DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီ ရှားပါးမှုကြောင့် မွန်ပြည်နယ်၌ ကုန်ဈေးနှုန်း ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်
DVB
·
April 8, 2026
Photo: DVB
Photo: DVB
Donate to DVB

စက်သုံးဆီရှားပါးတာ၊ ကုန်ပစ္စည်း သယ်ယူစရိတ် မြင့်တက်တာတွေနဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ပိတ်ဆို့ခံထားရတဲ့ မွန်ပြည်နယ်မှာ ကုန်ဈေးနှုန်း ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်သုံးဆီဂယက် နောက်ဆက်တွဲကို နိုင်ငံတဝန်း ထိခိုက်ခံစားနေရပြီး နောက်ဆက်တွဲ ကုန်ဈေးနှုန်း ကြီးမြင့်မှုဟာလည်း တရိပ်ရိပ်ကနေ အဆမတန် မြင့်တက်လာပါတယ်။

မွန်ပြည်နယ်ဟာ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ ရှိတဲ့အတွက်  ထိုင်းကုန်စည်တွေကို မှောင်ခိုလမ်းကြောင်းကနေတဆင့် မွန်ပြည်နယ်ကနေ တခြားဒေသသတွေကို သယ်ဆောင်ကြရတာပါ။

အခုလို စက်သုံးဆီဈေးတွေ မြင့်တက်နေချိန်မှာ မှောင်ခိုလမ်းကြောင်းက သယ်ရတဲ့ ထိုင်းကုန်ပစ္စည်းတွေရဲ့ သယ်ယူစရိတ်တွေလည်း ပိုများလာတာကြောင့် ကုန်ဈေးနှုန်းတွေ ပိုတက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်သုံးဆီရှားပါးပြီး တလကျော်အတွင်း မွန်ပြည်နယ်မှာ ကုန်ဈေးနှုန်းတွေ ၅၀ ရာခိုင်နှုန်းကျော် တက်လာတဲ့အကြောင်း ကျိုက်ထိုမြို့နယ်က အိမ်ရှင်မတယောက်က ပြောပါတယ်။

“စားအုန်းဆီတောင် တသိန်းခြောက်သောင်းခွဲ ဖြစ်သွားပြီ။ တရားဝင်လမ်းကြောင်းက ဘာမှ ပေးမဝင်ဘူး၊ အဲဒါကြောင့် ကုန်ဈေးနှုန်းတွေ တက်နေတာ။ ဝယ်ရတာတော့ လွယ်တယ်၊ ဈေးတွေက အများကြီးတက်သွားတာပေါ့။ အဲဒီ တသိန်းခြောက်သောင်းခွဲ ဝယ်ဖို့ ဘာညာ ဖြစ်သွားပြီ။ ဆီမရှားခင်တုန်းက ငါဝယ်တာ တသိန်းနှစ်သောင်းခွန်နှစ်ထောင်လောက်ပဲ ရှိတာ။ အခုက တသိန်းခြောက်သောင်း။ ကန်ဆီတောင်မှ တသိန်းငါးသောင်း၊ တသိန်းငါးသောင်းခွဲ ဖြစ်သွားပြီ။ ဝယ်ရတာတော့ လွယ်ပါတယ်၊ ဈေးတွေ များသွားတာပေါ့။ ဆပ်ပြာမှုန့်က အရင် မရှားခင်က ဆိုလို့ရှိရင် ၁၀ သားတထုပ်ကို ၁,၀၀၀ ပေါ့၊ အခု ၁,၃၅၀၊ တချို့မုန့်လည်း အဲလိုပဲ၊ ဟိုအရင်ကဆို ၆,၂၀၀ တို့ ဘာတို့ပဲ ရှိခဲ့တာ၊ အခု ၁၃,၅၀၀၊ ၁၄,၀၀၀ ဖြစ်သွားပြီ။”

စက်သုံးဆီရှားပါးပြီး ဈေးမြင့်တက်နေတာနဲ့အတူ မြို့တမြို့နဲ့တမြို့ ပို့ဆောင်တဲ့ ပစ္စည်းတွေရဲ့ သယ်ယူစရိတ်ဟာလည်း ကြီးမြင့်နေပါတယ်။

မော်လမြိုင်မြို့ရဲ့ စက်သုံးဆီ ရည်ညွှန်းဈေးကတော့ ဓာတ်ဆီ 95 တလီတာကို ငွေကျပ် ၅,၃၃၅ ကျပ် သတ်မှတ်ထားပေမဲ့ ဆီဆိုင်တွေမှာတော့ အဲဒီပမာဏထက် ကျပ် ၂,၀၀၀ ဝန်းကျင် ပိုများပါတယ်။

