
နယ်စပ်မြို့လေးရဲ့ မနက်ခင်းဟာ အင်ဂျင်ဝိုင်နံ့၊ ဖုန်မှုန့်နံ့တွေနဲ့အတူ စောစောစီးစီး နိုးထလေ့ရှိပါတယ်။ လမ်းကြားတခုထဲမှာ ဘိုဘိုဟာ သူ့ရဲ့ကားလေးကို ဆေးကြောသန့်စင်နေပါတယ်။
သူကိုယ်တိုင်က ဒီမြေမှာ ဧည့်သည်တယောက် ဖြစ်ပေမဲ့ သူစိမ်းမြေရဲ့ လမ်းမတွေကတော့ သူ့အတွက် ရင်းနှီးကျွမ်းဝင်နေခဲ့ပါပြီ။ သူတပါးနိုင်ငံ မြေပုံပေါ်မှာ ကိုယ့်ဘဝကို ပုံဖော်နေရတဲ့ ဘိုဘိုအတွက် စတီယာရင်ဘီးဟာ တနေ့တာ ဝမ်းရေးကို လှည့်ပတ်ပေးနေတဲ့ ကံကြမ္မာစက်ဝိုင်းတခုပါပဲ။
ဘဝဟာ မိုင်တိုင်တွေကြားမှာပဲ အချိန်ကုန်ဆုံးလေ့ရှိပြီး တခါတလေ ဘန်ကောက်ရဲ့ ကွန်ကရစ်တောအုပ်ထဲ ရောက်သွားလိုက်၊ တခါတလေ ချင်းမိုင်ရဲ့ မြူခိုးဝေတဲ့ တောင်တန်းတွေဆီ ပြန်တက်လာလိုက်နဲ့။ ဖောက်သည်တွေရဲ့ စိတ်အလိုကျ လမ်းကြောင်းတွေဟာ သူ့အတွက်တော့ နေရပ်မပြန်နိုင်သေးတဲ့ ဒုက္ခသည်တယောက်ရဲ့ လမ်းပြမြေပုံတွေပါပဲ။
ကားမောင်းနေရင်း လမ်းဘေးက ရောင်စုံမီးတန်းတွေကို ကြည့်ရတာထက် နောက်ကြည့်မှန်ထဲက အရိပ်တွေကို ပိုပြီး သတိထားနေရပါတယ်။ “ပုလိပ်ကြောက်ရတယ်” ဆိုတာ သူ့လက်သုံးစကားပါပဲ။ ကားပေါ်မှာ ပါလာသူတွေဟာ ဘာသာစကားတူ၊ အခက်အခဲတူတဲ့ မိခင်နိုင်ငံသားတွေနဲ့ တခါတရံမှ ပါလာတတ်တဲ့ အနောက်နိုင်ငံသားတွေ ဖြစ်ပါတယ်။
စီးနင်းသူတွေဟာ ဖောက်သည်ဆိုတာထက် ရင်းနှီးသူများလို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အခက်အခဲကြုံလို့ အကူအညီတောင်းလာတဲ့ မိတ်ဆွေတွေရဲ့ ယုံကြည်မှုဟာ နယ်စပ်ဘဝရဲ့ တခုတည်းသော အကာအကွယ်ပါ။ ကားထဲမှာတော့ နေရပ်ပြန်ချင်တဲ့ လွမ်းဆွတ်သံတွေ၊ အလုပ်အကိုင် အဆင်မပြေမှုတွေနဲ့ လုံခြုံရေးသတင်းတွေ ရောပြွမ်းနေတတ်ပါတယ်။
နေဝင်လို့ မြို့လေး ငြိမ်သက်သွားချိန်မှာတောင် ကားအင်ဂျင်က အပူမငြိမ်းသေးပါဘူး။ ဥပဒေအရိပ်အောက်မှာ သတိကြီးစွာနဲ့ မောင်းနှင်နေရတဲ့ ဒီဘဝဟာ ပင်ပန်းလှပေမဲ့ ကျန်ခဲ့တဲ့ မိသားစုနဲ့ မျှော်လင့်ချက်တွေအတွက် ဘိုဘို ဆက်လက်မောင်းနှင်နေရဦးမှာပါ။ အမှောင်ထဲမှာ ပျောက်ကွယ်လိုက်၊ ပြန်ပေါ်လာလိုက် ဖြစ်နေတဲ့ ကားနောက်မီးနီလေးဟာ အိမ်မပြန်နိုင်သေးတဲ့ အဝေးရောက် အလုပ်သမားတယောက်ရဲ့ ရုန်းကန်ခြင်းကို တရွေ့ရွေ့ ရေးထိုးနေဆဲ ဖြစ်ပါတယ်။
