
စစ်အာဏာရှင်က လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတပုံသာ ထုတ်ပြန်ခဲ့နောက်မှာ ပြည်သူတွေအနေနဲ့ မယုံကြည်မှုတွေနဲ့ စိုးရိမ်မှုတွေ ပိုတိုးလာနေတာကြောင့် လူထုခေါင်းဆောင် အသက်ရှင်နေကြောင်း သက်သေပြဖို့ Proof of life ကမ်ပိန်းနဲ့ ဆက်လက်တောင်းဆိုနေကြပါတယ်။
Proof of life ကန်ပိန်းမှာ ပါဝင်သူလူငယ်အမျိုးသမီးတယောက်က “စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာကနေပြီးတော့ ဓာတ်ပုံတပုံ ထုတ်ပြတာပေါ့နော်။ အဲဒီဓာတ်ပုံက အခုပုံလား၊ အရင်တုန်းက ပုံလား၊ ဘယ်တုန်းကပုံလဲဆိုတာကို ကျမတို့ ယုံကြည်မှုမရှိပါဘူး။ လက်ရှိအချိန် Timeline မှာ အန်တီဒေါ်အောင်ဆန်းစုကြည် ကျန်းမာနေကြောင်း၊ ပြီးရင် သက်ရှိထင်ရှားရှိနေကြောင်း သိချင်တဲ့အတွက်ကြောင့် ဒီကမ်ပိန်းကို ပူးပေါင်းလုပ်ဆောင်တာဖြစ်တဲ့အတွက်ကြောင့် ဒီလိုမျိုးကို စစ်ကောင်စီက မလုပ်ပေးမချင်း၊ မင်းအောင်လှိုင် တို့အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်မပြမချင်းပေါ့နော်၊ ကျမတို့ကတော့ ဒီကမ်ပိန်းကို ဆက်လက်ပါဝင်လုပ်ဆောင်သွားမှာပါ”လို့ ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်ကနေ သတ်မှတ်နေအိမ်ကို ပြောင်းရွှေ့ထားတယ်ဆိုတဲ့ စစ်တပ်ဝါဒဖြန့်သတင်းဌာနတွေက ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် လူထုခေါင်းဆောင် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့ ဆက်လက် တောင်းဆိုနေကြတာ ဖြစ်ပါတယ်၊
ကိုဇင်ဇေက “ဒီပုံလောက်ပဲ ထုတ်ပြပြီးတော့ လူထုက ကျေနပ်မယ်လို့ ထင်တာကတော့ လူထုအပေါ် အထင်သေးရာကျတယ်လို့ပဲ မြင်ပါတယ်။ အန်တီ့သားဖြစ်သူ ကင်မ် တောင်းဆိုနေတာအတိုင်း လိုက်လျောပေးနိုင်ဖို့၊ သူနဲ့ ပေးတွေ့ပေးနိုင်ဖို့ပေါ့နော်၊ ဒါကိုပဲ ကျနော်ကတော့ ထပ်ပြီးတော့ တောင်းဆိုချင်ပါတယ်။ Mind game ကစားသလိုမျိုး ဟိုဟာ ထုတ်ပြလိုက် ဒီဟာထုတ်ပြလိုက်၊ ဟိုသတင်းထုတ်လိုက် ဒီသတင်းထုတ်လိုက် လုပ်နေတာတွေထက်စာရင် ဒါက လူထုကို တကယ် စိတ်ချမ်းသာချင်တဲ့ စိတ်အေးစေချင်တယ် ဆိုရင် အနည်းဆုံးတော့ပေါ့နော် မိသားစုဝင်ဖြစ်တဲ့ သားဖြစ်သူ ကမ်င်နဲ့ ပေးတွေ့လိုက်ဖို့ပါပဲ”လို့ ပြောပါတယ်။
စစ်တပ်နဲ့ ရဲဘက်က တာဝန်ရှိသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစကားပြောနေတဲ့ ဓာတ်ပုံတပုံတည်းကိုသာ နိုင်ငံပိုင်ဝါဒဖြန့်သတင်းမီဒီယာတွေမှာ ထည့်ဖော်ပြခဲ့တာဖြစ်တာကြောင့် ယုံကြည်နိုင်စရာမရှိကြောင်း ထောက်ပြပြောဆိုပြီး Proof of life ကမ်ပိန်းနဲ့ ထပ်မံတောင်းဆိုနေကြတာပါ။
ပြည်သူတယောက်က “ကမ်ပိန်းလုပ်ခဲ့တာက အသက်ရှိသေးကြောင်း သက်သေ Proof of lifeပါ၊ ဒီခေတ်ကြီးထဲမှာက ဒီဗွီဒီယိုတောင် အခု Fake video တို့ ဘာတို့ဆိုတာ လူတိုင်း အလွယ်တကူ လုပ်လို့ရနေတဲ့ အနေအထားမှာ၊ အခု ပုံလေးတပုံတည်း ထုတ်ပြတာကတော့ လုံးဝ လက်မခံနိုင်ဘူးပေါ့။ အမှန်တကယ်ကတော့ ကျနော်တို့ လိုချင်တာကတော့ အသက်ရှိထင်ရှား ရှိသေးကြောင်းကို အမေစုရဲ့ သားနဲ့ဖြစ်ဖြစ်၊ တခြား အထင်ကရ ပုဂ္ဂိုလ်တွေဖြစ်ဖြစ်၊ နိုင်ငံတကာပဲ ဖြစ်ဖြစ်ပေါ့လေ သြဇာရှိတဲ့ ပုဂ္ဂိုလ်တယောက်ယောက်နဲ့ စကားပြောပေးတာမျိုး၊ Video call ပေးပြောတာမျိုး၊ ပေးတွေ့တာမျိုး အဲ့လောက် လုပ်ပေးမှသာ အဆင်ပြေမယ်၊ လက်ခံနိုင်မယ်လို့ ကျနော် ထင်ပါတယ်”လို့ ပြောပါတယ်။
