
ရခိုင်-မကွေးရိုးမပေါ်ရှိ နတ်ရေကန်တောင်ကြောမှာ အာရက္ခတပ်တော် (AA) ရှိတဲ့နေရာကို ထိုးစစ်ဆင်လာတဲ့ စစ်အာဏာရှင်ရဲ့ စစ်ကြောင်းအထိနာသွားတာကြောင့် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
စစ်ရေးသတင်းရင်းမြစ် တယောက်က “သူတို့မှာက စစ်ကားတွေနဲ့ အင်အားဖြည့်ထားတော့ အဲဒီစစ်သားတွေနဲ့ AA ရှိတဲ့နေရာတွေကို စစ်ကြောင်းထိုးလာလို့ သူတို့အထိနာသွားတယ်။ AA ထောင်တဲ့ မိုင်းတွေနင်းမိလို့ သေတဲ့သူကသေ၊ ဒရုန်းနဲ့ချ၊ လက်နက်ကျည်နဲ့ အပစ်ခံရလို့ သေတဲ့သူက သေပြီး ရှေ့ဆက်မတိုးနိုင်ဘဲ နောက်ဆုတ်သွားတယ်” လို့ ပြောပါတယ်။
အထိအခိုက်များစွာနဲ့ တပ်နောက်ဆုတ်နေရချိန် မနေ့ မွန်းလွဲ ၂ နာရီကျော်မှာ ဂျက်တိုက်လေယာဉ်၊ Y-12 တို့နဲ့ ပဇီကျေးရွာရှေ့ ပတ်ဝန်းကျင်၊ ဂုတ်ကြီးပတ်ဝန်းကျင်တို့ကိုပါ လေကြောင်းကနေ ဗုံးကြဲရုံတင်မကဘဲ၊ ပဒန်းအခြေစိုက် တပ်ရင်းတွေကပါ အတွဲလိုက်ပစ် ဒုံးပျံတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
စစ်အာဏာရှင်တပ်ဟာ နေ့စဉ်ဆိုသလို AA ထိန်းချုပ်နယ်မြေကို ရှေ့တိုးလာနေပြီး AA က အဆုတ်ပစ် ပစ်ခတ်လိုက်တာကြောင့် အထိနာကာ နောက်ဆုတ်သွားခဲ့ရပြီးနောက် ဇူလိုင် ၃၁ ရက် မနက်ပိုင်းကလည်း ဂျက်တိုက်လေယာဉ်နဲ့ အုပ်စုလိုက်နဲ့ နတ်ရေကန်တလျှောက်ကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ နောက်ထပ် စစ်ရေးသတင်းရင်းမြစ် တယောက်က ပြောပါတယ်။
“ဇူလိုင် ၃၁ ရက်နေ့ကလည်း တမနက်လုံး ဂျက်အုပ်စုနဲ့ ဗုံးလာကြဲတယ်။ သူတို့ဘက်က ထိုးစစ်တက်ကြည့်တယ်၊ AA ဘက်က ပစ်ချတော့ တော်တော်အထိနာသွားပုံရတယ်။”
ဇူလိုင် ၂၅ ရက်ကလည်း နတ်ရေကန် ဗျူဟာကုန်းကို ထိုးစစ်ဆင်ဖို့ အင်အားအသစ်တွေ ဖြည့်တင်းပြီး ထိုးစစ်တက်လာတဲ့ စစ်ယာဉ်တန်းတွေကို အာရက္ခတပ်တော် (AA) က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။










