DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် လူဦးရေ ၁ ဒသမ ၅ သန်းကျော် အင်တာနက် အသုံးမပြုနိုင်သေး
ဝေဝေ
·
August 31, 2026
Photo: Thomas Linn Via MIP
Photo: Thomas Linn Via MIP
Donate to DVB

DataReportal ရဲ့ ဒေတာတွေအရ ၂၀၂၅ ခုနှစ်ကုန်အထိ မြန်မာနိုင်ငံမှာ လူဦးရေ ၁၅ ဒသမ ၁ သန်းလောက်ဟာ Offline ဖြစ်နေပြီး အင်တာနက်အသုံးမပြုနိုင်သေးဘူးလို့ ဖော်ပြထားပါတယ်။ 

၂၀၂၅ ခုနှစ် အောက်တိုဘာအထိ မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုသူ ၃၉ ဒသမ ၈ သန်း ရှိခဲ့ပြီး ဒါဟာ မြန်မာနိုင်ငံစုစုပေါင်းလူဦးရေရဲ့ ၇၂ရာခိုင်နှုန်းကျော်ဖြစ်ပါတယ်။ 

တဖက်မှာတော့ လူပေါင်း ၁၅ ဒသမ ၁ သန်းခန့်က အင်တာနက် အသုံးမပြုနိုင်သေးဘဲ နိုင်ငံလူဦးရေရဲ့ ၂၇ ရာခိုင်နှုန်းကျော်ဟာ Offline ဖြစ်နေတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

DataReportal ရဲ့ ဒေတာတွေအရ ၂၀၂၄ အောက်တိုဘာ ကနေ ၂၀၂၅ အောက်တိုဘာလအထိ တနှစ်အတွင်း အင်တာနက်အသုံးပြုသူ ၁ ဒသမ ၉ သန်း (၄ ဒသမ ၉ ရာခိုင်နှုန်း) တိုးလာပေမဲ့ အဲဒီအချိန်ကတည်းက အခုချိန်ထိကို လူဦးရေ ၁၅ ဒသမ ၁ သန်းက အင်တာနက် မသုံးနိုင်သေးတာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် အင်တာနက် အသုံးပြုသူတွေ တိုးလာနေပေမဲ့လည်း လူဦးရေရဲ့ လေးပုံတပုံကျော်က Digital World အပြင်ဘက်မှာ ရှိနေဆဲဆိုတာကို ပြသနေပါတယ်။

Myanmar Internet Project မှ ကိုသစ်ဉာဏ်က “ဒီနေ့ကာလမှာ အင်တာနက် အသုံးပြုခွင့်မရဘူး၊ ဆက်သွယ်ရေး အသုံးပြုခွင့် မရဘူးဆိုတာ Freedom of Expression ပေါ့နော် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ဆိုတဲ့ ခေါင်းစဉ်အောက်ထဲမှာ သတင်းအချက်အလက် ရပိုင်ခွင့်တို့၊ နောက်ပြီး တော့ ထုတ်ဖော်ပြောဆိုခွင့်တို့ပေါ့နော်။ ဆိုတော့ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က ချိုးဖောက်ခံရတာပေါ့။ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ ကိစ္စမျိုး ဒီပေါ်လွင်အောင် ကျနော်တို့ ပြောဖို့လိုတယ်၊ သိဖို့လိုတယ်ပေါ့။ နိုင်ငံတကာ အသိုက်အဝန်းကလည်း အဲဒါကို ကျနော်တို့ မြင်ဖို့လိုတယ်ပေါ့။ အရပ်သား ပြည်သူတွေရဲ့ အသက်ရှင်ရေးကိစ္စတခုအနေနဲ့ အာရုံစိုက်ပြီးတော့ ကျနော်တို့ ဒီအပေါ်မှာ အလေးထားပြီး ဆောင်ရွက်သင့်တယ်ပေါ့နော်” လို့ ပြောပါတယ်။

