
ပဲခူးတိုင်း၊ တောင်ငူမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (၄ မိုင်) က ၁၂ တန်းကျောင်းသား တယောက် နိုဝင်ဘာ ၁၁ ရက် မွန်းတည့် ၁၂ နာရီလောက်က ဓားနဲ့ထိုးခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ကျောင်းလွှတ်ချိန် သူငယ်ချင်းတွေနဲ့အတူ နေအိမ်ကိုပြန်လာစဥ် သပြေလှကျေးရွာ ထရန်စဖော်မာ အနီးမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ် ၂ ယောက်နဲ့ စကားများရာက ဓားနဲ့ထိုးခံရတာလို့ ကျောင်းသား မိဘ တယောက်က ပြောပါတယ်။
“၁၂ တန်းကျောင်းသား ၃ ယောက် လမ်းလျှောက်လာရင်း သပြေလှရွာနားမှာ ဆိုင်ကယ်စီးလာတဲ့ ကောင်လေး ၂ ယောက်နဲ့ စကားများတယ်။ ဆိုင်ကယ်အနောက်က စီးလာတဲ့ကောင်လေး ဓားနဲ့ ထိုးတာ ၁၂ တန်းကျောင်းသားတယောက် ပွဲချင်းပြီး သေသွားတယ်။ မောင်းတဲ့သူကလည်း နောက်ကျောင်းသား ၂ ယောက်ကို ဓားနဲ့လိုက်ထိုးတယ်။ ပြေးတာမြန်လို့ မထိုးမိတာ။”
သေဆုံးသူမှာ တောင်ငူမြို့နယ် ၄ မိုင်ဒေသ အခြေခံပညာအထက်တန်းကျောင်းမှာ ၁၂ တန်းတက် နေတဲ့ အသက် ၁၇ နှစ်အရွယ်ရှိ စိုင်းထွန်းအောင် ဖြစ်ပါတယ်။
ပြစ်မှုကျူးလွန်သူ ၂ ယောက်ကို နိုဝင်ဘာ ၁၂ ရက်က တောင်ငူမြို့ပေါ် တနေရာမှာ ရဲတွေက ဖမ်းမိခဲ့ပြီး အရိုးအသွား ၈ လက်မ ဓားမြှောင်တချောင်းနဲ့ အရိုးအသွား ၁၂ လက်မ ဓားမြှောင် တချောင်းကို သိမ်းဆည်းရမိခဲ့တယ်လို့ ပညာရေးဝန်ထမ်းတယောက်ကပြောပါတယ်။
“၁၂ တန်းကျောင်းသားကို ဓားနဲ့ထိုးသွားတဲ့ ကောင်လေးက ၁၇ နှစ်ပဲရှိသေးတယ်။ ၂ ယောက်စလုံးက ဓားမြှောင်တွေပါတယ်ဆိုတော့ အမြဲတစေ ဓားဆောင်ထားတဲ့သဘောရှိတယ်။ စခန်းမှာ စစ်ဆေးနေတယ်။”
လတ်တလောမှာ ပြစ်မှုကျူးလွန်သူ မောင်အေးမြတ်နိုင်နဲ့ လမင်းနိုင်တို့ ၂ ယောက်ကို တောင်ငူမြို့ အမှတ် ၃ နယ်မြေရဲစခန်းက (ပ) ၁၂၂/၂၀၂၆၊ ပုဒ်မ ၃၀၂/၁၁၄ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၄ ရက်ကလည်း ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ် အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းမှာ ကျောင်းသားတယောက်က ဓားနဲ့ထိုးလို့ အသက် ၁၇ နှစ်အရွယ်ရှိ ၁၂ တန်း ကျောင်းသူ မတွယ်တာဝေ သေဆုံးခဲ့ပါတယ်။
ဇွန် ၂၃ ရက်ကလည်း မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ယာဥ်တော်စံကျေးရွာရှိ မူလတန်းလွန်ကျောင်းမှာ အတန်းဖော်က ဓားနဲ့ထိုးလို့ ၆ တန်းကျောင်းသား မောင်ထက်ထူးအောင် သေဆုံးခဲ့ ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပညာရေးစနစ် အဘက်ဘက်က နိမ့်ကျသွားပြီး ကျောင်းအတွင်း မူးယစ်ဆေးဝါးသုံးစွဲတာ၊ အရက်သောက်တာ၊ အုပ်စုဖွဲ့ အနိုင်ကျင့် ထိုးကြိတ်တာတွေကြောင့် ကျောင်းဝင်းအတွင်း သေဆုံးခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေ ရှိပါတယ်။











