
တော်လှန်ရေးထိန်းချုပ်နယ်မြေတွေအတွင်းက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်တွေက မြေပြင်မှာ လက်တွေ့ကျင့်သုံးနေတာနဲ့ ကွာဟချက်တွေ ရှိနေကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အသံအဖွဲ့က ဆိုပါတယ်။
“မြန်မာ့တော်လှန်ရေးကာလ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဥပဒေပြဋ္ဌာန်းချက်နှင့် လက်တွေ့ကွာဟချက်” ဆိုတဲ့ သုသေတနစာတမ်းတခုကို အသံအဖွဲ့က ဖေဖော်ဝါရီ ၁၈ ရက်မှာ မီဒီယာတွေဆီ မိတ်ဆက် ထုတ်ပြန်လိုက်ပါတယ်။
အသံအဖွဲ့အနေနဲ့ တော်လှန်ရေးဒေသတွေဖြစ်တဲ့ ကရင်နီ၊ စစ်ကိုင်းနဲ့ မန္တလေး စတဲ့ ဒေသတဲ့ ၃ ခုကို သုသေတနပြုစုပြီး အဲဒီဒေသတွေအတွင်းက မူဝါဒဆိုင်ရာ လစ်ဟာချက်တွေကိုလည်း ထောက်ပြခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (IEC) ရဲ့ ကရင်နီပြည် ကြားကာလအစီအမံ၊ စစ်ကိုင်းဖက်ဒရယ် ယူနစ် လွှတ်တော်ရဲ့ ကြားကာလဖွဲ့စည်းပုံနဲ့ မန္တလေးတိုင်းလွတ်တော်ရဲ့ မန္တလေးတိုင်း ကြားကာလ နိုင်ငံရေးအစီအမံ စတဲ့ ပြဋ္ဌာန်းထားချက်တွေထဲမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ထည့်သွင်းရေးသားထားတာမျိုးရှိပေမဲ့ ရှင်းလင်းတဲ့ အရေးအသားတွေမပါဘဲ မြေပြင်လုပ်ဆောင်ချက်တွေနဲ့ ကွာဟချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။
အသံအဖွဲ့အနေနဲ့ ဒေသတခုချင်းစီရဲ့ ပြဋ္ဌာန်းချက်ပါ Freedom Of Expression နဲ့ဆိုင်တဲ့ အချက်တွေကို အသေးစိတ် ဆွေးနွေးထားပြီး အားသာချက် အားနည်းချက်တွေကို ထောက်ပြထားတာပါ။
အသံအဖွဲ့ ဒါရိုက်တာ Zee Pe က “ဝေဖန်ထောက်ပြတဲ့သဘောမျိုး ဖြစ်တယ်။ ဒါပေမဲ့ ကျမတို့က အပြုသဘောဆောင်တဲ့ ဝေဖန်ထောက်ပြမှု ဖြစ်တယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရဲ့ အဓိကကျတဲ့ အရာတွေကိုပေါ့။ တဖက်မှာလည်း ကျမတို့ မမြင်နိုင်တဲ့ အခက်အခဲတွေ ရှိကောင်းရှိနိုင်တယ်ပေါ့၊ ကျမတို့ဘက်မှာလည်း သူတို့ မမြင်တဲ့ တွေ့ရှိချက်တွေ ရှိတယ်ပေါ့။ အဲဒီလိုမျိုးကြားထဲ တယောက်နဲ့ တယောက် နားလည်မှု မလွဲသွားဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုယ်တိုင်က ကျမတို့ အဓိပ္ပာယ်ဖွင့်ဆိုတဲ့နေရာမှာ အရမ်းကို အကဲဆတ်တဲ့ အရာဖြစ်သလို တော်လှန်ရေးကာလဖြစ်တဲ့ တော်လှန်ရေးပတ်သက်တဲ့ ဒေသအသီးသီးမှာ ရှိတဲ့သူတွေ အကုန်လုံးကလည်း အကဲဆတ်တဲ့ အနေအထားမှာတော့ ရှိတော့ ကျမတို့ စကားလုံးအသုံးအနှုန်းကအစ သတိထားရတဲ့ အနေအထားမျိုးမှာတော့ ရှိပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
စစ်ရေးပဋိပက္ခတွေ ပြင်းထန်တဲ့ စစ်ကိုင်းလို ဒေသမျိုးမှာ လုံခြုံရေး အကြောင်းပြချက်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းရယူခွင့်နဲ့ သတင်းတင်ဆက်ခွင့်တွေကို ပိတ်ဆို့ထားကြောင်းလည်း အသံအဖွဲ့ရဲ့ သုတေသနစာတမ်းထဲမှာ ဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်း မြေပြင်တော်လှန်ရေးအဖွဲ့တခုရဲ့ ဦးဆောင်သူက “ကျနော်တို့ဘက်မှာတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို သီးခြားလိုက်ပိတ်ထားတာတော့ မရှိဘူးပေါ့။ တခုတော့ ရှိတယ်၊ အင်တာဗျူးတွေ သတင်းတွေကနေမှတဆင့် ရန်သူက သူ တိုက်ခိုက်လိုက်တဲ့ အခြေအနေကို ချက်ချင်းသိပြီးတော့ ချက်ချင်းပြန်လာတိုက်ခိုက်တာမျိုးတွေတော့ ကြုံရတာပေါ့။ နေရာရဲ့ ထိရောက်မှု သက်ရောက်မှုတွေ သူတို့မသိရဘူး၊ အဲဒီသတင်းတွေကနေ ပြန်သိရတယ်။ ချက်ချင်း ပြန်ပြင်ဆင်ပြီးတော့ ပြန်လာကြဲတာတွေအထိ ကိုယ်တွေ့ကြုံရတာတွေ ရှိတယ်။ အဲဒါကြောင့်မို့ စစ်ရေးပူနေတဲ့အချိန်တွေမှာဆိုရင် စတားလင့်တွေ ပိတ်ကြတဲ့မြို့နယ်တွေ ရှိတယ်၊ သတင်းတွေ မတင်ဖို့ကိစ္စကိုတော့ တယောက်နဲ့တယောက် လှုံ့ဆော်ကြတာ ပြောတာရှိတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ဒေသခံပြည်သူတွေအနေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကြားမှာ ယုံကြည်မှု တည်ဆောက်နိုင်ဖို့အတွက် သတင်းအချက်အလက် စီးဆင်းမှုမှာ ပွင့်လင်းမြင်သာရမှာဖြစ်ပြီး၊ မီဒီယာတွေကို ရန်သူသဖွယ် သဘောမထားဘဲ မိတ်ဖက်အဖြစ် ရှုမြင်ဖို့ လိုအပ်ကြောင်းလည်း ဖော်ပြထားပါတယ်။
ဝေဝေ








