
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ အိမ်စီးကားနဲ့ ပေါ်တာလိုက်ဆွဲပြီး ခြိမ်းခြောက်ငွေတောင်းနေတဲ့ အဖွဲ့က ဗိုလ်ကြီးစည်သူဖြိုးကို စက်တင်ဘာ ၁၁ ရက် မနက် ၂ နာရီမှာ စစ်အာဏာရှင် လက်အောက်ခံရဲတွေက ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
လူငယ်တွေကို အိမ်စီးကားနဲ့ ပေါ်တာလိုက်ဆွဲပြီး စစ်မှုထမ်းအတွက် ပြန်ရောင်းနေတဲ့အဖွဲ့က ဦးဆောင်သူ ဗိုလ်ကြီးစည်သူဖြိုး ဆိုသူကို အာဏာရှင်လက်အောက်ခံရဲတွေက စက်တင်ဘာ ၁၁ ရက် မနက် ၂ နာရီ မိုင်ဒါကွင်းအနီးမှာ ဖမ်းမိခဲ့တာလို့ ဖြစ်စဥ်သိသူတယောက်က DVB ကို ပြောပါတယ်။
“ညဘက် အိမ်စီးကားနဲ့ အဖွဲ့လိုက် ပေါ်တာဆွဲတယ်၊ ပိုက်ဆံရှိတဲ့သူတွေ ညတွင်းချင်း သိန်း ၅၀ သိန်း ၆၀ နဲ့ ပြန်ရွေးခိုင်းတယ်။ မရှိတဲ့သူဆို စစ်မှုထမ်း လူအစားထိုးအတွက် ပြန်ရောင်းတယ်။ အခုမိတာ အဲဒီအဖွဲ့ခေါင်းဆောင်၊ သူ့ရဲ့နောက်လိုက်တွေ မမိဘူး။”
အဲဒီအဖွဲ့မှာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးသလို စစ်မှုထမ်းထဲက ပြန်ထုတ်ပေးမယ်ဆိုပြီး ငွေလိမ်နေတဲ့အဖွဲ့လည်း ဖြစ်တယ်လို့ Non CDM ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
“မိတဲ့သူက တပ်မ ၇၇ က ဗိုလ်ကြီးလို့ ပြောတယ်၊ တပ်ဘက်က အယောင်ဆောင်ဆိုပြီး ငြင်းတယ်။ ပေါ်တာလည်း ဆွဲတယ်၊ စစ်မှုထမ်းထဲက ထုတ်ပေးမယ်ဆိုပြီးလည်း ငွေလိမ်တယ်။ တောင်ငူမှာ စစ်မှုထမ်းထဲက ထုတ်ပေးမယ်ဆိုပြီး တယောက်ကို သိန်း ၆၀၊ သိန်း ၇၀ လိမ်ထားတာ မနည်းဘူး ဖမ်းမိတာ။ စစ်မှုထမ်းကနေ ထုတ်ပေးမယ်ဆိုပြီး ငွေလာယူတဲ့အချိန် ဖမ်းမိတာ။”
စစ်မှုထမ်းထဲနေ ပြန်ထုတ်ပေးမယ်ဆိုပြီး အမှတ် ၁၀ ရပ်ကွက်၊ ၂၃ ရပ်ကွက်၊ သဖန်းပင်၊ အလယ်ကျွန်း အပါအဝင် ကျေးရွာအချို့မှာ လူမှုကွန်ရက်ကနေ ငွေကြေးလိမ်လည်ထားသူလည်း ဖြစ်တယ် လို့ ဆိုပါတယ်။
လတ်တလောမှာ တောင်ငူမြို့မရဲစခန်းက ဗိုလ်ကြီးစည်သူဖြိုး(ခ)ငြိမ်းဖြိုးအား (ပ) ၇၃/၂၀၂၆ ပုဒ်မ ၃၆၅ နဲ့ အမှုဖွင့်ထားတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်နဲ့ စက်တင်ဘာ ၄ ရက်ကလည်း ရန်ကုန်တိုင်း အင်းစိန်နဲ့ လှိုင်သာယာမြိုနယ်မှာ လူငယ် ၅ ယောက်ကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မီးသတ်တပ်ခွဲမှူး၊ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူး စတဲ့ ၉ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။
စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ သမ္မတဖြစ်သွားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထုတ်ပြန်ခဲ့ပြီးနောက် မတ် ၂၈ ရက်မှာ စစ်မှုထမ်းအပတ်စဥ် ၁ ကို စတင်ခေါ်ယူခဲ့ရာ အခုဆို စစ်မှုထမ်းအပတ်စဥ် ၂၉ ကို ရောက်ရှိလာပြီဖြစ်ပါတယ်။











