
ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ ကျုံဒါးကျေးရွာမှာ ဒေသခံအမျိုးသမီးတယောက် ဓားနဲ့ ဝိုင်းဝန်းခုတ်ခံရတဲ့ ဖြစ်စဉ်ကို ရဲစခန်းက အမှုဖွင့်မပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၆ ရက်က ကျုံဒါးကျေးရွာမှ မထက်ထက်မိုးနဲ့ ကိုကျော်စွာဦးရဲ့ ညီမဖြစ်သူတို့ အမျိုးသမီးချင်း စကားများ ရန်ဖြစ်ခဲ့ကြတာမှာ ကိုကျော်စွာဦး အပါအဝင် အမျိုးသား ၄ ယောက်က မထက်ထက်မိုးကို စိန်ခေါ်ပြီး ငှက်ကြီးတောင်ဓားနဲ့ ဝိုင်းဝန်းခုတ်ခဲ့ကြလို့ မထက်ထက်မိုးမှာ လက်မောင်းနဲ့ ခန္ဓာကိုယ်အနှံ့ ဓားဒဏ်ရာတွေ ပြင်းထန်စွာ ရရှိခဲ့တာပါ။
ဓားနဲ့ခုတ်ခံရတဲ့ မထက်ထက်မိုးဟာ ဩဂုတ် ၁၀ ရက်မှ ၂၀ ရက်အတွင်း စစ်အာဏာရှင် လက်အောက်ခံ ဒေးဒရဲမြို့နယ်၊ ကျုံဒါးရဲစခန်းကို သွားရောက် အမှုဖွင့်ရန် တိုင်ကြားခဲ့ပေမဲ့ ရဲစခန်းက အမှုဖွင့်မပေးဘူးလို့ ဖြစ်စဉ်ကို သိတဲ့ ဒေသခံက ပြောပါတယ်။
"မထက်ထက်မိုးကို ဓားနဲ့ခုတ်တဲ့ ကျော်စွာဦးက ဒေသခံ ပြည်သူ့စစ်အဖွဲ့ဝင် ဖြစ်တယ်။ စစ်တပ်နဲ့လည်း ဆက်စပ်သူဖြစ်တာကြောင့် ရဲစခန်းဘက်က အမှုဖွင့်မပေးတာလို့ ထင်ပါတယ်။”
ဒီဖြစ်စဉ်ကို ကျုံဒါးနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝင်းနိုင်က ကျူးလွန်သူတွေဘက်က လာဘ်ငွေ ရယူထားလို့ အမှုဖွင့်မပေးတာလို့ ရဲစခန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“စခန်းမှူး ဝင်းနိုင်က ငွေကြေးချမ်းသာတဲ့သူ၊ လာဘ်ငွေ ထိုးနိုင်တဲ့သူတွေဘက်ပဲ လိုက်တာပါ။ စက်သုံးဆီ မှောင်ခိုရောင်းသူကို ဖမ်းပြီး လာဘ်ငွေယူကာ အမှုဖျောက်ထားဖူးသူ ဖြစ်ပါတယ်။ အမှုတော်တော်များများကိုလည်း ငွေယူပြီး အမှုဖျောက်တာတွေ လုပ်နေတာပါ။”
ကျူးလွန်ခံရတဲ့ မထက်ထက်မိုးဟာ တရားမျှတမှု ရရှိရေးအတွက် အကူအညီ လိုအပ်နေပြီး စစ်အာဏာရှင် လက်အောက်ခံ ရဲတွေဘက်က စစ်မှုထမ်းခိုင်းဖို့ ခြိမ်းခြောက်နေလို့ အကူအညီပေးမဲ့သူတွေ အခက်တွေ့နေတယ်လို့ ဒေသခံက ဆိုပါတယ်။
ဒါ့အပြင် ကျုံဒါးနယ်မြေ ရဲစခန်းမှူး ရဲအုပ် ဝင်းနိုင်ဟာ လောင်းကစားဒိုင်တွေထံကနေ လစဉ် ငွေကြေးရယူကာ တရားမဝင် လောင်းကစား လုပ်ပိုင်ခွင့်ပေးထားတာ၊ ညအချိန် လှည့်ကင်းနဲ့ ဧည့်စာရင်း စစ်ဆေးရာမှာ လူငယ်တွေကို အဓမ္မဖမ်းဆီးကာ စစ်မှုထမ်းဖို့ ရောင်းစားတာတွေကိုပါ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။











