DVB Logo
Home
Lead Story
စူပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် ကလေးနှင့် သက်ကြီးရွယ်အိုများ ပိုဂရုစိုက်ရန်လို
သီရိ
·
October 6, 2026
Photo: Win Naing
Photo: Win Naing
Donate to DVB

မြန်မာနဲ့ အရှေ့တောင်အာရှနိုင်ငံတွေ အပါအဝင် နိုင်ငံအတော်များများမှာ စူပါအယ်လ်နီညို သက်ရောက်မှုဒဏ်ကို ခံစားနေရပြီး ကမ္ဘာတဝန်းမှာ လူပေါင်း သိန်းနဲ့ချီ သေဆုံးနိုင်တယ်လို့  သိပ္ပံပညာရှင်တွေက ခန့်မှန်းပါတယ်။

ကမ္ဘာ့ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေ စုပေါင်းရေးသားပြုစုထားတဲ့ Climate Impact Lab က ပြင်းထန်တဲ့ အယ်လ်နီညိုကြောင့် ၂၀၂၆ ဇွန်လကနေ ၂၀၂၇ ဖေဖော်ဝါရီလအထိ ၉ လအတွင်း လူပေါင်း ၄ သိန်းခွဲကျော် သေဆုံးနိုင်တယ်လို့ သူတို့ရဲ့ လူပေါင်း ၄၅၁,၀၀၀ အန္တရာယ်ရှိနေပြီလို့ အဓိပ္ပာယ်ရတဲ့ 451,000 at Risk သုတေသနစာတမ်းမှာ ခန့်မှန်း တွက်ချက်ထားပါတယ်။

အယ်လ်နီညိုဆိုတာ ပစိဖိတ်သမုဒ္ဒရာ အီကွေတာဒေသရှိ ပင်လယ်ရေမျက်နှာပြင် ပုံမှန်ထက် ပိုမိုပူနွေးလာတာကြောင့် ကမ္ဘာတဝန်းမှာ အပူလှိုင်းဖြတ်တာနဲ့ မိုးခေါင်တာ၊ ရေကြီးတာ စတဲ့ ပြင်းထန်တဲ့ ရာသီဥတု ဖောက်ပြန်မှုတွေကို ဖြစ်ပေါ်စေတဲ့ သဘာဝဖြစ်စဉ်တခု ဖြစ်ပါတယ်။

အဲဒီ စူပါအယ်လ်နီညို ဖြစ်စဉ်က မြန်မာနိုင်ငံတောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသ၊ အလယ်ပိုင်းနဲ့ တောင်ဘက်ကမ်းရိုးတန်းဒေသတွေမှာတော့ သိသိသာသာ ခံစားရမယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

မြန်မာနိုင်ငံ တောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေဖြစ်တဲ့ တနင်္သာရီ၊ ကရင်၊ မွန်၊ ရှမ်းတောင်/ရှမ်းအရှေ့ပိုင်းတွေမှာ အားကောင်းတဲ့ အယ်လ်နီညို အကျိုးသက်ရောက်မှုကြောင့် ၂၀၂၆ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၇ ဖေဖော်ဝါရီလအထိ ၅ လလုံးမှာ နှစ်စဉ် ဖြစ်မြဲအပူချိန်ထက် +၀ ဒသမ ၅°C ကနေ  +၁ ဒသမ ၀°C အထိ သိသိသာသာ ပိုမိုမြင့်မားနေမယ်လို့ ဆိုပါတယ်။

နိုင်ငံအလယ်ပိုင်း၊ တောင်ဘက်ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရခိုင်ပြည်နယ်တို့မှာ နှစ်စဉ်ဖြစ်မြဲအပူချိန်ထက် +၀ ဒသမ ၂°C ကနေ +၀ ဒသမ ၅°C ခန့် ပိုမိုမြင့်မားမှာဖြစ်ပြီး အထူးသဖြင့် ၂၀၂၆ နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ ၂၀၂၇ ဖေဖော်ဝါရီလတွေမှာ အပူချိန် အနည်းငယ် ပိုမိုသိသာလာနိုင်တယ်လို့ ဆိုပါတယ်။

မိုးလေဝသပညာရှင် ဦးဝင်းနိုင်က “ကချင်၊ စစ်ကိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်တွေမှာတော့  အယ်လ်နီညိုရဲ့ တိုက်ရိုက်ပူနွေးမှု သက်ရောက်တာ အနည်းဆုံးဖြစ်ပြီး နှစ်စဉ်ဖြစ်မြဲ အပူချိန်နီးပါးသာ ရှိပြီး ဆောင်းရာသီရဲ့ အေးမျှမှုကို ခံစားရမှာ ဖြစ်ပါတယ်။ ၂၀၂၆-၂၇ ခုနှစ်မှာ အယ်လ်နီညို ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှဒေသတခုလုံးမှာ အပူချိန် ပုံမှန်ထက် မြင့်မားတဲ့ အခြေအနေကို ရင်ဆိုင်ရမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ တနင်္သာရီနဲ့ အရှေ့တောင်ပိုင်း ဒေသတွေမှာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမဲ့ ဒေသတွေ ဖြစ်ကြပါတယ်” လို့ ပြောပါတယ်။

