DVB Logo
Home
မြန်မာသတင်း
ဆိုရှယ်မီဒီယာတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသူများကို စစ်အုပ်စု ဆက်တိုက်ဖမ်းဆီးနေ
မြတ်သဇင်
·
June 11, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အာဏာသိမ်းစစ်အုပ်စုဟာ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေကို စောင့်ကြည့်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသူတွေကို ပစ်မှတ်ထား ဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။ 

မကြာခင် ကျရောက်တော့မဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့လို အထိမ်းအမှတ်နေ့တွေမှာ အွန်လိုင်းစောင့်ကြည့်မှု ပိုများလာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ ကိုယ့်ရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးကို အထူးဂရုစိုက်ကြဖို့ နည်းပညာနဲ့ လုံခြုံရေးအရေး လေ့လာသူတွေက တိုက်တွန်းထားပါတယ်။

အာဏာသိမ်း စစ်အုပ်စုနဲ့ စစ်အုပ်စုလော်ဘီတွေ၊ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေက Facebook, Telegram, YouTube နဲ့ TikTok စတဲ့ လူမှုကွန်ရက် စာမျက်နှာတွေကို စောင့်ကြည့်ပြီး စစ်တပ်ကို ဝေဖန်ရေးသားသူတွေအပေါ် ပစ်မှတ်ထား ဖမ်းဆီးမှုတွေ လစဉ် ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတယ်လို့ မြန်မာအင်တာနက်ပရောဂျက် (MIP) ရဲ့ စောင့်ကြည့်လေ့လာမှုတွေအရ သိရပါတယ်။

မကြာသေးခင်ကပဲ သမ္မတပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးရဲ့ သတင်းအောက်မှာ မှတ်ချက်ရေးသားခဲ့တဲ့ အသက် ၆၈ နှစ်အရွယ် အဘွားအိုကို ဇွန် ၅ ရက်က စစ်အာဏာရှင် တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့သလို ဇွန် ၆ ရက်နေ့မှာလည်း စစ်အာဏာရှင် မင်းအောင်လှိုင် အကြောင်း သီဆိုထားတဲ့ "လရောင်အောက်က ကုမုဒြာ" သီချင်းအောက်မှာ မှတ်ချက်ပေးခဲ့တဲ့ တောင်ကြီးမြို့နယ်က အမျိုးသမီးတယောက်ကို ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခဲ့ပါတယ်။

ဒီလိုဖမ်းဆီးမှုတွေဟာ ပြည်သူတွေအကြား အကြောက်တရား သွတ်သွင်းဖို့ ရည်ရွယ်တာလို့ မြန်မာအင်တာနက်ပရောဂျက် (MIP) မှ ဒီဂျစ်တယ်လွတ်လပ်ခွင့်အရေး လေ့လာသူ ကိုသစ်ဉာဏ်က သုံးသပ်ပါတယ်။

“စစ်အုပ်စုက ဆိုရှယ်မီဒီယာပေါ်မှာ အများပြည်သူက သူတို့နဲ့ ပတ်သက်ပြီးတော့ သူတို့ကို ဝေဖန်တာ၊ ထောက်ပြတာ၊ အပြစ်တင်တာ၊ ဒါမှမဟုတ် သူတို့ကို ဆန့်ကျင်ကန့်ကွက်တာပေါ့၊ ဆိုတော့ ဒီလိုဟာမျိုးကို သူတို့က ဆိုရှယ်မီဒီယာ Platform တွေပေါ်မှာ မရှိစေချင်ဘူးပေါ့။ မရှိစေချင်တဲ့အတွက် ဟုတ်လား၊ ဒီလိုမျိုး Post ရေးတာပဲဖြစ်ဖြစ်၊ Comment ပေးတာပဲဖြစ်ဖြစ်၊ Reaction ပေါ့နော် ပေးတာပဲဖြစ်ဖြစ် သူတို့က ဖမ်းဆီးအရေးယူမှုတွေ၊ စောင့်ကြည့်ပြီးတော့ ဖမ်းဆီးအရေးယူမှုတွေကို တမင်တကာလည်း လုပ်ပြနေတာ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ ရေးလို့ရှိရင် ငါတို့က အဖမ်းခံရနိုင်တယ်၊ ဘယ်သူမဆိုပေါ့၊ အသက်အရွယ်အားဖြင့်ပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ရေးလို့ရှိရင် သူတို့ကို ဝေဖန်တဲ့ဟာတွေ ရေးလို့ရှိရင် ငါတို့ အဖမ်းခံရမယ်ဆိုတဲ့ အကြောက်တရားကိုလည်း ရိုက်သွင်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ Freedom of Expression ကိုလည်း ကန့်သတ်နေတဲ့ဟာတွေ ဖြစ်တယ်၊ ဒါကြောင့်မလို့ တော်တော်ကို အန္တရာယ်ရှိတဲ့ အခြေအနေ ဖြစ်တယ်။”

လက်ရှိမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ Proof of Life တောင်းဆိုမှု ကမ်ပိန်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြသလို မကြာခင် ကျရောက်တော့မဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့လို အထိမ်းအမှတ်နေ့မျိုးမှာ စစ်အုပ်စုက ဆိုရှယ်မီဒီယာကို ပိုပြီး စောင့်ကြည့်လာနိုင်ပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ အွန်လိုင်းကနေ အသံထွက်မှုတွေ ဆက်လုပ်ရင်း မိမိရဲ့ ဒစ်ဂျစ်တယ် လုံခြုံရေးကိုလည်း အထူးသတိထားကြဖို့ ရန်ကုန်အခြေစိုက် ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းမှ ကိုရေဘဝဲက တိုက်တွန်းပါတယ်။

“အခု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ရောက်လာပြီ၊ မွေးနေ့နား နီးလာပြီ။ ဒါမျိုးတွေလည်း ဖြစ်လာနိုင်တယ်။ နောက် လှုပ်ရှားမှုတွေ ဒီလို အထိမ်းအမှတ်နေ့ရက်တွေမှာလည်း ဒါမျိုးတွေ ဖြစ်လာနိုင်တယ်ပေါ့။ ဆိုတော့ ဟို ဒါမျိုးတွေကိုလည်း ကြောက်နေစရာမလိုဘူး။ ကြောက်ဖို့မလိုအောင် ကိုယ့်ဘက်က အရင်ဆုံး ခြေလှမ်းပြင်ဆင်ထားဖို့ လိုမယ်။ အဲတော့ ပြင်ဆင်ထားရမဲ့ ခြေလှမ်းကတော့ ရှင်းလည်းရှင်းတယ်၊ လွယ်လည်းလွယ်ပါတယ်။ ကိုယ့်ရဲ့ Profile၊ ကိုယ့်ရဲ့ လူမှုကွန်ရက်စာမျက်နှာ personal account တွေကို lock ချထားပါ။ သော့ခတ်ထားပါ။ နောက်တခုက ကိုယ့်ရဲ့ friend list ထဲမှာ စစ်တပ်ကို သတင်းပေးနိုင်တဲ့သူတွေ၊ စစ်တပ်နဲ့ နီးစပ်ရာအသိုင်းအဝိုင်းတွေကို unfriend သူငယ်ချင်းအဖြစ်ကနေပြီးတော့ ထုတ်ပယ်ထားပါ။”

Data for Myanmar ရဲ့ အချက်အလက်တွေအရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း အွန်လိုင်းပေါ်က ရေးသားပြောဆိုမှုတွေကြောင့် ဖမ်းဆီးခံရသူပေါင်း ၁,၆၉၁‌ ယောက် ရှိခဲ့ပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013