစ်ပွားခဲ့တာပါ။
ဒီအခြေအနေဖြစ်ပွားချိန်မှာ သူတို့ဟာ စည်းကမ်းမဲ့ ကျူးကျော်ဝင်ရောက်ပြီး တရားမဝင် တူးဖော် နေတာဖြစ်ပြီး ပြစ်မှုကျူးလွန်နေတာလို့ နော့သ်ဝက်စ်ပြည်နယ် ရဲကော်မရှင်နာ အာသာပီတာ အဒမ်စ်က ပြောပါတယ်။
ဒဏ်ရာရ မိုင်းလုပ်သားတွေဟာ အာဖရိကတောင်ပိုင်း လီဆိုသိုနိုင်ငံသားတွေဖြစ်ပြီး သေဆုံးသွားသူ တွေရဲ့ နိုင်ငံသားကတော့ အတည်မပြုရသေးပါဘူး။
တရားမဝင် သတ္တုတူးဖော်မှုဟာ တာဝန်မဲ့ ခိုးယူတူးဖော်မှုတွေနဲ့ ဒုစရိုက်ကွန်ရက်တွေကြောင့် တောင်အာဖရိကကို ဆယ်စုနှစ်ပေါင်းများစွာ ဒုက္ခပေးနေခဲ့တာပါ။
ပုံမှန်အားဖြင့် တရားဝင် အထောက်အထားမရှိတဲ့ သတ္တုတူးဖော်သူတွေဟာ စီးပွားဖြစ် ကုမ္ပဏီတွေ စွန့်ပစ်သွားခဲ့တဲ့ မိုင်းတွင်းတွေထဲ ဝင်ရောက်ပြီး ကျန်ရှိနေသမျှ သတ္တုတွေကို လိုက်ရှာတူးဖော် ကြတာ ဖြစ်ပါတယ်။
တချို့ဆိုရင် အကြမ်းဖက် ရာဇ၀တ်ဂိုဏ်းတွေရဲ့ ထိန်းချုပ်မှုအောက်မှာ လုပ်ကိုင်ကြရတာပါ။
တရားမဝင် သတ္တုတူးဖော်မှုကြောင့် အစိုးရနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းခွင်တွေဟာ အခွန်နဲ့ မူပိုင်ခွင့်ကြေးအပါအဝင် အမေရိကန်ဒေါ်လာ သန်းပေါင်း ရာနဲ့ချီ နှစ်စဉ် ဆုံးရှုံးနေရတာ ဖြစ်ပါတယ်။
Source: Reuters











