
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စစ်အာဏာရှင်တပ်က အရန်မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းဖို့ အကြောင်းပြပြီး စက်မှုဇုန်ရပ်ကွက်အတွင်းက ဆန်စက်အပါအဝင် စက်ရုံတရုံကို လူတယောက်နှုန်း မဖြစ်မနေ တောင်းခံ နေတာကြောင့် လုပ်ငန်းရှင်တွေ လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲ ဖြစ်နေရတယ်လို့ လုပ်ငန်းရှင်တွေနဲ့ နီးစပ်သူက ပြောပါတယ်။
မေ ၂၁ ရက်နေ့ကလည်း စစ်အာဏာရှင်လက်အောက်ခံ စစ်သား၊ ရဲ၊ ပြည်သူစစ်နဲ့ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေဟာ စက်မှုဇုန်ရပ်ကွက်အတွင်းက ဆန်စက်တွေနဲ့ တခြားစက်ရုံတွေကို ဝင်ရောက်ပြီး အလုပ်သမား လူဦးရေစာရင်း ကောက်ယူခဲ့ကြပါတယ်။
အဲဒီနောက် လုပ်ငန်းရှင်တွေဆီကနေ စစ်မှုထမ်းကြေး တောင်းခံခဲ့ပြီး အခု ဇွန် ၈ ရက်မှာတော့ အရန်မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းဖို့ စက်မှုဇုန်အတွင်းက ဆန်စက်နဲ့ စက်ရုံတရုံချင်းစီကနေ အလုပ်သမား တယောက်နှုန်း မီးသတ်တပ်ဖွဲ့မှာ ပါဝင်ရမယ်ဆိုပြီး တရားဝင် ညွှန်ကြားစာပေးပို့ တောင်းခံလာတာ ဖြစ်ပါတယ်။
ဒီလို စာပို့တောင်းဆိုမှုတွေကြောင့် ဆန်စက်နဲ့ တခြားစက်ရုံတွေက အလုပ်သမားတွေဟာ အလုပ် ကနေ နုတ်ထွက်သူ များပြားလာပြီး လုပ်ငန်းရှင်တွေအနေနဲ့ စက်ရုံလည်ပတ်ဖို့ အလုပ်သမား ရှားပါးမှုပြဿနာနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
လုပ်ငန်းရှင်နဲ့ နီးစပ်သူတယောက်က “သူတို့ အကြောင်းပြတာကတော့ စက်မှုဇုန်မှာ မီးသတ်တပ်ဖွဲ့ ဖွဲ့ဖို့ စက်ရုံတရုံက လူတယောက် မီးသတ်ထဲဝင်ဖို့ ပြောတာပါ။ ဒါပေမဲ့ တကယ်တမ်းကတော့ တဖက်လှည့်နဲ့ စစ်မှုထမ်းကြေးတောင်းနေတာ ဖြစ်ပါတယ်။ လူမပေးနိုင်ရင် ငွေပေးဆိုတဲ့ သဘောမျိုး ပြောတာပါ။ လူပေးရအောင်လည်း အလုပ်သမားကို လုပ်ငန်းရှင်က ပိုင်တာ မဟုတ်ဘူးလေ။ ဒီလ ငွေပေးပြီး ဖြေရှင်းလိုက်ရင်လည်း နောက်လတွေမှာ ဆက်ပေးရမဲ့ သဘော ရှိတော့ စက်ရုံလုပ်ငန်းရှင်တွေ တော်တော်လေး ကျပ်တည်းနေကြပါတယ်”လို့ ပြောပါတယ်။
ရွှေဘိုမြို့ စက်မှုဇုန်ရပ်ကွက်အတွင်းမှာ ဆန်စက်နဲ့ ရေသန့်စက်အပါအဝင် စက်ရုံပေါင်း ၆၀ ကျော် ရှိတာပါ။ အဲဒီစက်ရုံတွေ အားလုံးကို စစ်တပ်က မီးသတ်တပ်ဖွဲ့ ဖွဲ့ဖို့ အကြောင်းပြချက်နဲ့ တရားဝင်စာ ပို့ပြီး လူတောင်းခံနေတာ ဖြစ်ပါတယ်။
စက်ရုံအလုပ်သမားတယောက်က “သူတို့ ပြောတာကတော့ စက်မှုဇုန်နဲ့ မြို့ထဲမှာ မီးရေးကြုံရင် အဆင်သင့် ကူညီနိုင်အောင်လို့ မဖြစ်မနေ အခြေခံ မီးသတ်သင်တန်း တက်ခိုင်းတာပါ။ ဒါပေမဲ့ အဲဒီသင်တန်းက စစ်တပ်ထဲမှာ သွားတက်ရမှာဆိုတော့၊ တပ်ထဲရောက်သွားရင် ပြန်မလွှတ်မှာကို အားလုံးက စိုးရိမ်နေကြပါတယ်။ ဘယ်သူမှလည်း မတက်ချင်ကြဘူး။ မတက်လို့ စက်ရုံအလုပ် မလုပ်ရရင်တောင် အပြင်မှာ အလုပ်လက်မဲ့ ဖြစ်မယ့်သူက ပိုများပါတယ်"လို့ ပြောပါတယ်။
လက်ရှိ ရွှေဘိုမြို့မှာ စစ်တပ်က အကြောင်းအမျိုးမျိုးပြပြီး စစ်မှုထမ်းကြေး တောင်းခံနေတဲ့အပြင်၊ အလုပ်သွားအလုပ်ပြန် လုပ်ကိုင်နေကြတဲ့ လူငယ်တွေနဲ့ ခရီးသွားလူငယ်တွေကို နေ့စဉ် ရက်ဆက် ဆိုသလို ပေါ်တာဆွဲ ဖမ်းဆီးတာတွေ၊ ဖမ်းဆီးရမိသူတွေကို လူစားထိုး ငွေကြေးနဲ့ အရောင်းအဝယ် ပြုလုပ်တာတွေရှိပါတယ်။
ဒီလို အခြေအနေတွေကြောင့် ရွှေဘိုမြို့တွင်းက လုပ်ငန်းရှင်တွေနဲ့ လူငယ်အများစုဟာ နီးစပ်ရာ မြို့နယ်၊ ကျေးရွာတွေဆီ ပြောင်းရွှေ့နေထိုင်မှုတွေ များပြားလာနေပါတယ်။
ဒါကြောင့် မြို့တွင်းက အလုပ်ရုံ၊ စက်ရုံတွေနဲ့ ဈေးဆိုင်တွေမှာ လုပ်သားရှားပါးမှု ဒဏ်ကို အပြင်းအထန် ကြုံတွေ့နေရသလို၊ တဖက်မှာလည်း လူဦးရေ ရွှေ့ပြောင်းလာတဲ့ ကျေးရွာတွေမှာ အိမ်ခြံမြေဈေးကွက်နဲ့ အိမ်ခြံမြေ ငှားရမ်းခတွေဟာ ပုံမှန်ထက် ၂ ဆကနေ ၃ ဆ အထိ မြင့်တက်သွားတယ်လို့ သိရပါတယ်။