လွတ်လပ်စွာထုတ်ပြောဆိုခွင့်တွေနဲ့အတူ သတင်းရယူပိုင်ခွင့် လွတ်လပ်စွာ သတင်းစီးဆင်းခွင့်တွေ ကလည်း လူ့အသက်တမျှ အရေးကြီးတဲ့ကိစ္စတွေပဲဖြစ်ပါတယ်၊ ပဋိပက္ခတွေကြောင့် တိမ်ရှောင်နေရင်း မြေပြင်သတင်းတွေကို အင်တာနက်ကနေပဲ ရယူနိုင်မှာဖြစ်သလို ကူညီကယ်ဆယ်ရေးကိစ္စတွေအတွက်လည်း အင်တာနက်အသုံးပြုနိုင်ခွင့်က မရှိမဖြစ် လိုအပ်တဲ့ အခြေအနေ ဖြစ်ပါတယ်။ 

လတ်တလောမှာတော့ အင်တာနက် ဖြတ်တောက်ခံထားရပြီး စတားလင့်ခ်ကို အားကိုးနေကြရတဲ့ ဒေသတွေမှာလည်း စတားလင့်ခ်ပိတ်ခံရတာ၊ ဈေးမြင့်တာတွေကြုံနေရကြောင်း သိရပါတယ်။

စစ်ကိုင်းတိုင်းရှိ မြေပြင်ရဲဘော်တယောက်က “အင်တာနက်ရှိတဲ့အခါကျတော့ လူထု အခက်အခဲတွေကို ချက်ချင်း ပြောပြလို့ရတယ်။ ဥပမာ ရေဘေးကိုပဲ ကြည့်ဦးလေ၊ ရေဘေးမှာ ဆိုလို့ရှိရင် အခြေအနေ တပြေးညီ သိရတယ်။ လိုအပ်တဲ့ အကူအကယ် ကိစ္စတွေ၊ ငွေကြေး ကိစ္စတွေ၊ ပစ္စည်းဝယ်ဖို့ ငွေချေဖို့ ကိစ္စတွေ၊ ဆက်သွယ်ဖို့ ကိစ္စတွေကအစ ဒီ အင်တာနက်က လွယ်လွယ်ရနေတဲ့အခါကျတော့ အဆင်ပြေတာပေါ့။ အရင် ၁,၀၀၀ ဖိုး ဆိုလို့ရှိရင်လည်း စိတ်ကြိုက်သုံး၊ ၂,၀၀၀ ဖိုး၊ ၃,၀၀၀ ဖိုး ဆိုရင်လည်း တနေကုန်စာလောက် သုံးလို့ရတာကိုး။ အခုကတော့ ၁,၀၀၀ မှ (1GB) ပေါ့နော်။ ဒါတောင်မှ ဈေးအချိုဆုံးလို့ ပြောလို့ရတယ်။ အွန်လိုင်းကနေ ရှာပြီးမှ လေ့လာရမယ့်၊ Self Learning  လုပ်ရမယ့်ဟာတွေ ဆိုလို့ရှိရင်လည်း ရဲဘော်တွေ အနေနဲ့ မလွယ်တော့ ဘူးပေါ့နော်” လို့ ပြောပါတယ်။

၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ မြန်မာနိုင်ငံက လူမှုကွန်ရက်အသုံးပြုသူ အထောက်အထားပေါင်း (identity) ၂၁ သန်း ရှိခဲ့ပါတယ်။ 

ဒါဟာ စုစုပေါင်းလူဦးရေရဲ့ ၃၈ ရာခိုင်နှုန်းကျော်နဲ့ ညီမျှပါတယ်။ ဒါပေမဲ့ ဒီအရေအတွက်ဟာ လူဦးရေ မဟုတ်ဘဲ Platform တခုထက်ပိုပြီး အသုံးပြုတဲ့သူတွေ၊ account အမျိုးမျိုးရှိသူတွေ ရှိနေတာကြောင့်လည်း ဖြစ်ပါတယ်။

Freedom House ရဲ့ ၂၀၂၆ ခုနှစ် ကမ္ဘာ့လွတ်လပ်ခွင့် အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ နိုင်ငံရေးအခွင့်အရေးနဲ့ အရပ်သားလွတ်လပ်ခွင့် စုစုပေါင်းအမှတ် ၁၀၀ မှာ ၄ မှတ်သာရရှိပြီး လွတ်လပ်မှုမရှိတဲ့ နိုင်ငံအဖြစ် သတ်မှတ်ခံထားရပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013