
ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့ထဲမှာ ဇူလိုင် ၂၀ ရက်က တရားမဝင် အလုပ်သမား တွေနဲ့ စည်းကမ်းမဲ့ယာဉ်တွေကို စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ မယ်ဆိုင်ဒေသတွင်းသတင်းမှာ ဖော်ပြ ပါတယ်။
မယ်ဆိုင်မြို့နယ် ရဲတပ်ဖွဲ့ဝင်၊ မြို့နယ်အလုပ်သမားရုံး၊ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့နဲ့အုပ်ချုပ်ရေးရုံး က တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မနေ့မနက် ၁၀ နာရီကစပြီး မယ်ဆိုင်မြို့တွင်းရှိ ဈေးဆိုင်နဲ့ လုပ်ငန်းခွင်တွေ ဝင်ရောက်စစ်ဆေးခဲ့ကြတယ်။
ဒီမတိုင်ခင်က ရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းလူမျိုးတွေသာ လုပ်ကိုင်ခွင့်ရှိတဲ့ အလုပ်တွေမှာ ဝင်ရောက်လုပ်ကိုင်နေကြောင်း တိုင်ကြားချက်ရတာကြောင့် ခုလို ကွင်းဆင်းစစ်ဆေး အရေးယူ ရတာလို့ မယ်ဆိုင်မြို့နယ် အလုပ်သမားရုံး တာဝန်ရှိသူ နိုင်းချင်းနကွန်း ဆထစ် လိုတ်ဖိဖတ်က ပြောပါတယ်။
ဒါ့အပြင် တာချီလိတ်-မယ်ဆိုင် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားနဲ့ ပလက်ဖောင်းနီးနားတဝိုက် စည်းကမ်းမဲ့ ရပ်နားနေတဲ့ ယာဉ်တွေ၊ ခွင့်ပြုချက်မရှိဘဲ ခရီးသည်နဲ့ ပစ္စည်းတွေ သယ်ပို့နေတဲ့ သုံးဘီးယာဉ်၊ လေးဘီးယာဉ်နဲ့ ဆိုင်ကယ်တွေပါ စစ်ဆေးအရေးယူခဲ့တယ်။
ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ အငှားယာဉ်တွေ မောင်းနှင်ခွင့်မရှိဘူး၊ ဒါ့အပြင် မြန်မာဘက်ခြမ်းက ယာဉ်တွေလည်း ထိုင်းဘက်ခြမ်းမှာ လာပြီး ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ဆောင်ခွင့်မရှိဘူး၊ ဒါကြောင့် မနေ့က ဥပဒေနဲ့ မညီညွတ်တဲ့ ရွှေ့ပြောင်းလုပ်သား ၅၀ ကျော်ကို ဖမ်းဆီးအရေးယူခဲ့ပြီး အလုပ်သမားဥပဒေပုဒ်မ ၈ နဲ့ အညီ တယောက်ကို ဒဏ်ငွေ ဘတ် ၅,၀၀၀ စီ ချမှတ်ခဲ့တယ်၊ ဒါ့အပြင် မြန်မာဘက်က ယာဉ်တွေကိုလည်း ထပ်မံစစ်ဆေးဖို့ သိမ်းဆည်းထားတယ်လို့ တာဝန်ရှိသူက ပြောသွားပါတယ်။
ဒီလို စစ်ဆေးအရေးယူမှုတွေကို ဆက်တိုက်လုပ်ဆောင်သွားမှာဖြစ်ပြီး ဥပဒေနဲ့ မညီညွတ်တဲ့ ယာဉ် တွေအနေနဲ့ တယောက်ကို ဘတ် ၅,၀၀၀ စီ ဒဏ်ငွေချခံရမှာဖြစ်ကာ ဒဏ်ငွေမဆောင်နိုင်သူတွေက တော့ အချုပ်ထဲမှာ တရက် ဘတ် ၅၀၀ နှုန်းနဲ့ ၁၀ ရက်တာ အကျဉ်းချခံထားရမယ်လို့ မယ်ဆိုင် ရဲစခန်းက တာဝန်ရှိသူက ပြောပါတယ်။
Source: TopNorth News / Maesai Social Media