ဆီဆိုင်တွေမှာ တန်းစီပြီး မဝယ်နိုင်ဘဲ ပြင်ပမှောင်ခိုဈေးကွက်မှာ ဝယ်ယူရာ ဓာတ်ဆီ 95 တလီတာကို ငွေကျပ် ၁၇,၅၀၀ အထိ ပေါက်ဈေးရှိနေတယ်လို့ ဝယ်ယူသုံးစွဲနေရတဲ့ ဒေသခံတွေက ပြောပါတယ်။

အရင်က မော်လမြိုင်မြို့နဲ့ ဘီးလင်းမြို့ကို ပစ္စည်းသယ်ယူခ ၅,၀၀၀ လောက်သာ ပေးရတဲ့ ကုန်ပမာဏကို လက်ရှိမှာ ကျပ် ၃၀,၀၀၀ လောက်အထိ ပေးနေရတယ်လို့ ဈေးရောင်းချနေသူတွေက ပြောပါတယ်။

ဒါကြောင့် ပြန်လည်ရောင်းချနေရသူတွေကတော့ အမြတ်မကျန်ဘဲ ဈေးရောင်းရတိုင်း အရှုံးပေါ်နေတယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က အွန်လိုင်းဈေးရောင်းသူတွေ အနေနဲ့လည်း ရောင်းပြီးသား ကုန်ပစ္စည်းတွေကို ပို့ဆောင်ရာမှာ ထိုင်းစာ၊ ဗီယက်နမ်စာပါတဲ့ ကုန်တွေကို ကားဂိတ်တွေက လက်မခံတာနဲ့ Deli Service တွေက လက်မခံတာကြောင့် ပို့ဆောင်လို့မရတဲ့ အခြေအနေတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

ရန်ကုန်ဘက်က ကုန်ပစ္စည်းတွေကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်ဘက်ကို သယ်ယူရာမှာလည်း သယ်ယူစရိတ် အဆမတန် ကြီးမြင့်နေတယ်လို့ မော်လမြိုင်မြို့က အွန်လိုင်း ဈေးရောင်းသူတယောက်က ပြောပါတယ်။

“ယိုးဒယားပစ္စည်းတွေ ဒီဘက်ကနေပြီးတော့ ကန့်သတ်လိုက်တော့ ပိုဆိုးတယ်။ ယိုးဒယားပစ္စည်းတွေ တင်လို့မရဘူး။ အောက်လမ်းကနေ သယ်ကြရတဲ့ဟာကို ဒီရောက်တော့ ဂိတ်တွေက အဆင့်ဆင့် ဖြတ်ရတယ်။ သူတို့ ဝှက်ပြီးသယ်ရတော့ အဲဒီမှာလည်း ကုန်ဈေးနှုန်းတွေက တက်တယ်။ သူတို့ ဂိတ်ကြေးတွေ ဘာတွေ ပေးရတာနဲ့လည်း အဲဒီအတွက်ကို ဒီကုန်ပစ္စည်းတွေမှာ ဈေးတက်တာပေါ့။ အခုဆိုရင် ဆီရှားတော့ ကုန်ဈေးနှုန်းတွေ ဆိုလို့ရှိရင်လည်း ဟိုအရင်ကလိုမျိုး နည်းနည်း နည်းနည်းစီ တက်တာတောင် မဟုတ်တော့ဘူး။ ကုန်ဈေးနှုန်းဆိုရင် ပစ္စည်းတခုကို အဲလို ၂,၀၀၀၊ ၃,၀၀၀ အဲဒီလိုမျိုးတွေ တက်တာ။ အခုဆိုရင် အဲဒီ ဖာသေးသေးလေးတဖာက ၅,၀၀၀ လောက် ကျတယ်ဆို အခုဆို ၃၀,၀၀၀၊ ၄၀,၀၀၀ အဲလိုယူကြတာပေါ့။”

ဖေဖော်ဝါရီ ၂၈ ရက်ကစလို့ အစ္စရေး-အီရန်၊ အမေရိကန်တို့ရဲ့ စစ်ရေးပဋိပက္ခကြောင့် မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံတွေဆီ ရေနံနဲ့ ဓာတ်ငွေ့ တင်ပို့တဲ့ အဓိကလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ် ရေလက်ကြားကို အီရန်က ပိတ်ဆို့လိုက်တာနဲ့  စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု အလွဲတွေကြောင့် မြန်မာနိုင်ငံမှာ စက်သုံးဆီကို ဝယ်ယူရခက်ခဲပြီး မှောင်ခိုဈေးကွက် ကြီးထွားလာနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013