
၈ လကျော်ကြာတဲ့အထိ ဖလူး၊ မင်းလက်ပံကျေးရွာကို ထိုးဖောက်ဖို့ ကြိုးစားနေတဲ့ စစ်တပ် စစ်ကြောင်းတွေကို အင်အားဖြည့်တင်းဖို့ ရောက်ရှိနေတဲ့ တပ်ဖွဲ့ဝင်တွေ စစ်ယာဉ်တန်း အစီး ၄၀ ကျော်နဲ့အတူ ဘားအံမြို့ကို ပြန်လည်ထွက်ခွာသွားတယ်လို့ ကရင်စစ်ရေးလေ့လာသူတွေနဲ့ မြဝတီမြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၅ ရက်ကစပြီး ၈ လကျော်ကြာ စစ်အာဏာရှင် စစ်ကြောင်းတွေဟာ ဝေဟင်နဲ့ မြေပြင် ပစ်ကူရယူပြီး တပ်မ ၂၂၊ တပ်မ ၄၄၊ တပ်မ ၅၅ က စစ်မှုထမ်းတပ်သားသစ်တွေကို အင်အားဖြည့်ပြီး ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဝေါလေလမ်းပိုင်းနဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့နဲ့ ဝေါလေဗျူဟာမကျရေး ထိုးစစ်ဆင်နေတာပါ။
ဒါ့အပြင် စစ်တပ်ဘက်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ဗိုလ်ဘိအဖွဲ့၊ နယ်ခြားစောင့်တပ် (BGF) အကူအညီနဲ့ ထိုးစစ်ဆင်နေတာပါ။
ဒါပေမဲ့ ဇူလိုင် ၂၁ ရက်က ခလရ ၂၇၅ တပ်ရင်းကတဆင့် အင်အားဖြည့်တင်းဖို့ ရောက်ရှိနေတဲ့ တပ်ဖွဲ့ဝင်တွေဟာ လက်နက်ခဲယမ်း၊ လောင်စာဆီတင်ထားတဲ့ စစ်ယာဉ်တန်း အစီး ၄၀ ကျော်နဲ့ ဘားအံမြို့ဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။
ကရင်စစ်ရေးလေ့လာသူတယောက်က “မနက်ပိုင်း ၈ နာရီခွဲကနေစပြီး အခု ၂ နာရီလောက်အချိန်ထိ မြဝတီဘက်ကနေ စစ်ကားကြီးငယ် ပြန်ဆင်းလာတာ အစီး ၄၀ ကျော်လောက် ရှိတယ်။ စစ်သားတွေလည်း ပါတယ်။ ပြီးတော့ ဆီတိုင်ကီ(ပေပါ)ပါတယ်။ ဘားအံဘက်ကိုလည်း ပြန်ဆင်းသွားတာ တွေ့မြင်နေရတယ်။ မြေပြင်မှာ ဒီအနေအထားကို ကြည့်မယ်ဆိုရင်တော့ မြဝတီတောင်ပိုင်း စစ်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ စကမ ဘက်က လက်လျှော့လိုက်ပြီလား။ လက်လျှော့လိုက်ပြီးမှ လေယာဉ်နဲ့ပဲ ကူတော့မယ်။ လေယာဉ်နဲ့ပဲ ပစ်တော့မယ်။ လေကြောင်းကနေ ကူလို့မရဘူး ဆိုလို့ရှိရင်လည်း ဝေါလေဗျူဟာ ကျချင်ကျပစေဆိုပြီး ပုံစံမျိုးလား ဆိုတာကတော့ ကျနော်တို့ လက်ရှိ ဒီနေ့မှာဆိုရင် မျက်မြင်ကိုယ်တွေ့ တွေ့နေရတယ်” လို့ ပြောပါတယ်။
ဖလူး၊ မင်းလက်ပံကျေးရွာကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ပြီး စစ်တပ်စစ်ကြောင်းတွေ အထိနာ တပ်လန်ကာ အကြိမ်ကြိမ် တပ်ဆုတ်ခဲ့ရပါတယ်။ ဒါကြောင့် စစ်တပ်ဘက်က ဝေဟင်၊ မြေပြင် ပစ်ကူအလွန်အကျွံသုံးပြီး ထိုးစစ်ဆင်နေရပါတယ်။
လက်ရှိမှာ စစ်တပ်ဘက်က အင်အားဖြည့်တင်းဖို့ ရောက်ရှိနေတဲ့ တပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာသွားတာဟာ ဖလူး မင်းလက်ပံထက် အရေးကြီးတဲ့နေရာ မဆုံးရှုံးဖို့ အင်အားတွေ ပြန်ဆုတ်တာ ဖြစ်နိုင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတယောက်က “၂၁ ရက်နေ့ မနက်တုန်းက ကားတွေက ခလရ ၂၇၅ ထဲကနေ ထွက်သွားတာ တွေ့တယ်။ ထွက်သွားတာကတော့ ဘာတွေသယ်သွား ဘာတွေပါသွားတယ်တော့ အမိုးတွေပိတ်ပြီး ထွက်သွားတယ်။ လမ်းမှာ ဖြတ်သွားတာ။ သူတို့တွေက အရှိန်လည်းပြင်းတယ် မောင်းတာလေ။ အရှိန်လည်း ပြင်းတော့ ဝန်(အလေး)တွေ ပါပုံမရဘူး။ လက်ရှိ ကျနော်မြင်တာက ဒီ ဖလူး မင်းလက်ပံထက်ကို အရေးကြီးတဲ့နေရာ ပုံအောပြီးတိုက်ရမဲ့နေရာတခု ပေါ်သွားလို့ ဖြစ်နိုင်တယ်။ ဖလူး မင်းလက်ပံ ဆိုတာက သူတို့သွားပြီးတော့ ခြေကုပ်ရယူဖို့ သွားပြန်ကြိုးစားပြီး ပြန်သိမ်းတာ။ ခြေကုပ်ရယူဖို့ သွားသိမ်းတာထက်ကို လက်ရှိ ရှိနေတဲ့နေရာ မဆုံးရှုံးဖို့ကို ပြန်ဆုတ်ပြီး ပြန်ကာကွယ်ရမဲ့ အနေအထားရယူဖို့ အင်အားတွေ ပြန်ဆုတ်မှာပဲ။ ဦးစားပေးသွားရတဲ့ အနေအထားမျိုးတခု သုံးသပ်လို့ရတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယပတ်က ၈ လကျော်ကြာတဲ့အထိ ထိုးဖောက်လို့မရတဲ့ မြဝတီတောင်ဘက် လေးကေ့ကော်မြို့သစ်နီးက ရဲကုန်းစခန်းကို စစ်တပ်ဘက်က ဝေဟင်၊ မြေပြင် ပစ်ကူ အလွန်အကျွံ သုံးပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေ ယာယီ ခွာစစ်ဆင်ပေးခဲ့ရပါတယ်။
ဒါပေမဲ့ ရဲကုန်းစခန်းကို အင်အားဖြည့်တင်းဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို KNLA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကြောင်းမှူး အပါအဝင် အယောက် ၂၀ ထက်မနည်း သေဆုံးပြီး ၄ ယောက် အရှင်ဖမ်းဆီးခံခဲ့ရပါတယ်။
အောင်ခန့်











