
တော်လှန်ရေးနယ်မြေတွေအတွင်းက အုပ်ချုပ်ရေး၊ ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး လတ်တလော လက်ခံရရှိထားတဲ့အမှုပေါင်း ၁၀၀ ကျော်မှာ ၆၀ ကျော်ကို ဖြေရှင်းပြီးပြီလို့ NUG ပြည်ထဲရေး ဒုဝန်ကြီး ဦးကျော်နီက ပြောပါတယ်။
အမှုအများစုဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်ခံ လက်နက်ကိုင်အဖွဲ့ဝင်တွေနဲ့ အောက်ခြေယန္တရားမှာ တာဝန်ထမ်းဆောင်သူတွေ ကျူးလွန်ခဲ့တဲ့ အာဏာအလွဲသုံးတာ၊ ငွေကြေး မတရားတောင်းခံတာ၊ မတရားဖမ်းဆီးတာနဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှု စတာတွေ ပါဝင်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
တိုင်ကြားချက်အပေါ်အခြေခံပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသူတွေ၊ သံသယရှိသူတွေကို တာဝန်က ယာယီရပ်နားပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
NUG ဘက်က အရေးယူဆောင်ရွက်တယ် ဆိုပေမဲ့ တချို့အမှုတွေမှာ မတရားကြောင်း ဝေဖန်မှုတွေလည်း ရှိနေခဲ့တာပါ။
NUG ပြည်ထဲရေး ဒုဝန်ကြီး ဦးကျော်နီက “လက်ခံရရှိထားတဲ့အမှုပေါင်း ၁၀၀ ကျော်မှာ ၆၀ ကျော်လောက်ကို ဖြေရှင်းထားပြီးသွားပါပြီ။ ကျန်တဲ့ ၃၀ ကျော်က ဆက်လက်ဆောင်ရွက်ဆဲပေါ့၊ ဆိုင်းငံ့ထားတာပေါ့နော်။ ပစ်စာလိုမျိုးဖြစ်တာတွေ ဒီလိုမျိုးအမှုတွေလည်း ၄၊ ၅၊ ၆ မှုလောက် ရှိပါတယ်။ ကျနော်တို့ တိုင်စာတွေ ရရှိတယ် ဆိုရင်တော့ တိုင်ကြားစာဗဟိုကော်မတီကနေ စိစစ်ပြီးတော့ ပစ်စာလား၊ တကယ်တိုင်ကြားစာလားပေါ့။ တချို့တွေကျတော့လည်း တိုင်တော့တိုင်တယ်၊ ဘယ်ပြန်ဆက်သွယ်ရမှန်းမသိ ဆိုတာမျိုးတွေပေါ့။ ကျန်တာတွေကတော့ တိုင်ကြားစာကော်မတီကနေပြီးတော့ စုံစမ်းစစ်ဆေးသင့်တယ် ဆိုလို့ရှိရင် ဆက်ပြီးတော့ စုံခုံတွေဖွဲ့ပြီးတော့ စုံစမ်းစစ်ဆေးတာတွေ လုပ်ပါတယ်။ တွေ့ရှိချက်တွေ သုံးသပ်ချက်တွေ အကြံပြုချက်တွေနဲ့ ထပ်ပြီးတင်ပြလာပြီးတော့ ဝန်ကြီးဌာနတွေကနေပြီးတော့ ပြန်ပြီး အရေးယူ ဆောင်ရွက်မှုတွေ လုပ်ပါတယ်ဗျ။ တတ်နိုင်သလောက်တော့ မှန်မှန်ကန်ကန် အစစ်ခံချက်တွေ ရဖို့အတွက်ကို ကြိုးစားဆောင်ရွက်ကြပါတယ်။ မြေပြင်ကိုမသွားနိုင်တဲ့ အခက်အခဲမျိုးတွေပေါ့နော်။ တချို့နေရာတွေမှာ အမှုက ပေါ်ပေါက်သော်ငြားလည်း လက်နက်ကိုင်တွေ ဖြစ်တဲ့အတွက်ကြောင့် ဖမ်းဆီးနိုင်မှု အခက်အခဲ ဒါမျိုးတွေလည်း ရှိတာပဲပေါ့” လို့ ပြောပါတယ်။
