
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ကြိုးကြာအုပ်စု၊ ကျားကြီးကွင်းကျေးရွာမှာ သြဂုတ် ၄ ရက်က ဧည့်သည်က ဟင်းကောင်းမချက်လို့ ဆဲဆိုထိုးကြိတ်ရာကနေ အိမ်ရှင်က ဓားနဲ့ခုတ်သတ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
သြဂုတ် ၄ ရက်က ကျားကြီးကွင်းကျေးရွာမှာ တရွာတည်းနေ ကိုပြုံးချိုက ကိုကျော်ထူးအိမ်မှာ ထမင်းသွားစားရာ မျှစ်နဲ့ ငပိရည်သာ ကျွေးတယ်ဆိုပြီး ဆဲဆိုထိုးကြိတ်ရာက အိမ်ရှင်ဖြစ်သူက ဓားနဲ့ခုတ်ခဲ့တာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
"အရက်မူးပြီး သူများအိမ် ထမင်းသွားစားတယ်၊ အိမ်ရှင်က ရှိတာချကျွေးတာကို ဟင်းကောင်းမချက်လို့ဆိုပြီး ဆဲဆိုထိုးကြိတ်တော့ အိမ်ရှင်က ဓားနဲ့ခုတ်လိုက်ရော၊ အိမ်မှာ နေရင်းထိုင်ရင်း လူသတ်မှုဖြစ်တာ။”
ဓားခုတ်မှုဖြစ်ပြီးနောက် ဓားနဲ့ခုတ်ခဲ့သူ ကိုကျော်ထူးမှာ အမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး ကျေးရွာက ရပ်မိရပ်ဖတယောက်ကို ပြောဆိုကာ ထွက်ပြေးခဲ့ပေမဲ့ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
"ပြစ်မှုကျူးလွန်သူကို ကိုင်းခုတ်ဓားနဲ့အတူ ဖမ်းမိပါတယ်။ လတ်တလော ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်။”
လတ်တလောမှာ ပြစ်မှုကျူးလွန်သူ ကျော်ထူးကို ထုံးဘိုနယ်မြေရဲစခန်း (ပ) ၃၁/၂၀၂၆၊ ပုဒ်မ- ၃၀၂ နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။










