
စစ်ဆိုတာ အနိုင်ရတဲ့သူတွေ၊ ဗျူဟာခင်းတဲ့သူတွေနဲ့ အာဏာရှိတဲ့သူတွေက စာအုပ်ပေါ်မှာ ရေးထိုးခဲ့ကြတဲ့ လမ်းကြောင်းပေါ်မှာပဲ အမြဲလိုလို လည်ပတ်နေတာပါ။
ဒါပေမဲ့ တကယ့် သမိုင်းအမှန်ဆိုတာကတော့ အဲဒီလို ခမ်းနားတောက်ပတဲ့ ရာဇဝင်တွေထဲမှာ ရှိမနေပါဘူး။ စစ်ပွဲရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ဆယ်စုနှစ်နဲ့ချီ ခါးစည်းခံခဲ့ရတဲ့ ရွာသူရွာသားတွေရဲ့ နှလုံးသားထဲမှာပဲ တိတ်တဆိတ် အမြစ်တွယ်နေခဲ့တာပါ။
အထူးသဖြင့် စစ်ရဲ့ဒဏ်ရာတွေကို အမည်းစက်တွေလို ငြိမ်ခံသယ်ဆောင်ထားရတဲ့ အဘွားအိုတွေနဲ့ ကလေးငယ်တွေရဲ့ ဘဝဇာတ်ကြောင်းတွေထဲမှာမှ စစ်ပွဲရဲ့ အမှန်တရားတွေဟာ အရှိကိုအရှိအတိုင်း ကိန်းဝပ်နေတတ်ပါတယ်။
ဒီနေ့မှာတော့ ဧရာဝတီတိုင်းက ကရင်အဘွားအိုတဦးရဲ့ ဘဝဖြတ်သန်းမှုကနေတဆင့် လေ့လာတွေ့ရှိခဲ့ရတဲ့ 'ဌာနေဗီဇအသိဉာဏ်' (Indigenous Wisdom) နဲ့ သူတို့ရဲ့ လျှို့ဝှက် 'ရှင်သန်ရေးဗျူဟာ' တွေအကြောင်းကို မီးမောင်းထိုးပြချင်တာပါ။
အဘွားရဲ့ ဘဝအကြောင်းကို သေချာနားထောင်ကြည့်တဲ့အခါ စစ်ပွဲဆိုတာ သေနတ်သံတွေ၊ ဗုံးသံတွေထက် ပိုမိုနက်ရှိုင်းတဲ့ 'နေ့စဉ်ဘဝရဲ့ ကျပ်တည်းမှု' တွေအဖြစ် မြင်တွေ့လာရပါတယ်။
'ဌာနေဗီဇအသိဉာဏ်' ဆိုတာ စာအုပ်တွေထဲက ဗဟုသုတ မဟုတ်ပါဘူး။ ဒါဟာ မြေပြင်ပေါ်မှာ သွေးနဲ့ချွေးနဲ့ ရင်းပြီး ရရှိခဲ့တဲ့ လက်တွေ့ကျကျ ရှင်သန်ခြင်း ဗျူဟာတွေပါ။ ဥပမာ - ဒေသခံတွေရဲ့ နည်းလမ်းတွေနဲ့ သဘာဝအတိုင်း အစားအစာ ရှာဖွေစားသောက်ပုံတွေ၊ ပဋိပက္ခတွေကြား အစားအသောက် ပြတ်လပ်တဲ့အချိန်မှာ သဘာဝတောတောင်ထဲက အပင်တွေ၊ ဟင်းသီးဟင်းရွက်တွေကို ဘယ်လို အဆိပ်သင့်/မသင့် ခွဲခြားရမလဲဆိုတဲ့ အသိပညာတွေပဲ ဖြစ်ပါတယ်။
ကောက်ရိုးမှို၊ တောင်ပို့မှို၊ သရက်မှို စတဲ့ မှိုအမျိုးအစားတွေကို စနက်တကျ ခွဲခြားပြီး အသက်ဆက်ခဲ့ရသလို၊ အရေးကြုံလာရင် သီးနှံတွေကို ဘယ်လို လျှို့ဝှက်သိမ်းဆည်းရမလဲဆိုတဲ့ အသိပညာတွေဟာလည်း သူတို့ရဲ့ အသက်ကယ်ဗျူဟာတွေပါပဲ။
ဒါ့အပြင် စစ်ဘေးရှောင်နေရတဲ့ အချိန်မှာတောင် မိသားစုကို စည်းလုံးအောင်၊ ကလေးတွေကို စိတ်ဓာတ်မကျအောင် ဘယ်လို ဖျောင်းဖျပေးရမလဲဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေကိုလည်း အဘွားက စနစ်တကျ ထိန်းသိမ်းပေးခဲ့တာပါ။ အဘွားက ကျနော်တို့ မြေးတွေကို စစ်ပွဲတွေရဲ့ ရက်စက်မှုအကြောင်းထက် 'ဘယ်လို အသက်ရှင်ရမလဲ' ဆိုတဲ့ ရှင်သန်ရေး ပညာကိုပဲ အဓိက လက်ဆင့်ကမ်း ပြောပြနေသလိုပါပဲ။
ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေကြားမှာတောင် ဘဝကို အကောင်းဆုံး ဖန်တီးပုံဖော်သွားကြတဲ့ ရှင်သန်ရေးဗျူဟာရှင်တွေလို့ ပြောရမှာပါ။
အဘွားရဲ့ ကြိုတင်သတိပေးစနစ်ကလည်း တကယ့်ကို အံ့ဩစရာပါ။ အဘွားရဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေဟာ စာအုပ်ထဲက သင်ခန်းစာတွေမဟုတ်ဘဲ အသက်ရှင်သန်ရေးအတွက် စိန်ခေါ်မှုတွေကို ရင်ဆိုင်ရင်း သဘာဝတရားနဲ့အတူ ယှဉ်တွဲနေထိုင်ရာကနေ ပေါက်ဖွားလာတဲ့ ပင်ကိုယ်ဉာဏ်ရည်ပါပဲ။
"တောခွေးအူရင် သူပုန်လာတော့မယ်" ဆိုတဲ့ စကားလေးက ရိုးရှင်းပေမဲ့ စစ်မီးလျှံတွေကြားမှာ ဆယ်စုနှစ်နဲ့ချီ ရုန်းကန်ခဲ့ရတဲ့ အတွေ့အကြုံတွေရဲ့ အနှစ်ချုပ်ဖြစ်ပါတယ်။
သဘာဝတရားရဲ့ အချက်ပြမှုတွေကို သူတို့က ကြိုတင်သတိပေးချက်တွေအဖြစ် ဘာသာပြန်နိုင်ကြပြီး၊ အဲဒီလို သဘာဝကို ဖတ်တတ်တဲ့ အရည်အချင်းကပဲ သူတို့ရဲ့ မိသားစုနဲ့ ရွာသူရွာသားတွေကို သေမင်းရဲ့လက်ထဲကနေ အကြိမ်ကြိမ် ကယ်တင်ပေးနိုင်ခဲ့တာပါ။
ဒီအသိပညာတွေဟာ တကိုယ်ရေ ရှင်သန်ရေးသက်သက်မဟုတ်ဘဲ ရပ်ရွာတခုလုံးရဲ့ အသက်ပေါင်းများစွာကို ကာကွယ်ပေးနိုင်တဲ့ ထက်မြက်တဲ့ ဗျူဟာတွေ ဖြစ်ပါတယ်။ အန္တရာယ်တခုခုနဲ့ ကြုံလာတဲ့အခါမှာ ကုလားတက်ကို အသုံးပြုပြီး ရွာလုံးကျွတ် အချက်ပေးလိုက်တာမျိုးဟာ အဲဒီခေတ်ကာလရဲ့ ဆက်သွယ်ရေးနည်းလမ်းတခုသာမက၊ စုပေါင်းကာကွယ်ရေးအတွက် အလွန်အားကောင်းတဲ့ စနစ်တခုလည်း ဖြစ်ခဲ့ပါတယ်။
တယောက်နဲ့တယောက် အသိပေးရင်း၊ စောင့်ရှောက်ရင်း စစ်ပွဲတွေရဲ့ အန္တရာယ်ကို ကျော်လွှားခဲ့တဲ့ ဒီလိုနည်းလမ်းတွေဟာ အချိန်ကာလတခုအထိ ရှင်သန်နိုင်ခဲ့တဲ့ ရပ်ရွာလူထုရဲ့ အသိဉာဏ်မြင့်မားမှုကို သက်သေပြနေတာပါ။
သူတို့ရဲ့ ဗျူဟာတွေမှာ "စည်းလုံးခြင်း" ဟာ အဓိက အသက်သွေးကြောပါပဲ။ စစ်ဘေးရှောင်ရတဲ့အခါမှာလည်း တယောက်တည်း ထွက်ပြေးတာမျိုးထက်၊ ရွာသားတွေအားလုံး စုစုစည်းစည်းနဲ့ ရွှေ့ပြောင်းနိုင်ဖို့အတွက် ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းတွေကို ဘယ်လို လျှို့ဝှက်အသုံးပြုရမလဲဆိုတာကို အဘွားတို့က အမြဲတမ်း ဦးဆောင်လမ်းညွှန်ခဲ့ကြပါတယ်။
