
ပြည်ပကိုထွက်ဖို့ အကြောင်းဖန်လာတော့ အိတ်ထဲ ဘာတွေကို အရင်ဆုံး ကောက်ထည့်မိသလဲဆိုရင် စာအုပ်တွေနဲ့ အထောက်အထား စာရွက်စာတမ်းတွေကိုပဲ အဓိကထားပြီး ထည့်ခဲ့မိပါတယ်။
ဒီလိုနဲ့ မိုင်ပေါင်းများစွာဝေးတဲ့ နေရာတခုကို ပါလာခဲ့တဲ့ စာအုပ်တွေကို ပြန်ဖတ်ဖြစ်ရင်း မြေပြင်မှာ တာဝန်ယူနေတဲ့ လုပ်ဖော်ကိုင်ဖက်တဦးကို ကလောင်ကနေတဆင့် ပြန်တွေ့ခဲ့ရပါတယ်။
မောင်လူမွှေးနဲ့ တရုံးတည်းမှာ အတူတူအလုပ်လုပ်ခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေပါ။ သူက မြေပြင်မှာ တာဝန်ယူနေပြီး ကျနော်ကတော့ ပြည်ပကနေ တာဝန်ထမ်းဆောင်နေခဲ့တာပါ။
တနေ့ စာအုပ်တအုပ်ကို ဖတ်နေတုန်း စာရေးသူရဲ့ ကလောင်အမည်ကို မသင်္ကာတာနဲ့ လှမ်းမေးလိုက်ပါတယ်။
“ဒီကလောင်က ခင်ဗျားမဟုတ်လားဗျ”
အဲဒီတော့မှ သူက ရယ်ရင်း။
“နီးလျက်နဲ့ ဝေးနေကြတာဗျာ” လို့ ပြန်ဖြေလာပါတယ်။
အဲဒီနောက် သူက ဧရာဝတီတိုင်းမှာ စာသင်ခဲ့ရတဲ့အကြောင်း၊ သင်္ချိုင်းကုန်းနားမှာ အိပ်ခဲ့ရတဲ့ ညတွေအကြောင်း၊ ဒေသခံတွေရဲ့ ရိုးသားဖြူစင်ပုံတွေအကြောင်းကို တစချင်း ပြန်ပြောပြပါတယ်။
ဒီလိုနဲ့ လုပ်ဖော်ကိုင်ဖက်တဦးဖြစ်သလို စာရေးဆရာတဦး၊ ကျောင်းဆရာတဦးလည်း ဖြစ်တဲ့ သူ့ကို စာအုပ်တအုပ်ရဲ့ စာမျက်နှာတွေကြားထဲမှာ ရှာတွေ့ခဲ့ရတာပါ။
“မောင်လူမွှေး” ဆိုတဲ့ ကလောင်အမည် ဖြစ်ပေါ်လာပုံက ရင်ထဲဆို့နင့်စရာပါပဲ။ The Nation Voice သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ သူကိုယ်တိုင် ပြန်ပြောပြခဲ့တဲ့တာ ရှိပါတယ်။
၂၀၂၄-၂၀၂၅ ခုနှစ်ဝန်းကျင်က သူတို့ဇနီးမောင်နှံ ကိုယ်ဝန်ရလာတော့ သားလေးမွေးရင် “မောင်လူမွှေး”၊ သမီးလေးမွေးရင် “မယ်မွှေး” လို့ နာမည်ပေးဖို့ တိုင်ပင်ထားခဲ့ကြပါတယ်။
ဒါပေမဲ့ မြေပြင်က ခက်ခဲကြမ်းတမ်းတဲ့ လမ်းခရီးတွေနဲ့ ဆိုးရွားလှတဲ့ အခြေအနေတွေကြားမှာ သူတို့ရဲ့ ရင်သွေးလေးကို ဆုံးရှုံးခဲ့ရပါတယ်။
ဒီအကြောင်းဟာ ရင်ဘတ်ထဲက စကားကို အားယူပြီး ပြောထွက်ရတဲ့ အကြောင်းပါ။ မောင်လူမွှေးရဲ့ ဇနီးသည်ဟာ သူနဲ့အတူ ရှေ့သွားနောက်လိုက် လက်တွဲလုပ်ကိုင်နေတဲ့ ကျောင်းဆရာမတဦးပါ။ လမ်းခရီးကြမ်းတလျှောက်မှာ ကိုယ်ဝန်ပျက်ကျခဲ့ရတာ ဖြစ်ပါတယ်။
