DVB Logo
Home
ဆောင်းပါး
သောင်ရင်းမြစ်ထဲ မျောပါနေတဲ့ အမှိုက်တွေ
DVB
·
August 23, 2026
သောင်ရင်းမြစ်ထဲ မျောပါနေတဲ့ အမှိုက်တွေ
Donate to DVB

ဇူလိုင်လရဲ့ နောက်ဆုံးအပတ်မှာတော့ ထိုင်း-မြန်မာ နယ်စပ်တလျှောက် မိုးတွေ သည်းထန်းစွာ ရွာသွန်းနေခဲ့ပါတယ်။ ရာသီဥတုပညာရှင်တွေ သတိပေးထားသလိုပါပဲ၊ ဒါဟာ အယ်နီညိုရဲ့ လက္ခဏာရပ်ပဲ‌လို့ ဆိုထားပါတယ်။

မိုးရွာရင်လည်း အထိန်းအကွပ်မရှိ မိုးများမယ်၊ နေပူရင်လည်း အတိုင်းအဆမရှိ ပူပြင်းမယ်ဆိုတဲ့ မှတ်ချက်တွေဟာ နယ်စပ်မြေပြင်ပေါ်မှာ လက်တွေ့ကျကျ စိန်ခေါ်လို့နေပါတယ်။

​မိုးဘယ်လောက်ပဲ ရွာရွာ၊ ရေဘယ်လောက်ပဲကြီးကြီး ရက်ချိန်းယူထားတဲ့ ခရီးစဉ်တခုကိုတော့ မဖြစ်မနေ သွားဖြစ်အောင် သွားလိုက်ကြပါတယ်။ ဒီခရီးစဉ်ကတော့ တခြားမဟုတ်ပါဘူး။ သောင်ရင်းမြစ်ကို ခေတ္တဖြတ်သန်းပြီး ကိုယ့်ရဲ့ မူလရေမြေဆီ ခဏတာ ခြေချခွင့်ရမဲ့ ခရီးစဉ်လေးတခု ဖြစ်တာကြောင့် ရင်ထဲမှာ မအေးချမ်းလှပေမဲ့ စိတ်လှုပ်ရှားရတဲ့ ခရီးတခုလည်း ဖြစ်ခဲ့ပါတယ်။

​မြန်မာ-ထိုင်း နယ်စပ်တလျှောက် စီးဆင်းနေတဲ့ သောင်ရင်းမြစ်ဟာ အရင်ကတော့ ဒေသခံတွေရဲ့ အသက်သွေးကြောနဲ့ သဘာဝတောတောင်တွေရဲ့ ရေထွက်ပေါက်ကြီးပေါ့။

နွေရာသီဆို မြစ်ထဲ ဆင်းကစားကြတဲ့ ကလေးတွေရဲ့ ရယ်သံ၊ မိုးရာသီဆို စိုက်ပျိုးမြေတွေဆီ အာဟာရ ပို့ဆောင်ပေးခဲ့တဲ့ ရေနဲ့ သဘာဝရဲ့ အငွေ့အသက်ဟာ နယ်စပ်မြို့လေးရဲ့ အလှတရားလည်း ဖြစ်ခဲ့ဖူးပါတယ်။

​ဒါပေမဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုအတွင်းမှာတော့ အဲဒီအလှတရားတွေ ပျောက်ကွယ်သွားခဲ့ပါပြီ။ သောင်ရင်းဟာ အရင်လို ကြည်လင်အေးမြတဲ့ မြစ်တစင်းမဟုတ်တော့ဘဲ ဒဏ်ရာတွေနဲ့ ငိုကြွေးနေရတဲ့ မြစ်တစင်း ဖြစ်လို့လာခဲ့ပါပြီ။

အထိန်းအကွပ်မရှိ ပြိုကျလာတဲ့ ကမ်းပါးတွေ၊ နှစ်စဉ် ကြုံတွေ့နေရတဲ့ စံချိန်တင် ရေကြီးမှုတွေနဲ့အတူ ဒေသခံတွေရဲ့ အိုးအိမ်၊ စိုက်ပျိုးမြေတွေဟာ မြစ်ဝမ်းထဲဆီ ခဏခဏ ပါသွားခဲ့ရပါတယ်။

