DVB Logo
Home
အားကစား
မန်ယူဂန္ထဝင်ကစားသမားများ၏ မြန်မာနိုင်ငံခရီးစဉ် ဖျက်သိမ်းပေးရန် တောင်းဆို
ဝေဝေ
·
September 9, 2026
Photo: Legendary Players Meet & Greet
Photo: Legendary Players Meet & Greet
Donate to DVB

မြန်မာနိုင်ငံရေးအခြေအနေကြောင့် ချစ်ကြည်ရေးနဲ့ဖျော်ဖြေရေး ခရီးစဉ် လာရောက်မဲ့ မန်ယူ ဂန္ထဝင် ကစားသမားတွေရဲ့ မြန်မာနိုင်ငံခရီးစဉ် ဖျက်သိမ်းပေးဖို့ မန်ယူအသင်းကို အားပေးတဲ့ ပရိသတ်တွေ အပါအဝင် အားကစားချစ်သူတွေ ကိုယ်တိုင်ပါဝင် လက်မှတ်ရေးထိုး တောင်းဆိုနေကြပါတယ်။

အောက်တိုဘာ ၃၀ ကနေ နိုဝင်ဘာ ၁ ရက်နေ့ထိ မြန်မာနိုင်ငံကို လာရောက်မယ့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမားကြီးတွေဖြစ်တဲ့ ရိုင်ယန်ဂစ်၊ ဘာဗာတော့၊ အန်ဒါဆန်၊ ပက်ထရစ် အီဗရာ တို့ရဲ့ ခရီးစဉ်ကို ဖျက်သိမ်းပေးဖို့ ယူကေနိုင်ငံ၊ မန်ချက်စတာမြို့မှာရှိတဲ့ မြန်မာပြည်ဖွားတွေ ဦးဆောင်ပြီး လက်မှတ်ရေးထိုး တောင်းဆိုမှု ပြုလုပ်နေပါတယ်။

ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်နေတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေနဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကြား စစ်အုပ်စုကို တည်ငြိမ်မှုနဲ့ တရားဝင်မှုရှိသလို ပုံဖော်ပေးနိုင်တာကြောင့် ခရီးစဉ်ကို ပြန်လည်သုံးသပ်ပေးဖို့ တောင်းဆိုထားတာပါ။ 

ဒီတောင်းဆိုချက်မှာ ပူးပေါင်းပါဝင်ကြဖို့ မန်ယူအသင်းကို အားပေးကြတဲ့ အမာခံပရိသတ်တွေ ကိုယ်တိုင် အချင်းချင်း တိုက်တွန်းနှိုးဆော်နေကြပါတယ်၊

မန်ယူနိုင်တိုင်း ထောက်ပို့မယ် အဖွဲ့ဝင်တယောက်က “ဒီလို မန်ယူကစားသမားတွေကို မြန်မာနိုင်ငံကို ဘယ်တော့မှ မလာစေချင်တာမျိုး မဟုတ်ဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ မလာစေချင်ဘူးလို့ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရှိမဲ့အချိန်၊ လူတိုင်း လုံခြုံစွာ နေထိုင်နိုင်မဲ့ အချိန်၊ နိုင်ငံရေးအရပဲဖြစ်ဖြစ်၊ လူမှုရေးအရပဲဖြစ်ဖြစ် ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိလာမယ် ဆိုရင်တော့ ကျနော်တို့ကိုယ်တိုင် သူတို့ကို နွေးနွေးထွေးထွေးနဲ့ ကြိုဆိုဖို့ အဆင်သင့်ရှိပါတယ်။ အခုချိန်မှာတော့ ဒီစစ်ကောင်စီရဲ့ အသုံးတော်ခံ ပုံရိပ်ကို အသုံးချပြီးတော့ မြန်မာနိုင်ငံ normal life ဖြစ်နေပါတယ်၊ မြန်မာနိုင်ငံမှာ ဘာမှမရှိတော့ပါဘူးဆိုတဲ့ နိုင်ငံတကာဆက်ဆံရေးကို နိုင်ငံတကာ ဝင်ဆံ့မဲ့ အခွင့်အရေးမျိုး မပေးချင်တဲ့အတွက် ကျနော်တို့ ဒါကို ကန့်ကွက်ရခြင်း ဖြစ်ပါတယ်။ ကစားသမားတွေအနေနဲ့လည်း ဒီနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေကို အမှန်အတိုင်း သိစေချင်တယ်၊ ကျနော်တို့နဲ့အတူ ရပ်တည်စေချင်တဲ့ ဆန္ဒကြောင့် ကျနော်တို့ တောင်းဆိုရခြင်း ဖြစ်ပါတယ်။ သူတို့ဘက်ကလည်း မှန်မှန်ကန်ကန် ရပ်တည်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်ဗျ” လို့ ပြောပါတယ်။

