
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ညောင်ဗက်ရွာမှာ မြေသိမ်းခံရတာနဲ့ ပတ်သက်လို့ အွန်လိုင်းပေါ်တင်ခဲ့တဲ့ ရွာသား ၁၀ ယောက်ကို PNO ပြည်သူ့စစ်က ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မတ် ၃၀ ရက် ညဘက်မှာ PNO ပြည်သူ့စစ်၊ စစ်ကောင်စီတပ်နဲ့ ဟိုပုံးရဲတပ်ဖွဲ့တွေ စုပေါင်းပြီး အင်အား ၁၀၀ ကျော်နဲ့ လာရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးစဉ်မှာလည်း ခြေထောက်နဲ့ကန်တာ၊ လက်သီးနဲ့ထိုးတာ၊ သေနတ်ဒင်နဲ့ထုတာ စတဲ့ အကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
ဒေသခံ ရွာသားတယောက်က “ရွာသားတွေ တင်တာကလည်း သူတို့အိမ်ခြံတွေ သိမ်းခံရလို့ အခက်အခဲဖြစ်နေတဲ့ အကြောင်းပဲ တင်ထားတာပါ။ သူတို့ကို ဆဲတာ၊ မကောင်းပြောတာ မရှိဘူး။ အဲဒါကို အခုလို အကြမ်းဖက်ပြီး လာဖမ်းသွားတာပါ။ အခု ဘယ်မှာဖမ်းသွားတယ် ဆိုတာလည်း မသိရဘူး” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေက အသက် ၂၀ မှ ၄၀ အတွင်းရှိ ရွာသားတွေဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၀ ယောက် ပါဝင်ပါတယ်။
နောက်ထပ် ရွာခံတယောက်က “မိန်းကလေးတွေပါလို့ ပိုစိုးရိမ်နေကြတာပါ။ ဒါပေမဲ့ ရွာသားတွေရှေ့မှာပဲ အကြမ်းဖက်ပြီး ဖမ်းသွားတာကြောင့် အခု ဘယ်သူမှ မလုပ်ရဲ၊ မပြောရဲ ဖြစ်နေကြတယ်” လို့ ပြောပါတယ်။
ဟိုပုံး-လွိုင်လင် လမ်းမကြီး မြောက်ဘက်ရှိ မြေဧက ၁၄,၀၀၀ ကျော်ကို စစ်တပ်က ၁၉၉၂ ခုနှစ်မှာ သိမ်းဆည်းခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ PNO ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံခန့်ခွဲမှုထံ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ PNO နဲ့ ဆက်နွှယ်တဲ့ မြေပွဲစားတွေက ဝယ်ယူခဲ့ပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှာ PNO မြေပွဲစားတွေက ဒေသခံတွေကို နေရာပြောင်းရွှေ့ဖို့ အကြောင်းကြားခဲ့ပြီး မတ် ၂၉ ရက်မှာ စစ်သား၊ ရဲတွေကို ငှားကာ ဘူဒိုဇာမြေတူးစက်နဲ့ နေအိမ်တွေ ဖျက်ဆီးမယ်လို့ လာရောက်ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညောင်ဗက်ရွာမှာ အိမ်ခြေ ၂၇၀ လောက်ရှိပြီး ပအိုဝ်းတိုင်းရင်းသားများသာ နေထိုင်ကြတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ PNO ပြည်သူ့စစ်ဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါဘူး။








