
နိုင်ငံပေါင်း ၂၁ နိုင်ငံက အင်တာနက်သုံးသူ အသက် ၁၂ နှစ်ကနေ ၁၇ နှစ်အရွယ် ကလေး ၅ ယောက်မှာ တယောက်နီးပါးဟာ အွန်လိုင်းကတဆင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ဒါမှမဟုတ် အလွဲသုံးစားပြုမှုနဲ့ ကြုံခဲ့ရပြီး တနှစ်အတွင်း ထိခိုက်ခံရသူဟာ အဲဒီအရွယ်အပိုင်းအခြားအတွင်း သန်း ၂၀ လောက် ရှိတယ်လို့ ယူနီဆက်ဖ်က စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ခန့်မှန်းချက်အရ ကလေး ၁၅ သန်းကျော်က မလိုလားတဲ့ လိင်ပိုင်းအကြောင်းအရာတွေကို တွေ့ခဲ့ရပြီး ၉ သန်းက လိင်ပိုင်းစကားပြောဖို့ ဒါမှမဟုတ် ပုံတွေမျှဝေဖို့ ဖိအားပေးခံခဲ့ရပါတယ်။
နောက်ထပ် ကလေး ၄ သန်းရဲ့ လိင်ပိုင်းပုံတွေကိုလည်း သူတို့ရဲ့ခွင့်ပြုချက်မရှိဘဲ ဖြန့်ဝေခဲ့ကြပါတယ်။
ဖြစ်ရပ်တွေရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးက Facebook၊ Whatsapp၊ Instagram၊ Snapchat၊ Tiktok လို လူမှုကွန်ရက်တွေမှာ ဖြစ်ခဲ့ပြီး ၁၄ ရာခိုင်နှုန်းက အွန်လိုင်းဂိမ်းတွေမှာ ဖြစ်ခဲ့ပါတယ်။
ကျူးလွန်သူက ကလေးအရင်ကတည်းက သိထားသူဖြစ်တဲ့ ဖြစ်ရပ် ၅၇ ရာခိုင်နှုန်းရှိပြီး အကောင့်အတုနဲ့ သီးသန့်စာပို့စနစ်တွေကိုလည်း အသုံးချခဲ့ကြပါတယ်။
ထိခိုက်ခံရတဲ့ ကလေး ၄၀ ရာခိုင်နှုန်းကျော်က ဘယ်သူ့ကိုမှ မပြောခဲ့ကြဘဲ ရဲ၊ လူမှုဝန်ထမ်း ဒါမှမဟုတ် အကူအညီပေးရေး ဖုန်းလိုင်းတွေဆီ တိုင်ကြားတာ တစ်ရာခိုင်နှုန်း မပြည့်ပါဘူး။
AI အချက်အလက်ကောက်ယူခဲ့တဲ့ ၉ နိုင်ငံမှာ ကလေး ၁ ဒသမ ၁ သန်းခန့်က သူတို့ကို ပုံဖော်ထားတဲ့ လိင်ပိုင်းဆိုင်ရာပုံ ဒါမှမဟုတ် ဗီဒီယိုတွေကို ဉာဏ်ရည်တုနည်းပညာ (AI) နဲ့ ဖန်တီးခံခဲ့ရတယ်လို့ ဖြေဆိုပါတယ်။
ယူနီဆက်ဖ် အမှုဆောင်ညွှန်ကြားရေးမှူး ကက်သရင်း ရပ်ဆဲလ်က “ဒီလို အတွေ့အကြုံရှိတဲ့ ကလေးတွေမှာ သတ်သေလိုစိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ပြုနိုင်ခြေ ၄ ဆနီးပါး ပိုများပြီး ကလေးအများအပြားဟာ အကူအညီ ဘယ်မှာတောင်းရမလဲ မသိဘဲ တိတ်တဆိတ် ခံစားနေရပါတယ်” လို့ ပြောပါတယ်။
ယူနီဆက်ဖ်က အစိုးရတွေနဲ့ နည်းပညာကုမ္ပဏီတွေကို အွန်လိုင်းကလေးဘေးကင်းရေး တိုးမြှင့်ဖို့၊ AI နဲ့ ဆက်နွှယ်တဲ့ ကျူးလွန်မှုပုံစံတွေကို ဥပဒေနဲ့ ထိန်းချုပ်ဖို့၊ ယုံကြည်စိတ်ချရတဲ့ တိုင်ကြားရေးနဲ့ အကူအညီပေးရေးစနစ်တွေ တည်ဆောက်ဖို့ တိုက်တွန်းထားပါတယ်။











