DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးနယ်မြေက ပညာရေးကဏ္ဍ တိုးတက်မှုနှင့် စိန်ခေါ်မှုများ 
DVB
·
April 18, 2026
Photo: Board of Education-Myaing
Photo: Board of Education-Myaing
Donate to DVB

စစ်တပ် အာဏာသိမ်းကာလ ၅ နှစ်အတွင်း တော်လှန်ရေးတပ်တွေ စိုးမိုးတဲ့ နယ်မြေတွေမှာ ပညာရေးကဏ္ဍက တိုးတက်မှုတွေ ရှိနေပေမဲ့ ရာနှုန်းပြည့်လည်ပတ်နိုင်ဖို့ကတော့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

တော်လှန်ရေးကာလ ၅ နှစ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနက အွန်လိုင်းတက္ကသိုလ် ၁၄ ခုနဲ့ မြေပြင်တက္ကသိုလ် ၁၀ ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

အဲဒီတက္ကသိုလ်တွေကနေ ဘွဲ့ရခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီး တက်ရောက်နေသူတွေ ရှိသလို တက်ရောက်ခွင့်ရအောင် ဆက်လက်ချိတ်ဆက် ပေးနေတဲ့ တက္ကသိုလ်တွေရှိတယ်လို့ ဆိုပါတယ်။

မြေပြင်တက္ကသိုလ်တွေက ဘွဲ့ရပြီးသူတွေကိုလည်း တော်လှန်ရေးစိုးမိုးနယ်မြေမှာရှိတဲ့ အခြေခံပညာ ကျောင်းတွေမှာ သင်ကြားရေးဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ဖို့၊ တခြားလိုအပ်တဲ့ ဌာနအသီးသီးမှာ အလုပ်လုပ်ကိုင်နိုင်ဖို့ စတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးထားတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ဆက်သွယ်ရေး အင်တာနက်လိုင်းတွေ ဖြတ်တောက်မှု၊ လေကြောင်း တိုက်ခိုက်မှုနဲ့ မြေပြင်တိုက်ပွဲတွေကြားမှာ ၃ နှစ်တာကာလအတွင်း ကျောင်းသားကျောင်းသူတွေရဲ့ အဆင့်မြင့်ပညာသင်ကြားရေး အဆက်မပြတ်အောင် အခုလို ကျောင်းတွေ ဖွင့်လှစ်နိုင်ခဲ့တာဟာ တော်လှန်ရေးကာလရဲ့ တိုးတက်မှုတခုဖြစ်တယ်လို့ အဆင့်မြင့်ပညာ သင်ကြားရေးဆရာမ တယောက်က ပြောပါတယ်။ 

"အဆင့်မြင့်ပညာကို သင်ယူခွင့် မဆုံးရှုံးရအောင် အမျိုးမျိုး ကြိုးစားနေကြတယ်ပေါ့။ … တော်လှန်ရေးခရီးမှာဆိုရင် အစက ဘာမှမရှိဘဲ ဗလာနဲ့စခဲ့တဲ့ ပညာရေးကပေါ့နော်။ ဒီနေ့ဒီအချိန်မှာ တော့ ဒီလို တက္ကသိုလ် ၂၄ ကျောင်းလောက်ကို ဖွင့်လှစ်သင်ကြားပေးနိုင်တာဆိုတော့ တော်လှန်ရေးရဲ့ တိုးတက်မှုတခုလို့လည်း ပြောရမှာပါ။"

တော်လှန်ရေး စိုးမိုးနယ်မြေတွေက အခြေခံပညာစာသင်ကျောင်းတွေဟာ ၈၀ ရာခိုင်နှုန်း လည်ပတ် နိုင်နေတယ်လို့ မကွေးတိုင်းထဲက ပညာရေးတာဝန်ခံ တယောက်က ပြောပါတယ်။ 

အထက်တန်းအဆင့် ပြီးမြောက်ပြီးတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုတော့ ကချင်ပညာရပ်စုံ တက္ကသိုလ်၊ နွေဦးအောင်မြေ ပညာရပ်စုံတက္ကသိုလ်၊ အောင်ဆန်းပညာရပ်စုံတက္ကသိုလ် စတဲ့ တက္ကသိုလ်တွေနဲ့ အွန်လိုင်းတက္ကသိုလ်တွေမှာ ဆက်လက်ပညာသင်ကြားနိုင်တယ်လို့ သိရပါတယ်။

အကျပ်အတည်းတွေကြားကပဲ မြေပြင်တက္ကသိုလ်တွေ ဖွင့်လှစ်လာနိုင်တာနဲ့ အခြေခံပညာရေးကို ပုံစံပြောင်းလဲ သင်ကြားလာနိုင်တာက ပညာရေးကဏ္ဍရဲ့ တိုးတက်မှုတွေဖြစ်တယ်လို့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ပညာရေး ဘုတ်အဖွဲ့တာဝန်ခံက DVB ကို ပြောပါတယ်။

ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံက "ဒီတခေါက်မှာတော့ မြေပြင်တက္ကသိုလ်တွေကို ကျနော်တို့ ဖွင့်လှစ်လာနိုင်တယ်။ အဲဒီတက္ကသိုလ်တွေမှာ အသက်မွေးဝမ်းကြောင်းတက္ကသိုလ်တွေ ဥပမာပြောရရင်တော့ ဆေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ အင်ဂျင်နီယာ၊ နည်းပညာ၊ ကွန်ပျူတာ ပြီးလို့ရှိရင် ကျနော်တို့ ဆရာအတတ်ပညာစတဲ့ အသက်မွေးဝမ်းကြောင်းတက္ကသိုလ်တွေ ဖွင့်လှစ် လာနိုင်တယ်။ စစ်ဆေးအကဲဖြတ်မှု ပုံစံတွေလည်း ပြောင်းလာတယ်။ ကျနော်တို့ ကျောင်းသူ၊ ကျောင်းသားတွေကို Skill-based competency ကို စစ်ဆေးအကဲဖြတ်ဖို့အတွက် သင်တန်းတွေ ပေးလာနိုင်တယ်။ အပြင်လောက လက်တွေ့နဲ့ ချိတ်ဆက်မှုရှိအောင် သင်ကြားမှုတွေ ပေးလာ နိုင်ပါတယ်”လို့ ပြောပါတယ်။

အဲဒီလို ကျောင်းတွေဖွင့်ထားနိုင်ပေမဲ့ တဘက်မှာလည်း ကျောင်းသားတွေ ပညာဆက်သင်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။

နိုင်ငံရေးအခြေအနေ၊ မိသားစု စီးပွားရေးအခြေအနေနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း အခြေခံပညာ ပြီးမြောက်ခဲ့တဲ့ ကျောင်းသားကျောင်းသူ ၁၀ ရာခိုင်နှုန်းပဲ အဆင့်မြင့်ပညာကို ဆက်လက်သင်ကြားနိုင်တယ်လို့ သိရပါတယ်။ 

အဆင့်မြင့်ပညာ သင်ကြားရေးဆရာမတယောက်က “သူတို့ နေအိမ်တွေ မီးရှို့ခံကြရတယ်။ စားဝတ်နေရေးတွေ ခက်ခဲတယ်။ စီးပွားရေး အဆင်မပြေတဲ့ အခါမှာ သူတို့က အရွယ်ရောက်လာတဲ့ လူငယ်တွေဖြစ်တဲ့အတွက် သူတို့ မိသားစုရဲ့ စားဝတ်နေရေးအတွက် အဆင်ပြေမဲ့ နိုင်ငံခြားကို ထွက်ပြီးတော့မှ ငွေရှာကြရတယ်။ နောက်တခုကကျတော့ ဒီတော်လှန်ရေးဘက်မှာပေါ့နော်။ လက်နက်ကိုင်ထဲမှာ ပါဝင်နေကြတဲ့ ကလေးတွေ ရှိတယ်။ နောက်တချက်ကကျတော့ အခြေခံပညာမှာ လိုအပ်နေတဲ့ ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ရာအတွက် စာပြန် ပြီးတော့မှ သင်ပေးနေကြရတယ်။ နောက်တချက်က မိဘတွေက ဒီလို ခက်ခဲနေတဲ့ အချိန်အခါမှာ စိတ်မချဘူးပေါ့နော်။ ဒီ မြေပြင်တက္ကသိုလ်တွေဆိုတာကလည်း ကျမတို့က စိုးမိုးနယ်မြေပဲ ဖြစ်သေးတယ်။ လွတ်မြောက်နယ်မြေ မဟုတ်သေးတဲ့အတွက် အချိန်မရွေး အန္တရာယ်တွေနဲ့ ရင်ဆိုင် ရနိုင်တယ်။ အဲဒီ ရင်ဆိုင်ရနိုင်တာတွေကို ထိတ်လန့် ကြောက်ရွံ့တဲ့အချက်၊ နော် အဲဒီ အချက်တွေ ကြောင့်မို့လို့ပဲ ဒီ ကျောင်းတက် ရာခိုင်နှုန်းတွေက နည်းရခြင်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။

၅ နှစ်တာကာလအတွင်း ပညာရေးကဏ္ဍမှာ တိုးတက်မှုတွေရှိနေသလို၊ တဖက်မှာလည်း မိသားစု စားဝတ်နေရေး အဆင်မပြေမှုနဲ့ တော်လှန်ရေးကာလ ကျောင်းသားကျောင်းသူတွေရဲ့ မျှော်လင့်ချက် နည်းပါးလာတာတွေကြောင့် ကျောင်းထွက်တဲ့ ကလေးအရေအတွက်လည်း များလာတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပညာရေးကဏ္ဍ ရာနှုန်းပြည့် လည်ပတ် နိုင်ဖို့ ခက်ခဲနေသလို၊ ခေတ်မီပညာရေးစနစ်ကို အကောင်အထည်ဖော်နိုင်ဖို့ ဘတ်ဂျက် မလုံ လောက်တာကလည်း စိန်ခေါ်မှုတရပ် ဖြစ်နေတယ်လို့ ဆရာ၊ ဆရာမတွေက ပြောကြပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ဒေသတွေမှာ မြေပြင်ကျောင်းပေါင်း ၄,၀၀၀ ကျော် ဖွင့်လှစ် နိုင်ခဲ့ပြီး ကျောင်းသားဦးရေဟာ ၇ သိန်းခွဲဝန်းကျင်အထိ ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနရဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အစီရင်ခံစာအရ သိရပါတယ်။

သီရိ

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013