ငြိမ်းချမ်းရေးကို အင်အားနဲ့ပဲရနိုင်ပြီး နယ်မြေတလက်မတောင် စွန့်လွှတ်လို့မရဘူးလို့ ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်က သြဂုတ် ၂၃ ရက်မှာ ပြောလိုက်ပါတယ်။
လွန်ခဲ့တဲ့ နှစ် ၇၀ နီးပါးက တရုတ်တပ်ဖွဲ့တွေနဲ့ တိုက်ခဲ့ဖူးတဲ့ အဓိကတိုက်ပွဲတခုရဲ့ အထိမ်းအမှတ်အနေနဲ့ အရေးကြီးတဲ့ ရှေ့တန်းကျွန်းဆီ သွားချိန်မှာ ခုလို ပြောခဲ့တာပါ။
၁၉၄၉ ခုနှစ်မှာ မော်စီတုန်းရဲ့ ကွန်မြူနစ်တွေနဲ့ ပြည်တွင်းစစ်မှာ ရှုံးနိမ့်ပြီးတဲ့နောက် စစ်ရှုံးတဲ့ တရုတ်သမ္မတနိုင်ငံအစိုးရဟာ ထိုင်ဝမ်ကျွန်းဆီ ထွက်ပြေးတိမ်းရှောင်ပြီးကတည်းက တရုတ်ကမ်းရိုးတန်းအနားမှာရှိတဲ့ ကင်မင်နဲ့ မတ်ဆုကျွန်းတွေကို ထိုင်ဝမ်အစိုးရက ထိန်းချုပ်ထားခဲ့ပါတယ်။
တရုတ်ပြည်မကြီးအစိုးရနဲ့ ထိုင်ဝမ်အစိုးရတို့ဟာ ငြိမ်းချမ်းရေးစာချုပ်ကိုရော အပစ်အခတ်ရပ်စဲရေး စာချုပ်ကိုပါ ဘယ်တုန်းကမှ လက်မှတ်မထိုးခဲ့ဖူးပါဘူး။
၁၉၅၈ ခုနှစ်မှာ တရုတ်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တဲ့ ၆၈ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အောက်မေ့ဖွယ်ပန်းခြံမှာ လိုင်က မိုးသည်းနေချိန် ပန်းခွေချရင်း ရိုရိုသေသေ လေးလေးစားစား ဦးညွတ်ခဲ့ပါတယ်။
နေ့လယ်စာစားပြီးတဲ့နောက် လိုင်က စစ်ပြန်တွေကို မိန့်ခွန်းပြောရာမှာ ကွန်မြူနစ်အာဏာရှင် ဆန့်ကျင်ရေးကို တွန်းလှန်ဖို့ စည်းလုံးညီညွတ်မှုရှိရှိ ရပ်တည်ပြီး သွေးထွက်သံယိုတိုက်ပွဲကို တိုက်ခိုက်ခဲ့ကြသူတွေကို ကျေးဇူးတင်ကြောင်းပြောဖို့ လာခဲ့တာလို့ ပြောပါတယ်။
“အမျိုးသားအချုပ်အခြာအာဏာကို ကာကွယ်ဖို့နဲ့ ထိုင်ဝမ်ရေလက်ကြားတလျှောက် ငြိမ်းချမ်းရေးကို ကာကွယ်ဖို့ ကျနော်တို့ရဲ့ စည်းလုံးညီညွတ်ရေး ဆုံးဖြတ်ချက်က ဘယ်တော့မှ ယိမ်းယိုင်မှာ မဟုတ်ဘူး” လို့လည်း လိုင်က ပြောပါတယ်။
ဖန်းဟူးကျွန်းဟာ ထိုင်ဝမ်ရေလက်ကြားမှာရှိတဲ့ ထိုင်ဝမ်အစိုးရက ထိန်းချုပ်ထားတဲ့ ကျွန်းစုတခု ဖြစ်ပါတယ်။
တရုတ်ရဲ့ ထိုင်ဝမ်ရေးရာရုံးကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း မတုံ့ပြန်ခဲ့ပါဘူး။
Source: Reuters