မြန်မာနိုင်ငံလိုမျိုး ပဋိပက္ခအများအပြား ကြုံတွေ့ခဲ့ရပြီး ပြန်လည်ထူထောင်ရေးနဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရတဲ့ နိုင်ငံတချို့ရဲ့ ဥပမာကို ကြည့်ပါက ပြည်တွင်းဥပဒေကို အဓိကအားကိုးပြီးတော့ နိုင်ငံတကာရဲ့ အကူအညီနဲ့ အောင်မြင်အောင် ဖော်ဆောင်နိုင်ခဲ့တဲ့ လုပ်ငန်းစဉ်တွေ အများကြီးရှိခဲ့တာပါ။
ဒီလိုဆောင်ရွက်နိုင်ဖို့ တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းတွေက ပြည်တွင်းဥပဒေရေးရာစနစ် ပိုအားကောင်းလာအောင် ပြင်ဆင်သင့်တာတွေ ဆောင်ရွက်ဖို့နဲ့ အများပြည်သူရဲ့ ဥပဒေရေးရာ ဗဟုသုတနဲ့ နားလည်မှုပိုရှိလာအောင် ဆောင်ရွက်ထားဖို့ လိုအပ်တယ်လို့ နိုင်ငံတကာဥပဒေရေးရာ သုတေသနသမားတယောက်က မှတ်ချက်ပေးပါတယ်။
တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းတွေက အချင်းချင်းကြားက အမှုအခင်းတွေကို သမာသမတ်ကျကျ ကိုင်တွယ်ဖြေရှင်းခြင်းအားဖြင့် နိုင်ငံတကာနဲ့ ပြည်သူတွေရဲ့ ဥပဒေနဲ့ တရားစီရင်ရေးဆိုင်ရာ လေးစားအသိအမှတ်ပြုမှုကို တည်ဆောက်ထားနိုင်ဖို့ လိုအပ်နေတာပါ။
ဝါရှင်တန်ဒီစီမှ ရှေ့နေ Rosalin Zahau က “နေရာတိုင်းနီးပါးမှာလေ တရားဝင်မဟုတ်တဲ့ တရားစီရင်ရေးလို့ပဲ ကျမတို့ ပြောရမှာပေါ့။ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေဆိုရင် တိုင်းရင်းသားတွေ ဖော်ဆောင်တဲ့ဟာ၊ ပြီးတော့ အညာမှာဆိုလို့ရှိရင်လည်း နဂိုကတည်းက ရှိထားတဲ့ ရိုးရာ တရားစီရင်ရေးပုံစံမျိုးနဲ့ သွားတာ။ NUG ကြီးစိုးတဲ့ နေရာမှာတွေမှာ ဆိုရင်လည်း NUG ရဲ့စနစ် စသဖြင့် ဖော်ဆောင်ကြတာတွေ ရှိတယ်။ ပြည့်စုံလားဆိုတော့ လုံးဝမပြည့်စုံဘူးလေနော်။ အကုန်လုံးကိုလည်း သူတို့ လွှမ်းခြုံလို့မရဘူး။ ဒါပေမဲ့ ရှိနေတဲ့ဟာလေးတွေ ဘယ်လိုသွားနေလဲ၊ ဘယ်လိုအကူအညီ လိုအပ်နေကြလဲ၊ ကောင်းတဲ့အကွက် တခုနှစ်ခုရှိရင်လည်း အဲဒီလိုမျိုးလေးတွေ ဖော်ပြပေးတာ၊ စိန်ခေါ်မှုတွေကိုလည်း ဖော်ပြပေးတာ၊ ဘယ်လိုအကူအညီတွေ လိုအပ်တာ ဆိုတာမျိုးလေ။ အခု နိုင်ငံတကာကလည်း အဲဒါတွေပဲ သိချင်နေတာလေ။ အခုက လက်နက်နဲ့ အချင်းချင်း တိုက်နေတယ် ဆိုတာပဲ ကြားနေတာ။ လုံခြုံရေးအရဆိုပြီးတော့ သုတေသနလုပ်မဲ့လူတွေကိုလည်း သတင်းတွေ သိပ်မပေးချင်ကြဘူးလေ၊ တချို့နေရာမှာတော့ ဟုတ်ပါတယ်၊ သူတို့လုပ်တာကောင်းတယ်။ လုံးဝ မင်းမဲ့စရိုက်နဲ့ ဖြစ်နေတာထက် စာလို့ရှိရင် စနစ်ရှိပြီးတော့ အမှုတွေ ကိုင်တွယ်နိုင်တာရှိလို့ရှိရင်လည်း ကောင်းတယ်” လို့ ပြောပါတယ်။