​မြဝတီမြို့နယ်ထဲက မြစ်ကမ်းဘေး ရပ်ကွက်တွေဆိုရင် ၂၀၁၆ ခုနှစ်ကတည်းက ကမ်းပြိုလို့ အိမ်ခြေပေါင်းများစွာ ရေထဲမျောပါခဲ့ရတာကို ကြုံခဲ့ရတဲ့အ‌ကြောင်း ဒေသခံတွေက KIC သတင်းဌာနဲ့ တခြားသတင်းဌာနတွေမှာ ပြောကြားထားတာရှိပါတယ်။

အဲဒီတုန်းကတည်းက ပေ ၂၀၀ စာ ကမ်းထိန်းနံရံလေး ဆောက်ပေးဖို့ ၁၀ နှစ်နီးပါး တောင်းဆိုခဲ့ကြပေမဲ့ "ဘတ်ဂျက်မရှိဘူး"၊ "အဆင့်ဆင့် ကြန့်ကြာနေတယ်" ဆိုတဲ့ ဆင်ခြေတွေနဲ့ပဲ ပစ်ပယ်ခံထားခဲ့ရတာပါ။

ရေတက်လာတိုင်း အိမ်တွေ ရေထဲပါသွားမှာ စိုးလို့ မိုးရာသီဆို ညဘက်တောင် အိပ်မပျော်ကြတဲ့ ဒေသခံတွေရဲ့ ရင်ဖွင့်သံတွေဟာ သဘာဝဘေးအန္တရာယ် ရှေ့မှောက်မှာ အကာအကွယ်မဲ့စွာ တိုင်တည်နေရဆဲ ဖြစ်ပါတယ်။

​ဒီလို ကမ်းထိန်းနံရံတခုအတွက် ဘတ်ဂျက်မရှိဘူးဆိုချိန်မှာ မြဝတီတောင်ဘက် ကမ်းပါးတလျှောက်မှာတော့ ဧက ၅၀၀ မက ကျယ်တဲ့ KK Park လို အကြီးစား မြို့သစ်နဲ့ ကာစီနို စီမံကိန်းကြီးတွေ သုတ်ခြေတင် ဝင်ရောက်လာခဲ့တဲ့အကြောင်းကို ဒေသတွင်း သတင်းတွေနဲ့ အစီရင်ခံစာတချို့မှာ ဖော်ပြထားပါတယ်။

သဘာဝပတ်ဝန်းကျင် ဆန်းစစ်ချက် (EIA) မရှိ၊ ရေဗေဒဆိုင်ရာ လေ့လာမှုမရှိဘဲ ဆောက်လိုက်ကြတဲ့ အဆောက်အအုံပေါင်းများစွာဟာ သောင်ရင်းမြစ်ဝှမ်းရဲ့ သဘာဝ ရေနုတ်စနစ်ကို ပြောင်းလဲပစ်ခဲ့တယ်လို့ ဝေဖန်ချက်‌တွေလည်း ရှိနေပြန်ပါတယ်။

မြစ်ကမ်းဘေးက ရေမြုပ်လို့ မိုးရေကို ထိန်းပေးထားတဲ့ သစ်တောတွေ၊ ကိုင်းကျွန်းမြေတွေကို ဖျက်ဆီးပြီး တန်ချိန်ပေါင်းများစွာ လေးတဲ့ ကွန်ကရစ်ကြီးတွေ ထပ်တင်လိုက်တဲ့အခါ မိုးရေဟာ မြေကြီးထဲ စိမ့်မဝင်နိုင်တော့ဘဲ မြစ်ထဲဆီ တဟုန်ထိုး လျှံကျသွားတော့တာပါပဲ။

​ဒီလို စည်းကမ်းမဲ့ မြို့ပြချဲ့ထွင်မှုရဲ့ ရလဒ်ကို ၂၀၂၄ ခုနှစ် ရေဘေးမှာ ဒေသခံတွေ ခါးသီးစွာ သင်ခန်းစာရခဲ့ကြပါတယ်။

အဆောက်အအုံကြီးတွေက ရေလမ်းကြောင်း ပိတ်ဆို့ထားလို့ မြစ်ရေဟာ မြို့တွင်းဆီ တဟုန်ထိုး ဝင်လာပြီး အဝတ်တထည် ကိုယ်တခုနဲ့ ဘုန်းကြီးကျောင်းတွေဆီ ပြေးကြရတယ်။ ဒါဟာ သဘာဝဘေးထက်အပြိုင်အဆိုင် စီမံကိန်းတွေကြောင့် ဖြစ်လာတဲ့ "လူလုပ် သဘာဝဘေး" ဆိုတာ ထင်းထင်းကြီး ပေါ်လွင်နေပါတယ်။

