
ပဲခူးတိုင်း တောင်ငူမြို့နဲ့ ရန်ကုန်တိုင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တို့မှာ စုစုပေါင်း ငွေကျပ် ၁ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို လူ ၃ ယောက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်အာဏာရှင်လက်အောက်ခံ မူးယစ်ဆေးဝါးထိန်းချုပ်မှု ဗဟိုကော်မတီ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဩဂုတ် ၃၀ ရက်က တောင်ငူမြို့မှာ မူးယစ်ဆေးဝါး ပူးပေါင်းအဖွဲ့က ဘိန်းဖြူ ၆ ကီလိုဂရမ်ကျော်၊ စိတ်ကြွဆေးပြား ၈ သိန်းကျော်နဲ့ မော်တော်ယာဉ် ၂ စီးတို့ကို ပန်းအောင်နဲ့ မနော်ဌေးဌေးစိုးတို့ ၂ ယောက်ဆီကနေ ဖမ်းဆီးရမိခဲ့တာပါ။
ဒါ့အပြင် ဩဂုတ် ၃၁ ရက်ကလည်း ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၂) ရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတခုမှာ စိတ်ကြွဆေးပြား ၇၅,၀၀၀ ကျော်ကို နေဝင်းထွန်းထံမှ ဖမ်းဆီးရမိခဲ့ပြီး သူတို့ကို မူးယစ်ဆေးဝါးဥပဒေနဲ့ အရေးယူထားတယ်လို့ သိရပါတယ်။