လက်တွေ့ မြေပြင်မှာတော့ စစ်တပ်နဲ့ဖြစ်ပေါ်နေတဲ့ စစ်ရေးပြဿနာတွေအပြင် တော်လှန်ရေး လက်နက်ကိုင်အစုအဖွဲ့ အားလုံးဟာ NUG ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိနေတာမဟုတ်တဲ့အတွက် စီရင်ချက် ထွက်လာရင်တောင် အရေးယူ အပြစ်ပေးနိုင်ဖို့ စိန်ခေါ်ချက်တွေ ရှိနေတာပါ။
ဒါ့အပြင် နေရာစုံကို လူကိုယ်တိုင် သွားရောက်အမှုစစ်ဆေးဖို့ မဖြစ်နိုင်တဲ့အတွက် NUG တရားရေးနဲ့ ပြည်ထဲရေးက အမှုတချို့ကို အွန်လိုင်းကနေ စစ်ဆေးခဲ့ရတာပါ။
အဲဒီအခြေအနေမှာ တရားပြိုင်နှစ်ဖက် လွတ်လွတ်လပ်လပ် ထွက်ဆိုချက်ပေးနိုင်မှု ရှိ၊ မရှိ ဗီဒီယိုကင်မရာ ဖွင့်ခိုင်းပြီး သေချာအောင် လေ့လာစောင့်ကြည့်ရတယ်လို့ NUG ပြည်ထဲရေးဒုဝန်ကြီး ဦးကျော်နီက ရှင်းလင်းပါတယ်။
“ယူနစ်အစိုးရတွေလည်း ပေါ်လာပြီ ဆိုတဲ့အခါကျတော့ ပြည်သူလူထုရော ကျနော်တို့ ယန္တရားထဲကရော မတရားမှုတွေ ကြုံနေရတယ်၊ အခက်အခဲတွေရှိတယ်။ ဒီလိုမျိုးတွေ ရင်ဆိုင်ကြုံတွေ့နေရတယ်ဟေ့ ဆိုရင် တိုင်ကြားလို့ရတယ်။ တိုင်ကြားပြီးသွားပြီ ဆိုလို့ရှိရင်လည်း ဒီဘက်ကနေ အရေးယူမှုတွေကတော့ ရှိပါတယ်။ တိုင်ကြားမှုတွေကို အမြဲတမ်း စုံစမ်းစစ်ဆေးမှုတွေကတော့ ကျနော် ပြည်ထဲရေးဝန်ကြီးဌာနဘက် စရောက်ကတည်းက တွေ့နေပါတယ်။ နဂိုကတည်းက လုပ်နေတဲ့ လုပ်လက်စတွေ၊ တချို့ဟာတွေက ဌာနတွင်းအမှုတွေ ဖြစ်တယ်။ ဒီလိုမျိုးတွေ ဖြစ်တဲ့အတွက်ကြောင့် လူထုကို ထုတ်ပြန်တာမျိုး၊ ဘယ်အမှုကိုတော့ ဘယ်လိုဆောင်ရွက်လိုက်တယ် ဆိုတာမျိုးတော့ မရှိဘူး။ ပြည်သူလူထု စိတ်ဝင်စားတဲ့ အမှုတွေ ဆိုလို့ရှိရင်တော့ ထုတ်ပြန်တာမျိုးတွေတော့ ရှိတယ်ပေါ့။ တိုင်ကြားစာတော်တော်များများကို အရေးယူ ဖြေရှင်းမှုတွေ ရှိခဲ့ပါတယ်။”
တော်လှန်ရေးအောင်ချိန်မှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ယန္တရားတွေ တပြိုင်တည်း အင်အားရှိနေဖို့ ဥပဒေရေးရာအဖွဲ့အစည်းတွေက လိုလားနေတာပါ။
ဒီလိုဖြစ်လာဖို့အတွက် တော်လှန်ရေးကာလတလျှောက် ဥပဒေနဲ့ တရားစီရင်ရေးဆိုင်ရာ ဖြစ်စဉ်တွေကို သုတေသနပြု လေ့လာစောင့်ကြည့်ခြင်းအားဖြင့် အားသာချက်၊ အားနည်းချက်တွေကို တွေ့ရှိပြီး မိမိဒေသနဲ့ကိုက်ညီတဲ့ အခြေအနေတရပ်ကို ပြင်ဆင် အသုံးပြုနိုင်မယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးထားပါတယ်။
သုတချမ်းသာ