အဘွားဆိုရင် အသက် ၃ နှစ်အရွယ်ကနေ မိခင်ဘဝအထိ စစ်ပွဲတွေ၊ ရွှေ့ပြောင်းခြင်းတွေနဲ့ပဲ ဘဝတခုလုံးကို ကုန်ဆုံးခဲ့ရတာပါ။ ဧရာဝတီဒေသရဲ့ ထူထပ်တဲ့ တောတောင်တွေကြားမှာ ဘေးလွတ်ရာကို ရှာပြီး တိုးဝှေ့ပြေးခဲ့ရတဲ့ လမ်းကြောင်းတွေဟာ သူတို့ရဲ့ အသက်ရှင်သန်ရာ လမ်းကြောင်းတွေ ဖြစ်ခဲ့ပါတယ်။
ဒီလို စစ်ဘေးရှောင်ရတာဟာ "နှစ်ထပ်ကွမ်းအန္တရာယ်" ကို ရင်ဆိုင်ရတာပါ။ တဖက်မှာ လူသားတွေဖန်တီးတဲ့ စစ်ပွဲ၊ နောက်တဖက်မှာကျတော့ သဘာဝတောရိုင်းတွေရဲ့ အန္တရာယ်ပါပဲ။ အဲဒီထဲမှာမှ "သမိုင်းအင်းတော" ကို ဖြတ်ခဲ့ရတဲ့ အဖြစ်အပျက်ကတော့ တကယ့်ကို ထိတ်လန့်စရာကောင်းလှပါတယ်။
သမိုင်းအင်းတောဆိုတာ တောအုပ်ကြီးပြီး တောအလွန်ထူတာပါ။ တောခွေးတွေလည်း အလွန်ပေါတာကြောင့် အဲဒီလမ်းကို ညမိုးချုပ်ရင် ဘယ်သူမှ မဖြတ်ရဲကြပါဘူး။ ဒါပေမဲ့ အဲဒီတညမှာတော့ အဘွားတို့မိသားစု—အဘွား၊ အဘိုးနဲ့ အဖေ—ဟာ သမိုင်းအင်းတောလမ်းကို ဖြတ်ပြီး အိမ်ပြန်ဖို့ ရွေးမိကြပါတယ်။
ကံမကောင်းချင်တော့ ဆိုက်ဆိုက်မြိုက်မြိုက်ကို တောခွေးအုပ်ကြီးနဲ့ အဲဒီတောလမ်းမှာ ထိပ်တိုက်တွေ့ပါတော့တယ်။
အဲဒီအချိန်က တကယ့်ကို အသက်ရှူမှားရမယ့် အခိုက်အတန့်ပါ။ အဖေက လက်နှိပ်ဓာတ်မီးကိုကိုင်ပြီး တောခွေးတွေ အုပ်စုလိုက်ကြီး ရပ်နေတဲ့ဘက်ကို မီးရောင်နဲ့ ထိုးထားတယ်။
အလင်းရောင်အောက်မှာ တောခွေးတွေရဲ့ မျက်လုံးတွေက ရဲရဲတောက် ပြောင်လို့။ အဲဒီအချိန်မှာ အဘွားက လက်အုပ်ချီလိုက်ပြီး 'ကွင်းပိုင်' ကို တိုင်တည်လို့ ဘေးကင်းအောင် ကူညီဖို့ ကြောက်လန့်တကြား ဆုတောင်းတော့တာပါပဲ။
လူသုံးယောက်က တဖက်၊ တောခွေးအုပ်ကြီးက တဖက်—တောခွေးတွေက ရှေ့ကိုတိုးမလာ၊ နောက်ကိုဆုတ်မသွားနဲ့ ဝေခွဲမရတဲ့ပုံစံနဲ့ လူတွေကို စိုက်ကြည့်ပြီး ရပ်နေကြတယ်။ အဲဒီမိနစ်ပိုင်းတွေက ဘယ်လောက်တောင် ရှည်လျားလိုက်မလဲဆိုတာ စဉ်းစားကြည့်ရုံနဲ့တင် ရင်တုန်စရာပါပဲ။
ဘာလက်နက်မှမပါတဲ့ သာမန်လူသားတွေနဲ့ သဘာဝရဲ့ အန္တရာယ်ကြားမှာ ရင်ဆိုင်နေရတဲ့ အခိုက်အတန့်ပါ။ ခဏကြာတော့မှ တောခွေးတွေက နောက်ကြောင်းကို ပြန်လှည့်သွားကြပါတယ်။
ဒီအချက်ကို လူတွေက အယူသီးတယ်လို့ မြင်ချင်မြင်ကြမှာပါ။ ဒါပေမဲ့ သိပ္ပံနည်းကျ အလင်းရောင်ကြောင့် တိရစ္ဆာန်တွေ ကြောက်သွားတာထက်၊ အဘွားရဲ့ စိတ်ထဲမှာ 'လူသားဆိုတာ သဘာဝတရားထက် ဘယ်တော့မှ မကြီးမြတ်ဘူး' ဆိုတဲ့ ခံယူချက်က အဓိကကျပါတယ်။
