
ပဲခူးတိုင်း တောင်ငူမြို့နယ် အုတ်ကျွတ်တန်း ၁၀ ရပ်ကွက် ၁၀ လမ်းရှိ နေအိမ်တအိမ်မှာ စက်တင်ဘာ ၃၀ ရက် မနက် ၅ နာရီက မိခင်ဖြစ်သူ စီမံကိန်းဦးစီးအရာရှိကို သားဖြစ်သူက ဓားနဲ့ခုတ်သတ်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ မနက် ၅ နာရီက အုတ်ကျွတ်တန်း ၁၀ ရပ်ကွက် ၁၀ လမ်းရှိ နေအိမ်တအိမ်မှာ မိခင်ဖြစ်သူကို ဆေးကြောင်နေတဲ့ သားဖြစ်သူက ဓားမနဲ့ခုတ်သတ်ခဲ့တာလို့ မြိုခံတယောက်က DVB ကို ပြောပါတယ်။
“အမေကို ဆေးကြောင်ပြီး ဓားမနဲ့ခုတ်တာ၊ ၇ ချက်လောက်ရှိတယ်။ လက်တွေ၊ မျက်နှာတွေ နေရာအစုံပဲ။ ရပ်ကွက်ကလူတွေပဲ လူနာတင်ယာဥ်ကို ဖုန်းဆက်ပြီး ဆေးရုံပို့ပေးတာ၊ လမ်းတဝက်မှာ ဆုံးသွားတယ်။ ဓားနဲ့ခုတ်ခံရတဲ့ အမျိုးသမီးက စီမကိန်းဦးစီးအရာရှိ။”
ဓားခုတ်မှုဖြစ်ပြီးနောက် သားဖြစ်သူကို ရပ်ကွက်နေသူတွေက ဖမ်းဆီးခဲ့ပြီးနောက် စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့ထံ အပ်နှံပေးခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူအမျိုးသမီးမှာ ရေတာရှည်မြို့နယ်မှာ စီမံကိန်းဦးစီးအရာရှိ တာဝန်ထမ်းဆောင်နေသူ အသက် ၄၉ နှစ်အရွယ် ဒေါ်ငြိမ်းငြိမ်းအိဖြစ်ပြီး ဖြစ်တယ်လို့ Non CDM ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
“အများကပြောသလို မူးယစ်ဆေးကြောင့်ပဲ မိဘကို ပြန်သတ်တဲ့အထိ ဖြစ်သွားတာပေါ့။ မူးယစ်ဆေးဝါးကလည်း နေရာတိုင်းမှာ လိုချင်ရင် လိုသလောက်ရနေတော့ ဒီလိုပြစ်မှုတွေ ဖြစ်လာတာ မဆန်းဘူး။”
လတ်တလောမှာ ပြစ်မှုကျူးလွန်သူ မောင်ဟန်ထူးအောင်ကို တောင်ငူမြို့နယ် ရဲစခန်းက (ပ)၂၁၄/၂၀၂၆၊ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
မနေ့ ညနေ ၅ နာရီကလည်း ပဲခူးမြို့နယ် ဥဿာမြို့သစ် ၈ ရပ်ကွက် မြို့ရှောင်လမ်းရှိ နေအိမ်တအိမ်မှာ အသက် ၃၀ အရွယ် အမျိုးသမီးတယောက် ဓားနဲ့ထိုးခုတ်သတ်ဖြတ်ခံရတဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။