ဒီလိုနဲ့ လူ့လောကထဲကို ရောက်မလာနိုင်ခဲ့တဲ့ ရင်သွေးလေးကို အမှတ်တရပြုရင်း “မောင်လူမွှေး” ဆိုတဲ့နာမည်နဲ့ ကလောင်ယူပြီး စာတွေ ဆက်ရေးဖြစ်ခဲ့တာလို့ သူက ပြောပါတယ်။
ဒါကြောင့် “မောင်လူမွှေး” ဆိုတဲ့ ကလောင်အမည်ဟာ စာရေးဆရာတဦးရဲ့ နာမည်သက်သက် မဟုတ်ပါဘူး။ လူ့လောကထဲ မရောက်လာနိုင်ခဲ့တဲ့ ကလေးတယောက်အတွက် ထားရှိတဲ့ အမှတ်တရတခုပါ။ တဖက်မှာလည်း ဆုံးရှုံးမှုကြားကနေ ဆက်လက်ရှင်သန်ဖို့ ရွေးချယ်ခဲ့တဲ့ လမ်းတလမ်း ဖြစ်ပါတယ်။
မောင်လူမွှေးဆိုတာ ဆိုင်ကယ်အစုတ်ကလေးတစီးနဲ့ လမ်းကြမ်းတွေကို ဖြတ်၊ တောင်တက်တောင်ဆင်း ခရီးတွေကို ကျော်ဖြတ်ပြီး ကလေးတွေအတွက် ပညာမျှဝေပေးနေသူပါ။
သူရေးထားတဲ့ စာတွေထဲမှာ မြေပြင်မှတ်တမ်းတွေ၊ စာသင်ခန်းတွေရဲ့ အဖြစ်အပျက်တွေ၊ ကလေးတွေနဲ့ ရပ်ရွာတွေရဲ့ အိပ်မက်တွေကို တွေ့ရပါတယ်။
မြေပြင်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်တွေ၊ စစ်ကြောင်းထိုးမှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြားမှာ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေ ထိခိုက်ပျက်စီးနေကြပါတယ်။
ဒါပေမဲ့ ကလေးတွေ ပညာသင်ယူခွင့် မဆုံးရှုံးစေဖို့နဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ စိတ်ဓာတ် မပြိုလဲစေဖို့ မောင်လူမွှေးတို့လို ကျောင်းဆရာ၊ ဆရာမတွေက စာသင်ပေးရင်း၊ ပညာဒါနပြုရင်း ရုန်းကန်နေကြရပါတယ်။
သူတို့ရဲ့ အလုပ်က စာသင်ခန်းတခန်း ဖွင့်ပေးရုံတင် မဟုတ်ပါဘူး။ စစ်ဘေးကြားက ကလေးတယောက်ရဲ့ အနာဂတ် မပျောက်သွားအောင်၊ ရပ်ရွာတခုရဲ့ မျှော်လင့်ချက် ပျောက်ကွယ်မသွားအောင် တိတ်တဆိတ် ထိန်းသိမ်းပေးနေတာလည်း ဖြစ်ပါတယ်။
“စနစ်ကို ကျည်ဆန်နဲ့ ပစ်လို့မရဘူး” ဆိုတဲ့စကားက မောင်လူမွှေးတို့ရဲ့ ပညာရေးလုပ်ငန်းရဲ့ အဓိပ္ပာယ်ကို ဖော်ပြနေပါတယ်။
စနစ်ဆိုးတခုကို ကျည်ဆန်နဲ့ ဖြိုဖျက်လို့မရပါဘူး။ စစ်အာဏာရှင်စနစ်က မွေးထုတ်ထားတဲ့ အယူအဆအမှားတွေ၊ လူမှုရေးအလေ့အထအမှားတွေနဲ့ အာဏာကို မေးခွန်းမထုတ်ဘဲ လက်ခံတတ်တဲ့ စိတ်ဓာတ်တွေကိုပါ ပြောင်းလဲဖို့ လိုပါတယ်။ အဲဒီလိုပြောင်းလဲနိုင်ဖို့ အသိပညာနဲ့ ပြည်သူတွေရဲ့ စိတ်ဓာတ်မြင့်မားမှုက အဓိကပါ။