ဒီတခါတော့ ဘိုဘိုရဲ့ ကားရှေ့ခန်းမှာ ထိုင်းစကားရော မြန်မာစကားပါ မတတ်တဲ့ အနောက်တိုင်းသား နိုင်ငံခြားသားတယောက် ထိုင်လိုက်လာပါတယ်။ သွားမဲ့နေရာက သောင်ရင်းမြစ် အကွေ့အကောက်တခုမှာရှိတဲ့ “အင်ကြင်းမြိုင်” ရွာလေးဆီကိုပါ။ ဟိုတယ်ကနေ စတင်ငှားရမ်းစဉ်ကတည်းက သူ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ “ဓာတ်ပုံရိုက်ဖို့ပဲ” တဲ့။ တနာရီ ဘတ် ၅၀၀ ဆိုတဲ့ ဈေးနှုန်းဟာ ဘိုဘိုအတွက်တော့ နေ့တွက်စီတယ် ပြောရမှာပါ။
မနက်ခင်း တခေါက် သွားတုန်းက နယ်စပ်ရဲ့ နေပူရှိန်က ပြင်းထန်လွန်းတာကြောင့် နိုင်ငံခြားသားက လက်လျှော့ပြီး ဟိုတယ် ပြန်လာခဲ့ပါတယ်။ ညနေ ၅ နာရီ နေစောင်းချိန်မှာတော့ ဒုတိယအကြိမ်မြောက် အင်ကြင်းမြိုင်ကို ပြန်ရောက်လာခဲ့ကြတယ်။
နိုင်ငံခြားသားဟာ ကားပေါ်ကဆင်းပြီး သောင်ရင်းမြစ် တဖက်ကမ်း မြန်မာဘက်ခြမ်းက မြင့်မားလှတဲ့ အဆောက်အအုံကြီးတွေဆီ သူ့မှန်ဘီလူးအရှည်ကြီးနဲ့ ချိန်ရွယ်လိုက်ပါတယ်။ ထိုင်းဘက်ခြမ်း “China View” လို့ အမည်တွင်တဲ့ နေရာကနေ ပုံရိပ်တွေကို အဝေးကတမျိုး၊ အနီးကပ်တဖုံ စိတ်ရှည်လက်ရှည် ဓာတ်ပုံရိုက်ကူးနေတာပါ။ ဓာတ်ပုံရိုက်လို့ ဝသွားလို့ ကားပေါ်ပြန်တက်လာပြီး ကားထွက်လာချိန်မှာတောင် ကားမှန်ချပြီး လမ်းတလျှောက် မြင်ကွင်းတွေကို ကင်မရာထဲ ထည့်နေတုန်းပါပဲ။ တိုးဝင်လာတဲ့ မြစ်လေညင်းနဲ့အတူ ကင်မရာခလုတ်နှိပ်သံတွေက ကားအတွင်းခန်းထဲမှာ ပဲ့တင်ထပ်နေပါတယ်။
နိုင်ငံခြားသားအတွက်တော့ ဒါဟာ ထူးဆန်းတဲ့ နယ်စပ်မြင်ကွင်းတခု သို့မဟုတ် သတင်းဓာတ်ပုံ၊ အနုပညာတခု ဖြစ်နိုင်ပေမဲ့ စတီယာရင်ကို ဆုပ်ကိုင်ထားတဲ့ ဘိုဘိုအတွက်တော့ အဖြေရှာမရသေးတဲ့ နယ်စပ်ရဲ့ ပုစ္ဆာတပုဒ်လိုပါပဲ။
အဲဒီအဆောက်အအုံကြီးတွေက တချိန်က ကျားဖြန့်လုပ်ငန်းတွေနဲ့ မီးထိန်ထိန်လင်းခဲ့ဖူးတဲ့ နေရာတွေပါ။ အခုတော့ ဝိညာဉ်နုတ်ထားသလို အခွံကြီးတွေပဲ ကျန်နေခဲ့တဲ့ အဆောက်အအုံပျက်ကြီးတွေကို နိုင်ငံခြားသားက ဘာကြောင့် ဒီလောက် အသည်းအသန် ရိုက်နေရတာလဲဆိုတာ ဘိုဘို နားမလည်နိုင်ပါဘူး။
ဘိုဘိုအတွက်တော့ အဲဒီအဆောက်အအုံတွေဟာ မိမိတို့လူမျိုးတွေရဲ့ မျက်ရည်တွေ၊ ဘဝပျက်မှုတွေနဲ့ အိမ်မပြန်နိုင်ခြင်းတွေ ကိန်းအောင်းနေတဲ့ သမိုင်းအမာရွတ်ကြီးတွေသာ ဖြစ်ပါတယ်။
