
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကြေညာထားတဲ့ စွမ်းအင်ကဏ္ဍ အပစ်ရပ်မှုကို စွန့်လွှတ်လိုက်ပြီ လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက ကြေညာခဲ့ပြီး ရုရှားရေနံချက်စက်ရုံ တရုံကို ယူကရိန်း က အောက်တိုဘာ ၁၅ ရက်မှာ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်ခံရတဲ့ ရေနံချက်စက်ရုံဟာ မော်စကိုမြို့ အရှေ့တောင်ဘက် ရိုင်ယာဇန်ဒေသမှာရှိတဲ့ ရုရှား နိုင်ငံပိုင် Rosneft ကုမ္ပဏီရဲ့ စက်ရုံဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသအုပ်ချုပ်ရေးမှူး က ပြောပါတယ်။
ထရမ့်ပ်က ရုရှားနဲ့ ယူကရိန်းတို့ စွမ်းအင်အဆောက်အအုံတွေကို အပြန်အလှန် မတိုက်ခိုက်ဖို့ သဘောတူခဲ့တယ်လို့ အောက်တိုဘာ ၁၁ ရက်မှာ ကြေညာခဲ့တာပါ။
အဲဒီနောက် ယူကရိန်းက ရုရှားရေနံချက်စက်ရုံတွေကို တိုက်ခိုက်တာ ခေတ္တရပ်ဆိုင်းခဲ့ပေမဲ့ ရုရှား ကတော့ ယူကရိန်းရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေအပါအဝင် စွမ်းအင်အဆောက်အအုံ တွေကို ဒုံးကျည်၊ ဒရုန်းတွေနဲ့ ဆက်လက်တိုက်ခိုက်ခဲ့ပါတယ်။
Financial Times သတင်းစာနဲ့ အင်တာဗျူးမှာ ဇလန်းစကီးက “ရေနံချက်စက်ရုံတွေကို မတိုက်ခိုက်ဖို့ ကန့်သတ်ချက် မရှိတော့ပါဘူး။ ကျနော်တို့ ဒီအစီအစဉ်ကို အဆုံးသတ်လိုက်ပါပြီ” လို့ ပြောပါတယ်။
ဇလန်းစကီးက ရုရှားနဲ့ သဘောတူညီချက်တွေ ရယူဖို့ ထရမ့်ပ်ရဲ့ ဆန္ဒရှိနေမှုနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်အပေါ် ထရမ့်ပ်ရဲ့ သဘောထားကိုလည်း ဝေဖန်ခဲ့ပါတယ်။
ဒါ့အပြင် ယူကရိန်းဒရုန်းတွေအတွက် အသုံးပြုနေတဲ့ Starlink ရဲ့ စစ်ဘက်သုံး Starshield စနစ်ကို ကန့်သတ်တာဟာ နည်းပညာချို့ယွင်းမှု မဟုတ်ဘဲ မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်ကြောင့် ဖြစ်တယ်လို့ ဇလန်းစကီးက စွပ်စွဲခဲ့ပါတယ်။
SpaceX အကြီးအကဲ အီလွန်မတ်စ်ခ်ကလည်း Starshield စနစ်တွေကို အမေရိကန်အစိုးရက ပိုင်ဆိုင် ထိန်းချုပ်ထားပြီး အသုံးပြုမှုကန့်သတ်ချက်တွေကို အမေရိကန်စစ်တပ်နဲ့ နောက်ဆုံးမှာ သမ္မတက ဆုံးဖြတ်တာလို့ ပြောပါတယ်။
ရုရှားသမ္မတ ပူတင်ကတော့ ယူကရိန်းရဲ့ ရေနံချက်စက်ရုံ တိုက်ခိုက်မှုတွေကြောင့် ထူးထူးခြားခြား ထိခိုက်မှုမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
ရုရှားအစိုးရကလည်း ဒီတိုက်ခိုက်မှုတွေဟာ အမေရိကန်ရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုနဲ့ ဆန့်ကျင် နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။
Source: Reuters