စာသင်ခန်းတွေကနေ စတင်ပြီး ရပ်ရွာတခုလုံး ပညာတတ်လာအောင်၊ အမှားနဲ့အမှန်ကို ခွဲခြားသိလာအောင်၊ မိမိတို့ရဲ့ အခွင့်အရေးနဲ့ တာဝန်တွေကို နားလည်လာအောင် လုပ်ပေးတာကသာ စနစ်ဆိုးကို ရေရှည်ပြောင်းလဲနိုင်မဲ့ နည်းလမ်း ဖြစ်ပါတယ်။
အမှောင်ထုကြားမှာ ကလေးတွေကို မီးအိမ်လို ထွန်းညှိပေးရင်း အနာဂတ်အတွက် ပညာရေးသစ်ပင်တွေ စိုက်ပျိုးနေတဲ့ မောင်လူမွှေးတို့လို ကျောင်းဆရာတွေက ဒီအချက်ကို သက်သေပြနေကြပါတယ်။
စစ်အာဏာရှင်စနစ်ဟာ ကျည်ဆန်နဲ့ ပစ်ခတ်ဖြိုခွဲလိုက်ရုံနဲ့ အမြစ်ပြတ်သွားမှာ မဟုတ်ပါဘူး။ အဲဒီစနစ်က စိုက်ပျိုးထားခဲ့တဲ့ အမုန်းတရားတွေ၊ အမှားအယွင်းတွေ၊ အာဏာရှင်ဆန်တဲ့ စိတ်ဓာတ်တွေကို ရှင်းထုတ်ဖို့ စာသင်ခန်းတွေဆီက ထွန်းညှိလာတဲ့ အသိပညာမီးအိမ်တွေ လိုအပ်ပါတယ်။
မောင်လူမွှေးတို့ ဇနီးမောင်နှံဟာ လက်နက်ကိုင်ထားသူတွေ မဟုတ်ကြပါဘူး။ ဒါပေမဲ့ အန္တရာယ်များလှတဲ့ မြေပြင်မှာ ကလေးတွေရဲ့ အနာဂတ်နဲ့ ရပ်ရွာတွေရဲ့ အသိပညာအတွက် မိသားစုဘဝနဲ့ ရင်သွေးဆုံးရှုံးမှုအထိ ပေးဆပ်ရင်း စာသင်ခန်းကလေးတွေထဲကနေ စနစ်ဆိုးကို အသံတိတ် တိုက်ပွဲဝင်နေကြတာပါ
မောင်လူမွှေးဟာ ဒီနေ့ခေတ် တိုက်ပွဲတွေနဲ့ အကျပ်အတည်းတွေကြားမှာ ကလေးငယ်တွေရဲ့ အိပ်မက်တွေကို ပျိုးထောင်ပေးနေတဲ့ သစ်ပင်တပင်နဲ့တူပါတယ်။
ဒီနေ့ သူစိုက်ပျိုးနေတဲ့ ပညာရေးသစ်ပင်တွေဟာ အနာဂတ်မြန်မာပြည်အတွက် အပူငြိမ်းစရာ စိမ်းလန်းတဲ့အရိပ်တွေ ဖြစ်လာနိုင်ပါတယ်။
ပြည်ပမြေမှာ ဖတ်မိခဲ့တဲ့ စာအုပ်လေးတအုပ်ကနေ အတိတ်နဲ့ ပစ္စုပ္ပန်ကို ဆက်သွယ်ပေးနေတဲ့ သံယောဇဉ်လမ်းကြောင်းတခုကို ပြန်တွေ့ခဲ့ရပါတယ်။ အဲဒီစာမျက်နှာတွေကြားမှာ လုပ်ဖော်ကိုင်ဖက်ကျောင်းဆရာတဦးကိုသာမက မြေပြင်က လူတွေရဲ့ ဆုံးရှုံးမှု၊ ရုန်းကန်မှုနဲ့ မျှော်လင့်ချက်တွေကိုပါ ပြန်တွေ့ခဲ့ရတာပါ။
စာအုပ်ကို ပိတ်လိုက်ပေမဲ့ ရင်ထဲမှာတော့ စာသင်ကျောင်းကလေးတွေ၊ ဆိုင်ကယ်အစုတ်ကလေးနဲ့ လမ်းကြမ်းတွေကို ဖြတ်သန်းနေတဲ့ ကျောင်းဆရာတဦးနဲ့ “စနစ်ကို ကျည်ဆန်နဲ့ပစ်လို့မရဘူး” ဆိုတဲ့ စကားသံတွေက ဆက်ပြီး ရှင်သန်နေဦးမှာပါ။