တချိန်က တနိုင်ငံလုံးမှာ လက်နက်ကြီးသံတွေ ဟိန်းဟောက်၊ ကောင်းကင်ယံမှာ မီးခိုးလုံးတွေ ဖုံးလွှမ်းပြီး ဒေသခံတွေ စစ်ဘေးရှောင်နေရချိန်မှာတောင် သောင်ရင်းမြစ်ကမ်းဘေးက အဲဒီအဆောက်အအုံကြီးတွေကတော့ နတ်ဘုံနတ်နန်းသဖွယ် မီးထိန်ထိန်လင်းနေခဲ့တာပါ။ တဖက်ကမ်းက ခေတ်မီအဆောက်အအုံကြီးတွေပေါ်က နီယွန်မီးရောင်စုံတွေဟာ သောင်ရင်းမြစ်ရေပြင်ပေါ်မှာ လှိုင်းတွန့်လေးတွေအဖြစ် ကခုန်နေပြီး၊ စူးရှတောက်ပတဲ့ လျှပ်စစ်ပန်းခင်းကြီးတခု ပွင့်လန်းနေသလို ရှိခဲ့ဖူးပါတယ်။
အဲဒီနေရာဟာ နာမည်နဲ့လိုက်အောင်ပဲ တရုတ်ပုံစံ နည်းပညာနဲ့ ငွေကြေးအင်ပါယာရဲ့ အရိပ်အောက်မှာ သက်ဝင်လှုပ်ရှားခဲ့တာပါ။ မြစ်ကမ်းဘေးက လသာဆောင်မှာ ထိုင်ပြီး အလှအပကို ငေးမောနေသူတယောက်အတွက် ခေတ်မီဆန်းသစ်တဲ့ မြင်ကွင်းဖြစ်နိုင်ပေမဲ့၊ အုတ်တံတိုင်း မြင့်မြင့်တွေနဲ့ လျှပ်စစ်ဝါယာကြိုးတွေကြားမှာ ပိတ်လှောင်ခံထားရသူတွေအတွက်တော့ ငရဲခန်းတခုပါပဲ။
တဖက်မှာ သေနတ်သံတွေ၊ စစ်မီးတွေ တောက်လောင်နေချိန်မှာ “ကျားဖြန့်” အင်ပါယာကြီးကတော့ ကာစီနိုမီးရောင်တွေအောက်၊ လေအေးပေးစက်သံ တဝီဝီနဲ့ ကွန်ပျူတာ ခလုတ်နှိပ်သံတွေကြား အေးအေးလူလူ အမြတ်ထုတ်နေခဲ့ကြတာ ဖြစ်ပါတယ်။
ထောင့်တနေရာမှာ မိသားစုနဲ့ ဝေးကွာနေရသူတွေ၊ မျှော်လင့်ချက်အသစ် ရှာဖွေရင်း လမ်းပျောက်နေသူတွေရဲ့ သက်ပြင်းချသံတွေဟာ မြစ်လေညင်းနဲ့အတူ တိုးတိတ်စွာ လွင့်ပါးခဲ့ရပါတယ်။ သောင်ရင်းမြစ်ထဲ မျောပါလာတတ်တဲ့ အလောင်းတွေ၊ ပျောက်ဆုံးသွားတဲ့ လူငယ်တွေရဲ့ သတင်းတွေနဲ့ မှောင်ခိုလုပ်ငန်းတွေရဲ့ ရက်စက်မှုတွေဟာ နယ်စပ်ဒေသရဲ့ အနာဂတ်ကို ခြိမ်းခြောက်နေတဲ့ အရိပ်မည်းကြီးအဖြစ် ထင်ကျန်ခဲ့ပါတယ်။
အခုတော့ အဲဒီမြင်ကွင်းဟာ ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားပါပြီ။ မီးရောင်စုံတွေ မရှိတော့ပါဘူး။ ဖျတ်ခနဲ ရွှေ့ပြောင်းသွားကြတဲ့ ကျားဖြန့်လုပ်ငန်းရှင်တွေနောက်မှာတော့ ဝိညာဉ်နုတ်ခံထားရတဲ့ အဆောက်အအုံပျက်ကြီးတွေပဲ ထီးထီးကြီး ကျန်ရစ်ခဲ့ပါတယ်။
