
စစ်အာဏာရှင်တပ်ရဲ့ အဆက်မပြတ် စစ်ကြောင်းထိုး တိုက်ခိုက်မှုတွေကြောင့် ကျောင်းဖွင့်ကာလ ဇွန် ၁ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ ဒေသတွေက ကြားကာလ စာသင်ကျောင်းတွေ ဖွင့်လှစ်ဖို့ အခက်အခဲတွေ ကြုံနေရပါတယ်။
ဇွန် ၁ ရက်နေ့ဟာ မြန်မာနိုင်ငံအနှံ့က အခြေခံပညာ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တဲ့နေ့ ဖြစ်ပါတယ်။
စစ်တပ် ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာတော့ အခြေခံပညာအဆင့် ကျောင်းတွေမှာ အောင်စာရင်းတွေ ထုတ်ပြန်ပြီးတဲ့နောက် ကျောင်းဖွင့်ဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ စစ်တပ်ကို ခုခံတော်လှန်မှု အားကောင်းတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေကိုတော့ မေလထဲမှာ စစ်တပ်က မြေပြင်စစ်ကြောင်းထိုးတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောကြပါတယ်။
ဒီအခြေအနေတွေကြောင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းက ကြားကာလ စာသင်ကျောင်းတွေဟာ တနိုင်ငံလုံး ကျောင်းဖွင့်ရက်ဖြစ်တဲ့ ဇွန် ၁ ရက်မှာ ဖွင့်လှစ်ဖို့ မပြင်ဆင်နိုင်သေးပါဘူး။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်ကိုတော့ စစ်တပ်က ဧပြီ ၂၀ ရက်ကတည်းက စစ်ကြောင်းထိုး ဝင်ရောက်နေပြီး မီးရှို့နေတဲ့အတွက် စစ်ကြောင်းနဲ့နီးတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
ရေစကြိုမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ဒေသမှာ စာသင်ကျောင်း ၁၃၃ ကျောင်း ရှိပြီး ကလေးတွေ ပညာရေး အဆက်မပြတ်ဖို့အတွက်တော့ စစ်ကြောင်းအခြေအနေကို လိုက်ပြီး စာသင်ကျောင်းတွေကို အလှည့်ကျစနစ်နဲ့ ဖွင့်လှစ်သင်ကြားနေရတယ်လို့ ပညာရေးတာဝန်ရှိသူက ပြောပါတယ်။
“ပညာကလည်း သင်ရသေးတယ်၊ ကြောက်ကြောက်လန့်လန့်လည်း ဖြစ်ရသေးတယ်၊ ဒီကြားထဲ ရှောင်ရ တိမ်းရ ဆိုတော့ စစ်ကြောင်းရက်ကြာလာရင် ကလေးတွေကိုက မနည်း ပြန်စုရတာလေ။ စစ်ကြောင်းက လချီကြာရင်တော့ ကလေးတွေကို မနည်းပြန်စုရတာ။ စစ်ကောင်စီ ကျောင်းတွေလိုတော့ သတ်မှတ်လို့မရဘူး။ ဇွန်လ ၁ ရက်နေ့ဖွင့်ရမယ်၊ အဲလိုမျိုး သတ်မှတ်လို့မရဘူး။ ဘာလို့လဲဆို စစ်ကြောင်းထိုးတဲ့နေ့ နေရာက တနေရာဆို စစ်ကြောင်းမထိုးတဲ့ နေရာတော့ ဖွင့်လို့ရတယ်ပေါ့။ စစ်ကြောင်းကလည်း တမြို့လုံး ပတ်သွားနေတာဆိုတော့ အလှည့်ကျသဘောမျိုးပေါ့။”
မိဘတွေအနေနဲ့လည်း စစ်ကြောင်းထိုးလို့ အချိန်မရွေး စစ်ဘေးတိမ်းရှောင်ဖို့ ပြင်ဆင်ထားရတဲ့အတွက် ကလေးတွေကို ကျောင်းမထားတော့တာတွေလည်း ရှိနေပါတယ်။
စစ်ကိုင်းတိုင်းမှာတော့ ယင်းမာပင်၊ ဆားလင်းကြီး၊ ပုလဲ၊ ရွှေဘို၊ ကနီ စတဲ့မြို့နယ်တွေကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် စစ်ကြောင်းနဲ့နီးတဲ့ ကျေးရွာတွေက စာသင်ကျောင်းတွေကို ပိတ်ထားရပြီး စစ်ဘေးတိမ်းရှောင်ရတဲ့ တောတောင်တွေနဲ့ စစ်ရှောင်စခန်းတွေမှာပဲ ကိုယ်ထူကိုယ်ထ စာသင်ခန်းလေးတွေ ဖွင့်လှစ်ကာ စေတနာ့ဝန်ထမ်းတွေနဲ့ သင်ကြားနေရတယ်လို့ ဆားလင်းကြီးမြို့နယ် ဒေသခံက ပြောပါတယ်။
“ကလေးတွေရဲ့ ပညာရေးကတော့ အခု သင်လိုက်၊ စစ်ကြောင်းလာရင် ပြေးလိုက်လွှားလိုက်နဲ့ လုံးချာပတ်ချာလိုက်လာကြတာ၊ ၅ နှစ်အတွင်းတောင် ရှိလာပြီပေါ့နော်။ စစ်ကြောင်းပြန်ငြိမ်သွားလို့ ကိုယ့်ရွာ ကိုယ်ပြန်ကြတဲ့ အချိန်မှာ စာလေးပြန်သင်လိုက်၊ ဒီလိုပဲ သွားနေရတဲ့ အနေအထားပေါ့နော်။ ရွာတွေကို စွန့်ခွာပြီးတော့ နေနေကြတဲ့ နေရပ်စွန့်ခွာ စခန်းတွေမှာဆိုရင် သူတို့နေတဲ့ နေရာလေးမှာပဲ volunteer ဆရာ ဆရာမလေးတွေနဲ့ ဦးဆောင်ပြီးတော့ ကလေးငယ်လေးတွေကို စာသင်ပေးတဲ့ အနေအထားမျိုးလေးတွေတော့ ရှိတာပေါ့။”
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ကိုလည်း စစ်တပ်က မေလထဲမှာ တပ်သားအင်အား ၅၀၀ ကျော်နဲ့ စစ်ကြောင်း ၂ ကြောင်း ထိုးနေတဲ့အတွက် စာသင်ကျောင်းတွေကို ပိတ်ထားရပြီး ဇွန် ၁ ရက်နေ့မှာလည်း ပြန်ဖွင့်ဖို့ မသေချာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် စစ်ရေးမတည်ငြိမ်တဲ့ ဒေသတွေမှာတော့ ကလေးတွေ ပညာရေး အဆက်မပြတ်စေဖို့ အတွက် အခြေအနေအလိုက် ဒေသအခြေပြု ပညာရေးစနစ်၊ community-based learning၊ ယာယီစာသင်နေရာတွေအပြင် online/offline alternative learning စနစ်တွေကို အသုံးပြုပြီး သင်ကြားနေရတယ်လို့ သိရပါတယ်။
သီရိ