အလွန်အားကောင်းတဲ့ အယ်လ်နီညိုရဲ့ သက်ရောက်မှုကြောင့်  ပုံမှန်ထက် အပူချိန် ပိုမိုမြင့်မားနိုင်ပြီး အပူလှိုင်းဖြတ်တာ၊ ခြောက်သွေ့မှုတွေ ကြုံတွေ့ရနိုင်ပါတယ်။

စူပါအယ်လ်နီညို ကြုံတွေ့ရတဲ့ အခြေအနေမှာ မြန်မာနိုင်ငံအနေနဲ့ အောက်တိုဘာလဆန်းပိုင်းမှာ မိုးရွာသွန်းမှု ပုံမှန်ထက် လျော့နည်းနိုင်တဲ့အတွက် မိုးရာသီမကုန်မီ မြစ်၊ ချောင်း၊ ဆည်၊ ကန်များအတွင်း သိုလှောင်နိုင်တဲ့ ရေပမာဏကို အများဆုံး စုဆောင်းထားဖို့ လိုအပ်တယ်လို့လည်း မိုးလေဝသပညာရှင်တွေက အကြံပေးထားပါတယ်။

ဒါ့အပြင် သောက်သုံးရေ ရရှိရေးနဲ့ ကျန်းမာရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွေကို အခု မိုးနှောင်းကာလကတည်းက စနစ်တကျ စီမံထားသင့်တယ်လို့လည်း ဆရာဝန်တွေက အကြံပေးကြပါတယ်။

အပူချိန်လွန်ကဲတဲ့ဒဏ်ကြောင့် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေက ပိုပြီး ထိခိုက်နိုင်တာကြောင့် စနစ်တကျ ဂရုစိုက်ဖို့ ဆရာဝန်တွေက အကြံပေးကြပါတယ်။

အထွေထွေရောဂါကု ဆရာဝန်တယောက်က “အပူလွန်ကဲတဲ့ရက်တွေမှာဆိုရင် ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေကို အထူးဂရုစိုက်ပေးဖို့ လိုပါလိမ့်မယ်။ အပူချိန်လွန်ကဲတာကြောင့် ရေဓာတ် ခန်းခြောက်တာကြောင့် ကြွက်တက်တာ၊ မူးဝေတာ၊ ရေဓာတ်ခန်းခြောက်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီထက် အခြေအနေ ပိုဆိုးလာမယ်၊ အပူပမာဏ ပိုမြင့်လာတယ်ဆိုရင် အပူရှပ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အပူရှပ်တာက အသက်အန္တရာယ်ဖြစ်တဲ့အထိ ဖြစ်နိုင်ပါတယ်။ အသက်ရှူရောဂါရှိတဲ့ လူနာတွေ၊ နှလုံး ကျောက်ကပ် သွေးတိုးရောဂါရှိတဲ့ သူတွေဆို အပူချိန်ကြောင့် ရောဂါအခြေအနေ ပိုပြီး ဆိုးလာနိုင်ပါတယ်” လို့ ပြောပါတယ်။

ဒီလိုထိခိုက်မှုတွေမဖြစ်ဖို့ ရေဓာတ် လုံလောက်အောင်သောက်ဖို့၊ အပူချိန်များတဲ့ အချိန်တွေမှာ အလုပ်လုပ်တာမျိုးတွေ ရှောင်ကြဉ်ဖို့နဲ့ အရက်နဲ့ သကြားများတဲ့ အချိုရေတွေကို မသောက်သုံးဖို့ ဆရာဝန်တွေက လမ်းညွှန်ထားပါတယ်။

စူပါအယ်လ်နီညို အရှိန်ကြောင့် မြန်မာနိုင်ငံမှာ ၂၀၂၆ စက်တင်ဘာလကနေ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ၆ လအတွင်း လူပေါင်း ၁,၀၀၀ ကျော်အထိ သေဆုံးနိုင်တယ်လို့ ကမ္ဘာ့ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေ စုပေါင်းရေးသားပြုစုထားတဲ့ Climate Impact Lab (CIL) က ခန့်မှန်းတွက်ချက်ထားပါတယ်။

သီရိ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013