အမေရိကန်နိုင်ငံ၊ နယူးယောက်စီးတီး၊ ဘရွတ်ကလင်းမြို့မှာ ဧပြီ ၁ ရက်က လမ်းပေါ်မှာ ဖြစ်ပွားတဲ့ ပစ်ခတ်မှုတခုကြောင့် ကလေးတွန်းလှည်းထဲက အသက် ၇ လအရွယ် သမီးငယ်လေးတယောက် သေနတ်ကျည်ထိမှန် သေဆုံးခဲ့ပြီး ဒါဟာ ဂိုဏ်းစတားအချင်းချင်း ပစ်ခတ်မှုကြောင့် ဖြစ်နိုင်တယ်လို့ မြို့တော် တာဝန်ရှိသူတွေက ပြောပါတယ်။
မွန်းလွဲပိုင်းလောက်က အဲဒီနေရာမှာ လူကြီးတွေ၊ ကလေးတွေနဲ့ ကလေးတွန်းလှည်း ၂ စီး ရှိနေခဲ့ပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ချိန်မှာ ကလေးရဲ့ မိဘ ၂ ပါးဟာ အနီးအနားက ကုန်စုံဆိုင်ထဲကို အပြေးအလွှား ဝင်ပုန်းခဲ့ကြပြီးတော့ ကလေးတွန်းလှည်းထဲကို ပြန်ငုံ့ကြည့်လိုက်တဲ့အခါမှာတော့ ကလေးလေးဟာ သွေးတွေနဲ့ ရွှဲနစ်နေတာကို တွေ့လိုက်ရတယ်လို့ သတင်းဌာနတခုက ဖော်ပြပါတယ်။
ပစ်ခတ်မှု သံသယရှိသူတယောက်ကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်ဆောင်နေတယ်လို့ ရဲအရာရှိ ဂျက်စီကာ တစ်ရှ်က ပြောပါတယ်။
ကလေးငယ်ကို ဝုဒ်ဟူးလ်ဆေးရုံကို ပို့ဆောင်ခဲ့ပေမဲ့ သေဆုံးသွားပြီဖြစ်ကြောင်း ဆေးရုံက အတည်ပြုခဲ့ပါတယ်။
နယူးယောက်မြို့တော်ဝန် ဇိုရန် မမ်ဒါနီက “ဘဝလေးတခု စတင်ခါစမှာပဲ ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့ရပြီ” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဇိုရန်မမ်ဒါနီက “ဒီနေ့ဟာ ဒီ မြို့တော်တဝန်းမှာ သေနတ်အကြမ်းဖက်မှုကို တိုက်ဖျက်ဖို့ ဘယ်လောက်တောင် လုပ်ဆောင်စရာတွေ ရှိနေသေးလဲ ဆိုတာကို ထိတ်လန့်ဖွယ် သတိပေးတဲ့နေ့ပါပဲ” လို့လည်း ပြောဆိုပါတယ်။
အခင်းဖြစ်ပွားရာက ဗီဒီယိုမှတ်တမ်းတွေအရ လူ ၂ ယောက်စီးလာတဲ့ မော်တော်ဆိုင်ကယ်တစီးဟာ လမ်းပြောင်းပြန် မောင်းလာပြီး အဲဒီထဲက တယောက်က သေနတ်ထုတ်ကာ အနည်းဆုံး ၂ ချက် ပစ်ခတ်ခဲ့တာကို တွေ့ရပါတယ်။
အဲဒီနောက် သူတို့ဟာ ဆိုင်ကယ်နဲ့ မောင်းပြေးသွားပြီး ကားတစီးကိုလည်း ဝင်တိုက်မိခဲ့တယ်လို့ ရဲမင်းကြီးက ပြောပါတယ်။
အဲဒီလူ ၂ ယောက်ထဲက ဝတ်စားဆင်ယင်ပုံနဲ့ ရုပ်ရည်ချင်းတူတဲ့ သံသယရှိသူတယောက်ကို ဖမ်းဆီးထားပြီး ကျန်တဲ့တယောက်ကိုတော့ ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။
အမေရိကန်မှာ သေနတ်ကိုင်အကြမ်းဖက်မှုတွေဟာ အဖြစ်များပေမဲ့ နယူးယောက်ရဲတပ်ဖွဲ့ရဲ့ ဇန်နဝါရီလ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်ဟာ မြို့သမိုင်းတလျှောက် သေနတ်မှု အနည်းဆုံးနှစ် ဖြစ်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ်မှာ ပစ်ခတ်မှု ၆၈၈ ကြိမ်ရှိခဲ့ပြီး ဒါဟာ ၂၀၂၄ ခုနှစ်ထက် ၂၄ ရာခိုင်နှုန်း လျော့ကျသွားတာ ဖြစ်ပါတယ်။
Source: Reuters