အကျဉ်းထောင်ကနေ နေအိမ်ပြောင်းရွှေ့တယ်ဆိုပေမဲ့ နေရာအတိအကျမသိရသလို သက်ရှိထင်ရှား ရှိနေကြောင်း သက်သေပြသလို့ မရနိုင်တဲ့ ဓာတ်ပုံတည်းကိုသာ မြင်တွေ့ရတာကြောင့် လူထုက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
ဒီလို ထုတ်ဖော်ပြသမှုက စစ်ခေါင်းဆောင်ရဲ့ လှည့်စားမှုဖြစ်နိုင်သလို နိုင်ငံရေးကစားကွက် တခုလည်း ဖြစ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသူ ဥပဒေပညာရှင်တယောက်က သုံးသပ်ပါတယ်၊
ဥပဒေပညာရှင်တယောက်က “တမင်တကာကို ပြည်သူကို လှည့်စားပြီးတော့၊ နိုင်ငံတကာကို လှည့်စားပြီးတော့ လုပ်လို့ရတယ်ဆိုတဲ့ ပုံစံ လုပ်ပြတာပေါ့နော်။ နောက်တခုကကျတော့ ဒီအချိန်မှာ သူတို့က သွေးတိုးစမ်းနေတာလည်း ပါတယ်။ ငါတို့ ဒီပုံလေးကိုပဲ ထုတ်ပြမယ်၊ ပြီးရင် တယောက်ယောက်နဲ့ ပေးတွေ့တဲ့ ပုံစံလေး လုပ်မယ်ဆိုတော့ ဘာကြောင့်လဲ ဆိုတော့ မင်းအောင်လှိုင်က သူ့ရဲ့ အာဏာကို သက်ဆိုးရှည်ချင်နေတာ။၊ ဒီအသက်ရှင်နေပါတယ် ဆိုတဲ့ အနေအထား၊ ကျန်းမာနေပါတယ် ဆိုတဲ့ အနေအထားကို ထုတ်ပြလိုက်ရင် ကျန်တဲ့ PDF ရဲဘော်တွေနဲ့ ဒီ NUG တွေနဲ့ ပြည်သူတွေရဲ့ နိုင်ငံရေးအပေါ်မှာ စိတ်ဝင်စားလာမှု၊ သူတို့အပေါ်မှာ ပိုပြီးတော့ တော်လှန်လိုစိတ် ပြင်းပြလာမှုတွေ ဖြစ်လာမှာကို ကြောက်နေတာ။ တကယ်တော့ ဒီစစ်တပ်ရော မင်းအောင်လှိုင်ရော အကုန်လုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူတရပ်လုံးကို ကြောက်နေတာ အထင်အရှား ပေါ်နေတာ”လို့ ပြောပါတယ်။
အကျဉ်းချခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးဖို့ ကုလသမဂ္ဂ၊ အမေရိကန်၊ အီးယူ၊ ဂျပန်နဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာက တောင်းဆိုနေကြပါတယ်။
အဆိုပါဓာတ်ပုံ ထုတ်ပြန်ခဲ့ပြီးနောက် မေ ၂ ရက်မှာ ဥရောပသမဂ္ဂ (EU) ရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကောင်းမွန်စေဖို့ အပြည့်အဝ အလေးထားဂရုစိုက်ပေးဖို့နဲ့ မိသားစု၊ ရှေ့နေတွေနဲ့ ပုံမှန်တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး လုံခြုံရေးနဲ့ အသက်အန္တရာယ်ကိုပါ စိုးရိမ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း DVB ကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ တွေ့ပေးဖို့လည်း လိုအပ်တယ်လို့လည်း ပြောပါတယ်။
အလားတူ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကလည်း ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိကြောင်း သက်သေပြဖို့ လိုတယ်လို့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ဖို့ ကမ္ဘာ့နိုင်ငံတွေက တိုက်တွန်း တောင်းဆိုတာတွေ ဆက်တိုက်လုပ်ဆောင်နေကြသလို ပြည်တွင်း ပြည်ပက ပြည်သူတွေကလည်း သက်ရှိထင်ရှားရှိကြောင်း ပြဖို့ Proof of life လှုပ်ရှားမှု ဆန္ဒပြပွဲတွေကို ပြုလုပ်နေကြပါတယ်။
ဝေဝေ










