
ရုရှားကုန်းမကြီးနဲ့ သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ချိတ်ဆက်ထားတဲ့ အရေးပါတဲ့ တံတားတစင်းကို ယူကရိန်းက နိုဝင်ဘာ ၁၇ ရက်မှာ တိုက်ခိုက်ခဲ့တာကြောင့် တံတားရဲ့ အစိတ်အပိုင်း တခု ပင်လယ်ထဲ ပြိုကျသွားပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဒီတိုက်ခိုက်မှုဟာ သီတင်းပတ်အတော်ကြာ ပြင်ဆင်ခဲ့တဲ့ “မကြုံစဘူး စစ်ဆင်ရေး” ဖြစ်တယ်လို့ ပြောပါတယ်။
စစ်ဆင်ရေးကို အဆင့် ၇ ဆင့်နဲ့ ဆောင်ရွက်ခဲ့ပြီး ရုရှားရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ ရေဒါတွေနဲ့ အီလက်ထရွန်နစ် စစ်ဆင်ရေးသုံး ပစ္စည်းတွေကို ကြိုတင်ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ဆုံးတိုက်ခိုက်မှုမှာ ယူကရိန်းထုတ် ဖလာမင်ဂိုနဲ့ နက်ပ်ကျွန်း ခရုဇ်ဒုံးကျည်တွေအပြင် ဒရုန်းအမျိုးမျိုးကိုလည်း အသုံးပြုခဲ့ပါတယ်။
တိုက်ခိုက်မှုကြောင့် ကားလမ်းတံတားရဲ့ အစိတ်အပိုင်းတခု ပြိုကျပြီး ယာဉ်တွေ ဖြတ်သန်းလို့ မရတော့ပေမဲ့ ထိခိုက်ပျက်စီးခဲ့တဲ့ ရထားလမ်းပိုင်းမှာတော့ ရထားပြေးဆွဲမှုတချို့ ပြန်လည် စတင်ခဲ့တယ်လို့ ရုရှားဘက်က ပြောပါတယ်။
ရုရှားအစိုးရကတော့ ပျက်စီးသွားတဲ့တံတားကို “အရင်ကထက် ပိုကောင်းအောင် ပြန်တည်ဆောက် မယ်” လို့ ပြောပါတယ်။
ဒီတံတားဟာ ရုရှားတပ်ဖွဲ့တွေအတွက် စစ်သားတွေ၊ လက်နက်တွေနဲ့ စစ်ရေးထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်ရာမှာ အရေးပါတဲ့ လမ်းကြောင်းတခု ဖြစ်ပါတယ်။
ခရိုင်းမီးယားကို ၂၀၁၄ ခုနှစ်မှာ ရုရှားက သိမ်းပိုက်ပြီးနောက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ အကုန်အကျခံ တည်ဆောက်ခဲ့တဲ့ ဒီတံတားကို ၂၀၁၈ ခုနှစ်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင် ကိုယ်တိုင် ဖွင့်လှစ်ခဲ့ပါတယ်။
အခုတိုက်ခိုက်မှုဟာ နိုဝင်ဘာ ၁၉ ရက် တရုတ်နိုင်ငံ၊ ရှန်းကျန့်မြို့မှာ ပူတင်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ သုံးပွင့်ဆိုင်တွေ့ဆုံဖို့ စီစဉ်ထားချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
တဖက်မှာလည်း ရုရှားက ယူကရိန်းမြို့တော် ကိယက်ဗ်ရဲ့ အဓိကတံတားတွေကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လမ်းပန်းဆက်သွယ်ရေးနဲ့ ရေ၊ အပူပေးစနစ်တွေ ထိခိုက်ခဲ့ပါတယ်။
Source: Reuters