အဲဒီလို သဘာဝတရားကို ရိုသေတဲ့ စိတ်ဓာတ် (Eco-spirituality) ကပဲ အဘွားတို့ကို ဘေးအန္တရာယ်ကြားမှာ ရင်ဆိုင်ရဲတဲ့ ခွန်အားကို ပေးခဲ့တာလို့ မှတ်ယူမိပါတယ်။
အဘွားရဲ့ ပါးစပ်ရာဇဝင်ဟာ တန်ဖိုးမဲ့တဲ့အရာ မဟုတ်ပါဘူး။ ဒါဟာ ကျနော်တို့ရဲ့ ဒေသ၊ အမှန်တရားကို ကိုယ်တိုင် ပြန်လည်ဖော်ထုတ်ခွင့်ရတဲ့ 'ကိုယ်ပိုင်အသံ' တွေပဲ ဖြစ်ပါတယ်။
အဘွားတို့ရဲ့ ဒီပါးစပ်ရာဇဝင်တွေဟာ တရားဝင်သမိုင်းစာအုပ်တွေထဲမှာ မပါဝင်ခဲ့ပေမဲ့ ဒေသရဲ့ တကယ့်အမှန်တရားကို ဖော်ပြနေတဲ့ 'ကိုယ်ပိုင်အသံ' တွေပါ။
ဒီစာတမ်းကို ရေးသားရခြင်းရဲ့ ရည်ရွယ်ချက်က အတိတ်က အကြောင်းအရာတွေကို ပြန်ပြောပြဖို့တင် မဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာအရ ရှင်သန်ခြင်းထက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ခိုင်မာမှု (Resilience) ကသာ ဘယ်လိုစစ်ပွဲဒဏ်ကိုမဆို ကျော်လွှားနိုင်တယ်ဆိုတာကို မျိုးဆက်သစ်တွေ နားလည်စေချင်တာပါ။
အဘွားတို့ခေတ်မှာ လူသားမျိုးနွယ်ကို မပျောက်ကွယ်အောင် ထိန်းကျောင်းပေးခဲ့တဲ့ ဒီအသိဉာဏ်တွေဟာ တကယ့်ကို တန်ဖိုးရှိတဲ့ အင်အားစုတွေဖြစ်ပြီး သဘာဝကို ဘယ်လိုဆက်ဆံရမလဲ၊ အန္တရာယ်ကို ဘယ်လိုကြိုမြင်ရမလဲ၊ အခက်အခဲဆုံးအချိန်မှာတောင် လူအချင်းချင်း ဘယ်လို စုပေါင်းကာကွယ်ရမလဲဆိုတာကို လက်တွေ့သင်ပေးခဲ့ပါတယ်။ ဒီအသိဉာဏ်တွေကသာ အမှောင်ထုထဲမှာ ကျနော်တို့အတွက် အလင်းတန်းတွေ ဖြစ်လာခဲ့တာပါ။
အခု မျိုးဆက်သစ်တွေအနေနဲ့လည်း အဘွားတို့ရဲ့ အသိဉာဏ်နဲ့ စိတ်ဓာတ်တွေကို အမွေဆက်ခံပြီး ရှေ့ဆက်ရမယ့် ခက်ခဲတဲ့ ဘဝခရီးလမ်းတွေကို ရဲရဲဝံ့ဝံ့ ဖြတ်ကျော်သွားဖို့ လိုအပ်ပါတယ်။
စစ်ပွဲတခုရဲ့ ရလဒ်ဆိုတာ အနိုင်အရှုံးထက်၊ ရှင်သန်ကျန်ရစ်သူတွေရဲ့ ဉာဏ်ပညာထဲမှာ ဘယ်လိုအသွင်ပြောင်းသွားသလဲဆိုတာက ပိုအရေးကြီးပါတယ်။
သမိုင်းဆိုတာ အာဏာရှိတဲ့သူတွေ ရေးတဲ့ စာရွက်တွေပေါ်မှာတင် ရှိနေတာ မဟုတ်ဘဲ၊ စစ်ဒဏ်ကို ဉာဏ်ပညာနဲ့ ကျော်လွှားခဲ့တဲ့ အဘွားတို့ရဲ့ ရင်ထဲ၊ နှလုံးသားထဲမှာ တကယ့်သမိုင်းအစစ်အမှန်တွေ ရှိနေတာပါ။
ဒီအသိဉာဏ်တွေ လက်ဆင့်ကမ်း ရှင်သန်နေသရွေ့တော့ လူသားတွေဟာ ဘယ်လိုအမှောင်ထုထဲမှာမဆို ပြန်လည် ထွန်းလင်းနိုင်ဦးမှာပဲ ဖြစ်ပါတယ်။ ။










