
ရခိုင်ပြည်နယ်၊ အဉ္ဇနပူရ(မင်းပြား)မြို့နယ်၊ သာယာကုန်းကျေးရွာမှာ လင်မယားချင်း စကားများကြရာကနေ လင်ဖြစ်သူကို မိန်းမက ဓားနဲ့ခုတ်သတ်ပြီး အလောင်းဖျောက်ခဲ့တယ်လို့ အာရက္ခ မှုခင်းနဲ့ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့က ဩဂုတ် ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဩဂုတ် ၄ ရက်နေ့က အဉ္ဇနပူရမြို့နယ်၊ ခမောင်းတောကျေးရွာနဲ့ မင်းပြားမြို့နယ်၊ ဝက်ခေါင်းကျေးရွာ တာတမံတခုနားမှာ အမျိုးသားတယောက် ကျွဲကျောင်းနေတုန်း အပုပ်နံ့ရတာကြောင့် လိုက်လံရှာဖွေရာမှာ ပြတ်ရှဒဏ်ရာတွေနဲ့ အမျိုးသားတယောက်ရဲ့အလောင်းကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
အဲဒီနောက် အဉ္ဇနပူရ မြို့မဒီလပ်စခန်းကို အကြောင်းကြားခဲ့ပြီး ဒီလပ်စခန်မှူးကိုယ်တိုင် သက်သေတွေနဲ့ သွားရောက်စစ်ဆေးရာ လည်ပင်းညာဘက်မှာ ပြတ်ရှဒဏ်ရာ ၁ ချက်၊ လည်မျိုမှာ ညိုမည်းဒဏ်ရာတွေနဲ့ ပုပ်ပွနေတဲ့ အမျိုးသားအလောင်းကို တွေ့ရှိခဲ့ရပြီး ရင်ခွဲစစ်ဆေးဖို့ ကျန်းမာရေးဌာနကို ပို့ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အမှုကို ဒီလပ်တပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးပြီးနောက် သေဆုံးသူဟာ အဉ္ဇနပူရမြို့နယ် သာယာကုန်ကျေးရွာက အသက် ၃၁ နှစ်အရွယ် ဦးမောင်လှသန်း ဖြစ်ပြီး အမှုဖွင့်တိုင်တန်းဖို့ မိသားစုဝင်တွေက ဇနီးဖြစ်သူ ဒေါ်သန်းသန်းဌေးကို တိုက်တွန်းခဲ့ကြပေမဲ့ ဇနီးဖြစ်သူက အမှုဖွင့်လိုတဲ့ ဆန္ဒမရှိကြောင်း ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အဲဒီနောက် စစ်ဆေးမှုတွေထပ်မံပြုလုပ်ပြီးနောက် သေဆုံးသွားသူ ဦးမောင်လှသန်းရဲ့ နေအိမ်က ဝါးထရံပေါ်မှာ မသင်္ကာဖွယ် သွေးစက်တွေကို ထပ်မံတွေ့ရှိခဲ့ပြီး ဓားနဲ့ခုတ်သတ်သူ ဇနီးဖြစ်သူ ဒေါ်သန်းသန်းဌေး၊ အလောင်းဖျောက်ရာမှာ ပါဝင်တဲ့ သေဆုံးသူရဲ့ ယောက်ဖဖြစ်သူ အသက် ၂၇ နှစ်အရွယ် ကိုစံလင်းချေ နဲ့ ယောက်ခမ အသက် ၅၇ နှစ်အရွယ် ဦးအောင်ကျော်သိန်း တို့ကို ဒီလပ်က သြဂုတ် ၇ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဇနီးသူ ဒေါ်သန်းသန်းဌေးရဲ့ ထွက်ဆိုချက်အရ သူတို့လင်မယားဟာ ဩဂုတ် ၃ ရက်နေ့ မနက် ၈ နာရီခွဲမှာ စကားများ ရန်ဖြစ်ခဲ့ကြပြီး ဦးမောင်လှသန်းက အရက်မူးပြီး ၃ လသားအရွယ် သားဖြစ်သူကို လှံနဲ့ထိုးသတ်ဖို့လုပ်ခဲ့တဲ့အတွက် ဒေါသထွက် စိတ်မထိန်းနိုင်ဘဲ လင်ဖြစ်သူ အိပ်နေတုန်း အိမ်မှာ အသင့်ရှိတဲ့ဓားနဲ့ လည်ပင်းကို ခုတ်လိုက်တာကြောင့် အခင်းဖြစ်တဲ့နေရာမှာတင် လင်ဖြစ်သူ သေဆုံးခဲ့တယ်လို့ ဒီလပ်စခန်းမှာ ထွက်ဆိုခဲ့ပါတယ်။
အဲဒီနောက် အလောင်းကို အစအဖျောက်နိုင်ဖို့အတွက် ဖခင်ဖြစ်သူ၊ မောင်ဖြစ်သူတို့နဲ့ တိုင်ပင်ကာ ဩဂုတ် ၃ ရက်၊ ည ၈ နာရီ လူမမြင်ချိန်မှာ ကြပ်စင်မြစ်ထဲမှာ မျှောလိုက်ပြီး နံရံက သွေးတွေကိုလည်း ဆေးကြောပြီး အပြာရောင်သင်္ဘောဆေးသုတ်ကာ သဲလွန်စတွေကို ဖျောက်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ လူသတ်၊ အလောင်းဖျောက်မှုမှာ ပါဝင်သူတွေကို အဉ္ဇနပူရခရိုင်က အချုပ်ထောင်တခုမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
အသတ်ခံလိုက်ရတဲ့ ဦးမောင်လှသန်းဟာ အရက်သေစာ သောက်စားပြီး ဇနီးဖြစ်သူအပေါ် နေ့တိုင်းလိုလို ပြဿနာရှာတတ်သူ ဖြစ်တယ်လို့လည်း အခင်းဖြစ်စဥ်ကို သိရှိတဲ့ ဒေသခံတွေက ပြောကြပါတယ်။