မြေပြင်ဖွံ့ဖြိုးရေးလုပ်တယ်ဆိုတာ ကိန်းဂဏန်းတွေနဲ့ ပြစရာအလုပ်တခုတည်း မဟုတ်ပါဘူး။ တကယ်တော့ မြေပြင်မှာ ရှင်သန်နေရတဲ့ လူတွေရဲ့ စိတ်နှလုံးကို သွားရောက်ကုစားပေးတာပါ။
စစ်ဘေးရှောင်စခန်းထဲက ကလေးငယ်တွေရဲ့ မျက်လုံးတွေထဲမှာ စိတ်ဓာတ်ကျမှုနဲ့ အကြောက်တရားတွေကို မြင်ရတဲ့အခါ လုပ်ပေးနိုင်တာက အားပေးစကားပြောပေးဖို့၊ သင်တန်းတွေ ပို့ချပေးဖို့နဲ့ အသိပညာမျှဝေပေးဖို့ပါပဲ။
စစ်ဘေးဒဏ်ကြောင့် အနာဂတ်မဲ့နေတဲ့ ကလေးတွေ ပညာသင်ခွင့်ရဖို့နဲ့ လူထုတရပ်လုံး စစ်အာဏာရှင်စနစ်ရဲ့ အရိပ်ဆိုးအောက်ကနေ လွတ်မြောက်ဖို့ အခြေခံအုတ်မြစ်ကတော့ လူတွေ ပညာတတ်လာအောင် လုပ်ပေးခြင်းပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ မြေပြင်အမှန်တရားက အခက်အခဲတွေနဲ့ ပြည့်နှက်နေပါတယ်။ တော်လှန်ရေးအင်အားစုတွေအချင်းချင်း ယုံကြည်မှုတည်ဆောက်ရတာ၊ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို နေ့စဉ် ရင်ဆိုင်နေရတာတွေက မြေပြင်ကလူတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်ပါတယ်။
လေယာဉ်နဲ့ ဗုံးကြဲတာ၊ ရွာတွေကို မီးရှို့တာ၊ ဆေးဝါးနဲ့ စက်သုံးဆီ ဖြတ်တောက်တာ၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေဟာ မျက်စိရှေ့မှာ နေ့စဉ်ကြုံနေရတဲ့ အိပ်မက်ဆိုးတွေပါ။
ဒီလို စာအုပ်ထဲမှာ အပြည့်အစုံ ချမရေးနိုင်ခဲ့တဲ့ အဖြစ်အပျက်တွေ၊ လူမသိသူမသိ အသက်ပေးသွားခဲ့ရတဲ့ ရဲဘော်တွေနဲ့ ပြည်သူတွေရဲ့ ပေးဆပ်မှုတွေ၊ မြေပြင်မှာ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းဝင်အဖြစ်အပျက်တွေကို “စနစ်ကို ကျည်ဆန်နဲ့ပစ်လို့မရဘူး” ဆိုတဲ့ စာအုပ်ထဲမှာ မှတ်တမ်းတင်ထားပါတယ်။
စာမျက်နှာ ၃၀၀ ကျော် ပါဝင်တဲ့ ဒီစာအုပ်ဟာ မြေပြင်အမှန်တရားကို ကိုယ်တိုင်မြင်တွေ့သလို သိရှိချင်သူတွေအတွက် ဖတ်သင့်တဲ့ စာအုပ်တအုပ် ဖြစ်ပါတယ်။
ကျနော်တို့ဟာ အာဏာရှင်စနစ်အောက်မှာ ကြီးပြင်းလာကြသူတွေဆိုတော့အာဏာရှင်ဆန်တဲ့ အပြုအမူတွေက ကိုယ့်ကိုယ်ထဲမှာလည်း မသိမသာ ပါလာတတ်ပါတယ်။