​အင်ဂျင်နီယာနည်းကျ ကမ်းထိန်းနံရံတွေ အမြန်ဆုံး ဆောက်မပေးနိုင်ရင်၊ မြစ်ကမ်းဘေး စီမံကိန်းတွေကို စနစ်တကျ စိစစ်တားဆီးမှု မလုပ်နိုင်ရင်တော့ သောင်ရင်းမြစ်ဘေးက ဒေသခံတွေရဲ့ လူမှု၊ စီးပွားဘဝနဲ့ အသက်အိုးအိမ်တွေဟာ ဆက်လက်ပြီး ခြိမ်းခြောက်ခံနေရဦးမှာ ဖြစ်ပါတယ်။ သောင်ရင်းမြစ်ရဲ့ ဒဏ်ရာတွေကို ကျနော်တို့ ဘာမျှမသိသလို လျစ်လျူရှု မထားသင့်တော့ပါဘူး။

​တကယ်တော့ သောင်ရင်းမြစ်ကို စက်လှေနဲ့ ကူးခဲ့ကြတဲ့အချိန်ဟာ မိနစ်ပိုင်းမျှသာ ကြာမြင့်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီ အချိန်အပိုင်းအခြားလေးအတွင်းမှာပဲ ရင်ကို လေးလံသွားစေတဲ့ အရာတခုကို သတိထားမိလိုက်ပါတယ်။

အဲဒါကတော့ ညစ်‌ထေးနောက်ကျိနေတဲ့ မြစ်ရေပြင်ထက်မှာ အမှိုက်တွေ၊ ပလတ်စတစ်စတွေ တောက်လျှောက် မျောပါနေတာပါပဲ။

​"ဒီအမှိုက်တွေ ဘယ်ကနေ လာတာလဲ" လို့ မေးမိတယ်။

​"မြဝတီဘက်ကနေပေါ့ဗျာ" လို့ စက်လှေမောင်းတဲ့သူက စက်အင်ဂျင်သံကြားကနေ အေးအေးဆေးဆေးပဲ ပြန်ဖြေတယ်။

​"မြဝတီက အမှိုက်တွေက ဒီလောက်တောင် များတာလား" လို့ မယုံနိုင်စရာ စိတ်နဲ့ ထပ်ဆင့်မေးခွန်း မေးမိပြန်တယ်။

​သူကပဲ အကြောင်းစုံကို ထပ်ပြောပြပါတယ်။

​"ကျားဖြန့်တွေ ရှိတဲ့နေရာက အမှိုက်တွေလေ။ တချို့ဆို အမှိုက်တွေထဲ မြန်မာနိုင်ငံက ထုတ်တဲ့ Grand Royal အရက်ပုလင်းတို့ပါ မျောလာတယ်။ တချို့ဆို ဖာလိုက်တောင် ရကြတယ်ဆိုပဲ"

သူ့ရဲ့ ပြောကြားချက်အရ အဲ့ဒီအမှိုက်တွေဟာ ကျားဖြန့်လုပ်ငန်းတွေရှိတဲ့ နေရာတွေက ဖြစ်နိုင်တဲ့အကြောင်းကို ပြောပြသွားတာပါ။

သူ့စကားကို ကြားရတော့ စိတ်ထဲမှာ တကယ်ကို အလိုမကျဖြစ်မိတယ်။ စက်ရုံတွေ၊ စက်မှုဇုန်တွေနဲ့ ကျားဖြန့်ကာစီနိုဇုန်တွေက ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေဟာ ဒီသောင်ရင်းမြစ်ထဲကို မဆင်မခြင် စွန့်ပစ်ရာဗဟို ဖြစ်နေခဲ့တာကိုပါ။

မြစ်ထဲမှာ အမှိုက်တွေ အဆမတန် များနေတာကို ကြည့်ရင်း အော်ဂလီဆန်ချင်သလို၊ စိတ်ထဲမှာလည်း အတော်လေး လေးလံသွားခဲ့ပါတယ်။

