
အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းယိုးပြည်နယ်၊ ဟမ်ဒန်မြို့က နေအိမ်တလုံးကို အာဏာပိုင်တွေက တခြားကိစ္စတခုနဲ့ ဝင်ရောက်ရှာဖွေရင်း ကလေး ၁၆ ယောက် ဆိုးဆိုးရွားရွား စွန့်ပစ်ခံထားရပြီး မလုံခြုံတဲ့ ပတ်ဝန်းကျင်မှာ နေနေရတာကို တွေ့ရှိခဲ့လို့ ကယ်ဆယ်ခဲ့ကြောင်း တာဝန်ရှိသူတွေက ဇူလိုင် ၁ ရက်မှာ ပြောပါတယ်။
အာဏာပိုင်တွေကတော့ ဒါဟာ လူကုန်ကူးမှုမျိုး မဟုတ်ဘဲ မိသားစုတွင်း ဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်တခုသာဖြစ်ပြီး တခြားကလေးတွေအတွက် အန္တရာယ်ရှိနိုင်တဲ့ အခြေအနေမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။
အသက် ၁ နှစ်ခွဲကနေ ၁၈ နှစ်အထိ ရှိကြတဲ့ အဲဒီကလေးတွေဟာ ပြီးခဲ့တဲ့ ၄ နှစ်တာ ကာလပတ်လုံးနီးပါး အခန်းတခန်းထဲမှာပဲ ပိတ်လှောင်ခံထားရပြီး ကျောင်းလည်း မတက်ခဲ့ရပါဘူး။
ကလေးတချို့ဆိုရင် စကားတောင် မပြောတတ်ကြသလို အသက် ၁၈ နှစ်ရှိပြီဖြစ်တဲ့ ကလေးကလည်း သူ့နာမည်ကိုတောင် စာလုံးမပေါင်းတတ်တဲ့အထိ ပညာရေးနဲ့ စာဖတ်၊ စာရေးစွမ်းရည်တွေ အတော်ကြီးကို ချို့တဲ့နေတာလို့ ဆိုပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ အိုဟိုင်းယိုးပြည်နယ် ရှေ့နေချုပ် အင်ဒီဝီလ်ဆင်က သူတို့အဖွဲ့အနေနဲ့ ကလေးတွေကို တွေ့တဲ့အချိန်မှာ တတိယကမ္ဘာက အခြေအနေမျိုး ဖြစ်နေပြီး တောရိုင်းတိရစ္ဆာန်တွေလို ဖြစ်နေတဲ့အတွက် ဒါဟာ အမေရိကမှာ မြင်တွေ့ရလေ့မရှိတဲ့ တကယ့်ကို ဆိုးဆိုးရွားရွား အခြေအနေမျိုး ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ သူ့တသက်တာမှာလည်း ဒီလောက်အဖြစ်ဆိုးတာမျိုး မမြင်ဖူးခဲ့ဘူးလို့လည်း ဆိုပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ကလေးတွေရဲ့ မိဘတွေနဲ့ အဘိုးအဘွားတွေဖြစ်တဲ့ မိသားစုဝင် ၄ ယောက်ကို ကလေးသူငယ် အန္တရာယ်ဖြစ်စေမှု ဒုတိယအဆင့် ရာဇဝတ်မှု ၁၆ ခုစီနဲ့ တရားစွဲဆိုထားပါတယ်။
ဗုဒ္ဓဟူးနေ့ ရုံးထုတ်မှာတော့ တယောက်ကို အာမခံကြေးငွေသား ဒါမှမဟုတ် အာမခံစာချုပ် ဒေါ်လာ ၃ သိန်းစီ သတ်မှတ်ခဲ့ပြီး တရားခံအချင်းချင်းအပြင် ခံရသူ ကလေးတွေနဲ့ပါ လုံးဝ အဆက်အသွယ်မလုပ်ဖို့ တရားရုံးက အမိန့်ထုတ်ထားပါတယ်။
လက်ရှိမှာတော့ ကလေးတွေကို အစိုးရရဲ့ ယာယီစောင့်ရှောက်မှုအောက်မှာ ထားရှိပြီး လိုအပ်တဲ့ ဆေးကုသမှုတွေ ပေးနေသလို အာဏာပိုင်တွေကလည်း ဒီအမှုကို ဆက်လက်စုံစမ်း စစ်ဆေးနေပါတယ်။
Source: Reuters