တချိန်က လူတွေကို လှည့်စားဖို့ အသုံးချခဲ့တဲ့ အဆင့်မြင့် အဆောက်အအုံကြီးတွေဟာ အခုတော့ ချောက်ချားစရာကောင်းလောက်အောင် တိတ်ဆိတ်လို့နေပါတယ်။ မီးလောင်ပြင်တွေနဲ့ ဗုံးကျင်းတွေကြားမှာ မားမားမတ်မတ် ကျန်ရစ်နေတဲ့ အဲဒီအဆောက်အအုံ အခွံကြီးတွေဟာ သမိုင်းရဲ့ သုသာန်တခုလိုပါပဲ။ ရက်စက်မှု၊ လိမ်လည်မှုနဲ့ မျက်ရည်တွေကို သက်သေထူဖို့ မြစ်ကမ်းဘေးမှာ အထီးကျန်စွာ ကျန်ရစ်နေခဲ့ပြီး၊ ညဘက်ဆိုရင်တော့ တချိန်က မီးရောင်တွေအစား လပြည့်ညရဲ့ အရိပ်မည်းကြီးတွေကသာ ချောက်ချားဖွယ် ကြီးစိုးထားပါတော့တယ်။
နေလုံးကြီးက သောင်ရင်းမြစ်ရဲ့ တဖက်ကမ်း တောင်တန်းတွေနောက်ကို ငုပ်လျှိုးသွားချိန်မှာ နိုင်ငံခြားသားက ကျေနပ်အားရစွာနဲ့ ကားပေါ်ပြန်တက်လာပါတယ်။ တရက်တည်း ၂ ခေါက်စာအတွက် ငွေပေးချေမှုက ဘိုဘို၏လက်ထဲမှာ အခန့်သား။
ကားကို ပြန်မောင်းထွက်လာချိန်မှာတော့ နောက်ကြည့်မှန်ထဲမှာ ကျန်ရစ်ခဲ့တဲ့ အင်ကြင်းမြိုင် မြစ်ကမ်းဘေးက အဆောက်အအုံပျက်ကြီးတွေဟာ အမှောင်ထုထဲမှာ ပိုပြီး ထီးထီးကြီး ကျန်ရစ်ခဲ့ပါတယ်။
ဘဝဆိုတာလည်း ဒီလိုပါပဲ။ တယောက်အတွက်က ဓာတ်ပုံရိုက်စရာ ပြကွက်တခု ဖြစ်နေချိန်မှာ နောက်တယောက်အတွက်တော့ ဒါဟာ တသက်စာ ရုန်းကန်နေရတဲ့ လက်တွေ့ဘဝကြီး ဖြစ်နေတတ်တာကို ဘိုဘိုတယောက် စတီယာရင်ကို ကိုင်ရင်း တွေးနေမိပါတော့တယ်။
ငွေကြေးနဲ့ နည်းပညာတွေက တခြားနယ်မြေသစ်ဆီ စီးဆင်းသွားကြပေမဲ့ ကျိုးပဲ့နေတဲ့ အုတ်ပုံတွေ၊ အိမ်မပြန်နိုင်သေးတဲ့ ဝိညာဉ်ပေါင်းများစွာရဲ့ ပဲ့တင်သံတွေက မြစ်လေညင်းထဲမှာ ကျန်ရစ်နေမှာပါ။ ဒီအဆောက်အအုံပျက်ကြီးတွေဟာ နယ်စပ်ဒေသရဲ့ အနာဂတ်မှာ ဘယ်လိုအမာရွတ်မျိုးအဖြစ် ဆက်ရှိနေမလဲဆိုတာ ဘိုဘိုအတွက်ရော၊ တနိုင်ငံလုံးအတွက်ပါ အဖြေရှာမရသေးတဲ့ ပုစ္ဆာတပုဒ်ပါပဲ။
နေဝင်မိုးချုပ်လို့ အိမ်ပြန်ချိန်ရောက်တိုင်း ဘိုဘိုဟာ ကားလေးကို ဂရုတစိုက် သိမ်းဆည်းရင်း မြစ်တဖက်ကမ်းက မှောင်မည်းနေတဲ့ တိုက်ပျက်ကြီးတွေကို သတိရမိတတ်ပါတယ်။ တချိန်က အဲဒီမှာ ထိန်ထိန်လင်းခဲ့တဲ့ မီးရောင်တွေဟာ လူသားတွေကို လမ်းပြတဲ့ အလင်းရောင်မဟုတ်ဘဲ ဝါးမျိုဖျက်ဆီးမယ့် မီးလျှံတွေသာ ဖြစ်ခဲ့တယ်ဆိုတာ အခုတော့ အားလုံး သိလိုက်ကြပါပြီ။
ဘိုဘိုဟာ သူ့ရဲ့ စတီယာရင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း တိုးတိတ်စွာ ဆုတောင်းမိပါတယ်။ နောက်တနေ့ မနက်ခင်းမှာတော့ သူ့ရဲ့ကားပေါ်မှာ လွမ်းဆွတ်သံတွေထက် ပျော်ရွှင်စရာ သတင်းတွေ သယ်ဆောင်လာတဲ့ ခရီးသည်တွေကိုပဲ တင်ဆောင်ခွင့်ရပါစေတော့လို့ပေါ့။ ။