တကယ်တော့ သောင်ရင်းမြစ်ထဲက အမှိုက်တွေအကြောင်း ပြောရရင် တကယ့်ကို စိုးရိမ်စရာ ပတ်ဝန်းကျင်ပြဿနာတခု ဖြစ်နေပါပြီ။ ဒီမြစ်ဟာ မြဝတီနဲ့ မဲဆောက် နှစ်နိုင်ငံ နယ်စပ်ကြားမှာ စီးဆင်းနေတာဆိုတော့ မြစ်ရဲ့ နှစ်ဘက်စလုံးက ထွက်တဲ့ အမှိုက်တွေနဲ့ ရေထုညစ်ညမ်းမှုက တဖြည်းဖြည်း ပိုဆိုးလာတာပါ။

​အဓိက အမှိုက်တွေ ဘယ်ကနေ ရောက်လာသလဲဆိုရင် မြဝတီနဲ့ မဲဆောက်က အိမ်တွေ၊ ဈေးတွေက ထွက်တဲ့ ပလတ်စတစ်အိတ်တွေနဲ့ ရေသန့်ဘူးတွေကို မြစ်ကမ်းဘေးမှာ စွန့်ပစ်ကြရာကနေ မိုးရွာရင် မြစ်ထဲ မျောပါသွားကြတယ်။

ဒါ့အပြင် နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေက ကုန်ပစ္စည်း ထုပ်ပိုးတဲ့ ကတ်ထူဘောက်တွေ၊ အမြှုပ်ဘူး (Foam) တွေ အများကြီး မြစ်ထဲ ရောက်သွားသလို၊ မြစ်ကမ်းတလျှောက် တိုးတက်လာတဲ့ ကာစီနို၊ မြို့သစ် စီမံကိန်းတွေနဲ့ စက်ရုံတွေကနေ စနစ်တကျ မသန့်စင်ထားတဲ့ မိလ္လာ၊ စက်ရုံစွန့်ပစ်ရေနဲ့ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်း (E-waste) တွေပါ မြစ်ထဲ တိုက်ရိုက် စီးဝင်နေတာပါ။

​ဒီလို စွန့်ပစ်မှုတွေကြောင့် ပလတ်စတစ်တွေ ဆွေးမြေ့ရာမှ ထွက်လာတဲ့ မိုက်ခရိုပလတ်စတစ် (Microplastics) တွေဟာ မြစ်ထဲက ငါးတွေ၊ ရေသတ္တဝါတွေရဲ့ ဂေဟစနစ်ကို တော်တော်လေး ပျက်စီးစေပါတယ်။

ဒါ့အပြင် သောင်ရင်းမြစ်ရေကို အမှီပြုပြီး ရေချိုး၊ အဝတ်လျှော် သုံးစွဲနေရတဲ့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေမှာ အရေပြားယားယံတာ၊ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ မကြာခဏ ဖြစ်ပွားနေသလို နွေရာသီ ရေနည်းချိန်ဆိုရင် အမှိုက်တွေ ပုပ်ပြီး အနံ့ဆိုးထွက်တာမျိုးအထိ ကြုံနေကြရတယ်။

​ဒါကို ရှင်းရခက်နေတာက သောင်ရင်းမြစ်ဟာ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ နယ်နိမိတ် ဖြစ်နေတော့ အမှိုက်သိမ်းစနစ်နဲ့ စွန့်ပစ်ရေ ထိန်းချုပ်ရေးမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ စနစ်တကျ မရှိသေးတာကြောင့်ပါပဲလို့ တချို့ကမှတ်ချပြုကြပါတယ်။

ဒါ့အပြင် ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့်လည်း အမှိုက်သိမ်းစနစ်က အပြည့်အဝ မလည်ပတ်နိုင်ပါဘူး။ တချို့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ သဘာဝပတ်ဝန်းကျင် အဖွဲ့တွေက ခေတ္တ မြစ်ကြောင်းသန့်ရှင်းရေး (River Cleanup) တွေ လုပ်ကြပေမဲ့ ရေရှည်အတွက်တော့ နှစ်နိုင်ငံစလုံးက စနစ်တကျ စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် ရေးဆွဲဖို့ တကယ်ကို လိုအပ်နေတာ ဖြစ်ပါတယ်။

​တဖက်ကမ်းကို ရောက်တော့မှပဲ စိတ်ထဲမှာ နောင်တတခု ရလိုက်တယ်။ မြစ်ထဲက အမှိုက်တွေတောက်လျှောက် မျောပါနေပုံကို ဓာတ်ပုံမရိုက်မိလိုက်တာကိုပဲ အတော်လေး နှမြောနေမိတော့တာပါ။

