
ရိုမေးနီးယားစစ်တပ်က F-16 တိုက်လေယာဉ်မှူးတယောက်ဟာ ရုရှားဒရုန်းတစင်းကို ပင်လယ်နက်ပေါ်မှာ ပစ်ချခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၆ ရက်မှာ ပြောပါတယ်။
ရိုမေးနီးယားသမ္မတ နီကူဆာ ဒန်က လက်မခံနိုင်၊ သည်းမခံနိုင်တဲ့ လုပ်ရပ်လို့ ခေါ်ဆိုလိုက်ပါတယ်။
NATO အဖွဲ့ဝင်နိုင်ငံအပေါ် လေပိုင်နက် ချိုးဖောက်မှုတွေထဲက နောက်ဆုံးဖြစ်ရပ်လည်း ဖြစ်ပါတယ်။
ရိုမေးနီးယားနိုင်ငံဟာ ယူကရိန်းနဲ့ မိုင် ၄၀၀ ရှည်တဲ့ ကုန်းမြေနယ်နိမိတ်ကို မျှဝေထားတာပါ။
ရုရှားဒရုန်းတွေက ၄ နှစ်ကျော်ကြာ ယူကရိန်းစစ်ပွဲအတွင်း ရိုမေးနီးယား လေပိုင်နက်ကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့ပါတယ်။
ရုရှားအစိုးရဟာ ခုတော့ ဒါနူဘေမြစ်တဖက်က ယူကရိန်းဆိပ်ကမ်းတွေကို တိုးမြှင့် တိုက်ခိုက်နေပါတယ်။
လူမနေတဲ့နေရာမှာ ဒရုန်းတစင်းကို ဘေးကင်းကင်း ပစ်ချနိုင်ခဲ့တဲ့ ရိုမေးနီးယားဟာ သောကြာနေ့အထိ ဒရုန်းတစင်းကိုမှ မဖျက်ဆီးခဲ့ပါဘူး။ ခုတော့ ရက်အနည်းငယ်အတွင်း ဒရုန်း ၃ စင်းကို ပစ်ချခဲ့ပါတယ်။
“ရုရှားက ရိုမေးနီးယား လေပိုင်နက်ကို ဆက်ချိုးဖောက်နေတာကို လက်မခံနိုင်သလို သည်းမခံနိုင်ဘူး၊ ဒါဟာ တချိန်တည်းမှာ NATO လေပိုင်နက်နဲ့ ဥရောပသမဂ္ဂ လေပိုင်နက်လည်း ဖြစ်တယ်” လို့ သမ္မတ ဒန်က တနင်္ဂနွေနေ့မှာ X လူမှုကွန်ရက်ပေါ်ကနေ ရေးခဲ့ပါတယ်။
“ဒီလိုလုပ်ရပ်တွေဟာ လက်မခံနိုင်စရာပါ။ ကျနော်တို့က မဟာမိတ်တွေနဲ့အတူရှိပြီး ဒီကိစ္စတွေကို အလွန်အမင်း အလေးအနက်ထား ဆက်ဆံပါတယ်” လို့လည်း သူက ပြောပါတယ်။
ရုရှားအစိုးရက ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ချက်ချင်း လူသိရှင်ကြား မှတ်ချက်မပေးပါဘူး။
တနင်္ဂနွေနေ့က ဖြစ်ရပ် အသေးစိတ်အချက်အလက်တွေကို စုံစမ်းစစ်ဆေးနေကြောင်း NATO က ပြောကြားခဲ့ပါတယ်။
“NATO ၊ ရိုမေးနီးယားနဲ့ တခြားနိုင်ငံတွေဟာ မဟာမိတ်နဲ့ အမျိုးသားလေကြောင်းကာကွယ်ရေး စွမ်းရည်တွေကို မြှင့်တင်ဖို့ မြေပြင်အခြေစိုက် ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်တွေကို တက်တက်ကြွကြွ ရယူနေချိန်မှာ ပစ်ခတ်မှုတွေ ပေါ်လာခဲ့တယ်” လို့ NATO စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ အမေရိကန်ကြည်းတပ် ဗိုလ်မှူးကြီး မာတင် အိုဒွန်နယ်လ်က ပြောခဲ့ပါတယ်။
Source: Reuters










