
ဂရိနိုင်ငံရဲ့ မြို့တော် အေသင်မြို့မှာ သက်ကြီးရွယ်အို အမျိုးသားတယောက်က ဧပြီ ၂၈ ရက်မှာ သီးခြားပစ်ခတ်မှု ၂ ရပ်အတွင်း လူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
အသက် ၈၉ နှစ်အရွယ် သံသယရှိသူဟာ ဂရိနိုင်ငံ EFKA လူမှုဖူလုံရေးအေဂျင်စီရဲ့ ဌာနခွဲတခုကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး ဝန်ထမ်းတယောက် ခြေထောက်မှာ ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အဲဒီနောက် သေနတ်သမားက အေသင်တရားရုံး အဆောက်အအုံဆီ တက္ကစီနဲ့ ထွက်လာခဲ့ပြီး အတွင်းပိုင်းမှာ သေနတ်နဲ့ အချက်ရေ အတော်များများ ပစ်ခတ်ခဲ့တာပါ။
အမျိုးသမီး တရားရုံးစာရေး ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ တရားရုံး အရာရှိတွေက ပြောပါတယ်။
သူဟာ သေနတ်ကို အခင်းဖြစ်ပွားရာနေရာမှာ ထားခဲ့ပြီး ခြေလျင်ထွက်ပြေးသွားတယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
နောက်ပိုင်းမှာ အဲဒီအမျိုးသားကို အေသင်မြို့ကနေ ကီလိုမီတာ ၂၀၀ ဝေးတဲ့ ပါထရက်စ်မြို့မှာ ဖမ်းဆီးခဲ့ပါတယ်။
သူဟာ မိလ္လာသန့်ရှင်းရေးဝန်ထမ်း ဖြစ်ခဲ့ပြီး စိတ်ကျမ်းမာရေးပြဿနာရှိသူလို့ ဂရိမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
Source: Reuters