ဒါပေမဲ့လည်း လုံခြုံရေးအရ ကိုယ်ရောက်တဲ့နေရာမှာပဲ နေရမယ်ဆိုတဲ့ ခရီးစဉ်ရဲ့ စည်းကမ်းကလည်း ရှိနေတာဆိုတော့ ဖုန်းကို အလွယ်တကူ ထုတ်ရိုက်ဖို့က မလွယ်လှပါဘူး။

​"နောက်ရက်တွေမှာရော ဒီအမှိုက်တွေက အခုလို မြစ်ထဲမှာ ဆက်ပြီး မျောနေဦးမှာလား" လို့ ဘေးက လူကို တိုးတိုးလေး မေးမိသေးတယ်။

​"မျှောမကုန်နိုင်ဘူး" လို့ တယောက်က ခပ်တိုတိုပဲ မှတ်ချက်ပေးခဲ့တယ်။

နှစ်ရက်လောက် ကြာတော့ ကမ်းနဖူးကို ကိစ္စတခုနဲ့ ရောက်လာခဲ့ပြန်တယ်။ အဲဒီနေ့ကလည်း မိုးတွေ တအိအိ ရွာနေတုန်းပါပဲ။ သောင်ရင်းမြစ်ထဲ အမှိုက်တွေ မျောနေတာကို ထပ်ပြီး တွေ့ရပြန်တယ်။ ဖြစ်ချင်တော့ အဲဒီနေ့မှာလည်း ဘယ်သူမှ ဓာတ်ပုံရိုက်ဖို့ ဖုန်းပါမလာကြဘူး။

​အလုပ်ကိစ္စပြီးတော့ ဒေသခံတယောက်က "ကမ်းနဖူးဘေး ခဏထိုင်ချင်သေးလား" လို့ မေးတယ်။

​ကျနော်ကပဲ "ခဏလောက် ထိုင်ကြတာပေါ့" လို့ ချက်ချင်းပဲ ပြန်ပြောလိုက်မိတယ်။

အနားက နောက်တယောက်က ကျနော့်ကို ပြုံးစစနဲ့ မေးတယ်။ "ခင်ဗျားက အမှိုက်တွေ မျောနေတာကိုပဲ ထိုင်ကြည့်မလို့လား" တဲ့။

တကယ်တော့ ကိုယ်တွေက တဖက်နိုင်ငံကို အမြင်တမျိုးနဲ့ အချိန်ယူပြီး ကြည့်ချင်တာပါ။ မြစ်ထဲ အမှိုက်တွေ မျောနေတာကို ကျော်လွန်ပြီး၊ ဟိုဘက်ကမ်းက တိုးတက်ပြောင်းလဲနေတဲ့ စနစ်တကျ ရှိလှတဲ့ ကမ်းနဖူးနဲ့ ရေမြေခြင်း ကွဲပြားပုံတွေကို လှမ်းကြည့်မိတယ်။ ကိုယ့်ရေမြေ ဘက်မှာတော့ ကျောက်ကြမ်းလမ်းကို ရေဗွက်တွေကြားထဲ ရွှံ့ဗွက်တပေပေနဲ့ သွားနေရတုန်းပဲ။

မြစ်တစင်းသာ ခြားထားတယ်။ အခြေအနေတွေက အစစအရာရာ ကွာခြားလွန်းလှတဲ့အကြောင်း တစိမ့်စိမ့်ကြည့်ရင်း စိတ်ထဲမှာ အတွေးတွေ ရာနဲ့ချီပြီး ပွားနေမိတော့တာပေါ့။

​အမိမြေရဲ့ ကံကြမ္မာနဲ့ အနာဂတ်ဟာ ဘာကြောင့်များ ဒီလောက်အထိ ကြမ်းတမ်းနေရတာလဲ။ သောင်ရင်းမြစ်ထဲက အမှိုက်တွေဟာ အတုံးအရုန်း မျောပါလို့နေရင်း၊ ရေစီးကြောင်းနဲ့အတူ သဘာဝတရားရဲ့ ငိုကြွေးသံတွေဟာလည်း မိုးစက်တွေကြားထဲမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပါတော့တယ်။    ။

တာပလု

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013