ခရီးစဉ်ကို ကန့်ကွက်နေသူတွေကတော့ မန်ယူဂန္ထဝင်ကစားသမားတွေအနေနဲ့ သူတို့ရဲ့ နာမည်နဲ့ ဂုဏ်သတင်းကို စစ်အုပ်စုရဲ့ အသုံးချမှုကနေ ကာကွယ်ပေးဖို့ကိုလည်း တောင်းဆိုထားပြီး တချိန် တိုင်းပြည် အမှန်တကယ် အေးချမ်းသွားတဲ့ကာလတွေမှာ ပြန်လည်လာရောက်စေလိုကြောင်းကိုလည်း မန်ယူပရိသတ်တယောက်က ပြောပါတယ်။

“United fan တယောက်အနေနဲ့ ဒီဂန္ထဝင် ကစားသမားတွေကို တွေ့ခွင့်ရမဲ့ အခွင့်အရေးပေါ့ဗျာ။ ဒါပေမဲ့ ခရီးစဉ်ဖျက်သိမ်းဖို့ ဘာလို့ တောင်းဆိုရတာလဲဆိုတော့ ကိုယ်ချစ်တဲ့ ကိုယ်ကြိုက်တဲ့ ဂန္ထဝင် ကစားသမားတွေကို အသုံးချခံ မဖြစ်စေချင်လို့ရယ်၊ ပြီးရင် ဒီဟာကလည်း ကျနော်တို့ အမြင်မှာတော့ ဒီလိုမျိုး ငွေကုန်ကြေးကျခံပြီး ခေါ်နိုင်တယ်ဆိုတာ ခရိုနီတွေနဲ့ စစ်တပ်အသိုက်အဝန်းတွေပဲ ဖြစ်မှာလေ။ သူတို့ကလည်း သူတို့ရဲ့ ပုံရိပ်အတွက် မင်းအောင်လှိုင် သမ္မတဖြစ်တဲ့ ကာလမှာ ပုံရိပ်ကောင်းတခုအတွက် အသုံးချတယ်လို့ပဲ ကျနော်တို့ကတော့ မြင်တယ်။ အဲဒါကြောင့် ခရီးစဉ်ကို ဖျက်သိမ်းဖို့ တောင်းဆိုတာပါ။ ပုံမှန်အတိုင်း လည်ပတ်နေပြီဆိုတဲ့ ကာလတွေမှာတော့ဗျာ ပရိသတ်တယောက်အနေနဲ့ ဘာပြောကောင်းမလဲ။ ဒီလို ဂန္ထဝင်ကစားသမား လေးယောက် မဟုတ်ဘူးပေါ့၊ ဂန္ထဝင်ကစားသမားဟောင်းတွေရော အဲဒီချိန်ထိ ရှိနေမဲ့ လက်ရှိကစားသမားတွေရော အကုန်လုံးကို လာစေချင်တာပေါ့။ အဲဒီအခါကျရင်တော့ သောင်းသောင်းဖြဖြကို ကြိုဆိုမှာပေါ့။”

အခုလို လက်မှတ်ရေးထိုး တောင်းဆိုမှုကို မန်ယူပရိသတ်တွေကိုယ်တိုင် အားသွန်ခွန်စိုက် လုပ်ဆောင်နေတဲ့အတွက် တခြားသော ဘောလုံးအသင်း ပရိသတ်တွေကလည်း ထောက်ခံကြိုဆိုကြောင်းနဲ့ အားထုတ်မှုကို အသိအမှတ်ပြုကြောင်း ပြောဆိုနေကြပါတယ်။

ဒီခရီးစဉ်ကို The Garden Agency က “Legendary Players in Yangon” အမည်နဲ့ စီစဉ်တာဖြစ်ပြီး အောက်တိုဘာ ၃၀ နဲ့ ၃၁ ရက်မှာ မီလီယာဟိုတယ်နဲ့ နိုဝင်ဘာ ၁ ရက်မှာတော့ Yangon Convention Centre မှာ ပရိသတ်တွေ့ဆုံပွဲနဲ့ ဖျော်ဖြေပွဲတွေ ပြုလုပ်ဖို့ စီစဉ်ထားတာ ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီရဲ့ တရားဝင် ဝက်ဆိုဒ်မှာ ကြေညာထားပါတယ်။

မန်ယူအသင်းကို အားပေးတဲ့ ပရိသတ်တွေ အပါအဝင် အားကစားချစ်သူတွေအနေနဲ့ မန်ယူဂန္ထဝင်ကစားသမားများ၏ မြန်မာနိုင်ငံခရီးစဉ်ဖျက်သိမ်းပေးဖို့ လှုပ်ရှားမှုမှာ ကိုယ်တိုင် လက်မှတ်ရေးထိုး ပါဝင်လိုပါက အောက်ပါလင့်မှာ လက်မှတ်ရေးထိုး တောင်းဆိုနိုင်ပါတယ်။

https://www.change.org/p/urge-former-man-utd-players-to-cancel-myanmar-visit?

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013