DVB Logo
Home
မြန်မာသတင်း
MTC/MDF သင်တန်းကျောင်း ဗုံးကြဲခံရပြီး သင်တန်းသား ၄ ဦးသေဆုံး၊ ၇ ဦးထက်မနည်း ဒဏ်ရာရ
DVB
·
August 26, 2026
Photo: MTC/MDF
Photo: MTC/MDF
Donate to DVB

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီနဲ့ မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့ (MTC/MDF) ရဲ့ သင်တန်းကျောင်းကို စစ်အာဏာရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သင်တန်းသား ၄ ယောက် သေဆုံးပြီး ၇ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ချင်းပြည် စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပလက်ဝနဲ့ ဆိုင်းဟာနယ်စပ်ဒေသ မရာနယ်မြေအတွင်းရှိ MTC/MDF သင်တန်းကျောင်းတခုကို ဩဂုတ် ၂၅ ရက် ညနေပိုင်းမှာ စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“အိန္ဒိယနယ်စပ် မရာအုပ်ချုပ်ရေးနယ်မြေထဲမှာရှိတဲ့ MTC/MDF ရဲ့ စစ်သင်တန်းကျောင်းတခုကို မနေ့ည စစ်တပ်က ဗုံးကြဲတိုက်ခိုက်သွားတာရှိတယ်။ သင်တန်းသား ၄ ဦး သေဆုံးမှုရှိပြီးတော့ ထိခိုက်ဒဏ်ရာရရှိသူလည်း ၇ ဦးထက်မနည်း ရှိတယ်လို့ သိထားရတယ်။ လက်ရှိမှာတော့ ဒဏ်ရာရရှိသူတွေကို ဆေးကုသမှုခံယူဖို့ လုံခြုံတဲ့နေရာတွေကို ပို့ဆောင်ထားတယ်။”

MTC/MDF သင်တန်းကျောင်းကို စစ်အာဏာရှင်တပ်က မနေ့ည ၁၁ နာရီကျော်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်က ဂျက်တိုက်လေယာဉ် အနည်းဆုံး ၂ စင်းလောက်နဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။

မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီနဲ့ မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့ (MTC/MDF) ဟာ ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်ပြီး အာရက္ခတပ်တော် (AA) နဲ့လည်း မဟာမိတ်ဆက်ဆံရေးရှိကာ ချင်းပြည်တောင်ပိုင်းက မြို့သိမ်းတိုက်ပွဲတွေမှာ မဟာမိတ်တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တဲ့ တော်လှန်ရေးအင်အားစု ဖြစ်ပါတယ်။

လက်ရှိမှာ ချင်းညီနောင်အဖွဲ့ဝင်တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်တောင်ပိုင်းရှိ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို စစ်အာဏာရှင်တပ်က မေလကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဩဂုတ်လအတွင်းမှာတင် စစ်အာဏာရှင်တပ်က ပလက်ဝမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးသူ ၆ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၂၈ ယောက်အထိ ရှိလာနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013