ဒါကို သတိထားပြီး ကိုယ်တိုင် အရင်ဆုံး စိတ်ဓာတ်ပိုင်းဆိုင်ရာ လွတ်လပ်သူတဦး ဖြစ်လာအောင် ပြုပြင်ဖို့ လိုပါတယ်။ ဒါမှပဲ အခြားသူတွေဆီကို လွတ်လပ်မှုရဲ့ အနှစ်သာရကို ဆက်ပြီး မျှဝေပေးနိုင်မှာပါ။
စစ်အာဏာရှင်ရဲ့ စနစ်ဆိုးကို မတိုက်နိုင်ဘဲ တော်လှန်ရေးအချင်းချင်း၊ ပြည်သူအချင်းချင်း ပဋိပက္ခဖြစ်နေမယ်ဆိုရင် တော်လှန်ရေးရဲ့ အနှစ်သာရ ပျောက်ကွယ်သွားပါလိမ့်မယ်။
ဒါကြောင့် စနစ်တခုလုံးကို အမြစ်ပြတ် တော်လှန်ချင်တယ်ဆိုရင် သေနတ်တလက်တည်းနဲ့ မလုံလောက်ပါဘူး။ လူထုကို အသိပညာအလင်းနဲ့ အားဖြည့်ပေးဖို့လည်း လိုပါတယ်။
အပြင်ဘက်က အာဏာရှင်ကို မဖြိုခွဲခင် ကိုယ့်စိတ်ဓာတ်နဲ့ ကိုယ့်အတွင်းမှာ ကိန်းဝပ်နေတဲ့ အာဏာရှင်စနစ်ရဲ့ အကျင့်ဆိုးတွေကို အရင်ဆုံး တော်လှန်ပစ်ဖို့ လိုပါတယ်။
“ငါ့အမြင်ပဲ မှန်ရမယ်၊ ငါ့အမိန့်ကိုပဲ နာခံရမယ်” ဆိုတဲ့ အစွဲတွေကို ချွတ်ချနိုင်မှသာ လွတ်လပ်ပြီး မျှတတဲ့ ဒီမိုကရေစီလူ့ဘောင်သစ်ကို တကယ်တည်ဆောက်နိုင်မှာပါ။
စိတ်ဓာတ်ပိုင်းဆိုင်ရာ လွတ်မြောက်မှု မရှိရင် ဘယ်တော်လှန်ရေးမဆို အဓိပ္ပာယ်ပြည့်ဝလာမှာ မဟုတ်ပါဘူး။
စစ်ပွဲတခုမှာ နယ်မြေတခုကို သေနတ်နဲ့ သိမ်းပိုက်လိုက်ရုံနဲ့ အနိုင်ရပြီလို့ ပြောလို့မရသေးပါဘူး။ တကယ့်အနိုင်က လူထုရဲ့ ဦးနှောက်နဲ့ နှလုံးသားကို ဘယ်လိုပြန်လည်တည်ဆောက်မလဲဆိုတဲ့ အချက်ပေါ်မှာပဲ မူတည်နေပါတယ်။
လူထုအနေနဲ့ လွတ်လပ်စွာတွေးခေါ်လာပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်လာတဲ့နေ့ဟာ အာဏာရှင်စနစ် တကယ်ပျက်သုဉ်းသွားမဲ့နေ့ ဖြစ်ပါလိမ့်မယ်။
နာမည်မကျန်၊ သမိုင်းမကျန်ဘဲ အသက်ပေးဆပ်သွားကြရတဲ့ ရဲဘော်တွေနဲ့ ပြည်သူတွေရဲ့ ကျေးဇူးတရားကတော့ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။
သူတို့ရဲ့ ပေးဆပ်မှုတွေနဲ့ ရေးထိုးခဲ့တဲ့ စာမျက်နှာတွေဟာ ဒီစာအုပ်ထဲမှာ တိတ်တဆိတ် သက်ရှိထင်ရှား ရှိနေဆဲပါ။
မြေပြင်ရဲ့ ပူလောင်မှုနဲ့ ငိုရှိုက်သံတွေ၊ ပုံရိပ်လွှာတွေကို ခံစားချင်တယ်ဆိုရင် “စနစ်ကို ကျည်ဆန်နဲ့ပစ်လို့မရဘူး” ဆိုတဲ့ ဒီစာအုပ်ဟာ စာဖတ်သူတွေအတွက် ပြတင်းပေါက်တချပ် ဖြစ်လာပါလိမ့်မယ်။











