အိုဟိုင်းယိုး၊ စင်စင်နာတီတိရစ္ဆာန်ရုံရှိ အချစ်တော်ရေမြင်းလေး သေဆုံး

အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်၊ စင်စင်နာတီမြို့ရှိ တိရစ္ဆာန်ရုံမှ ပြည်သူ့အချစ်တော် နိုင်းလ်မြစ် ရေမြင်းမလေး ဖီယိုနာဟာ ဦးထုပ်တလုံးကို စားမြိုမိရာကနေ အစာမခြေနိုင်ပဲ နေမကောင်းဖြစ်ပြီး နိုဝင်ဘာ ၁၉ ရက်မှာ သေဆုံးသွားပြီလို့ တိရစ္ဆာန်ရုံက ထုတ်ပြန်ပါတယ်။
အသက် ၉ နှစ်အရွယ်ရှိ ဖီယိုနာဟာ ပြီးခဲ့တဲ့သီတင်းပတ်က သူနေထိုင်ရာ ဝင်းအတွင်း မတော်တဆ ပြုတ်ကျလာတဲ့ ဆောင်းတွင်းဝတ် ဦးထုပ်တလုံးကို စားမိပြီးနောက် နေမကောင်း ဖြစ်လာခဲ့တာပါ။
ဦးထုပ်ကို သူ့ခန္ဓာကိုယ်ထဲကနေ ထုတ်နိုင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ နောက်ဆုံးမှာ မအောင်မြင် ခဲ့ဘဲ သူ့ကိုကယ်တင်ဖို့ လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုတွေ ပေးခဲ့ပေမဲ့လည်း ပြန်နာလန် မထူနိုင် တော့ဘူးလို့ တိရစ္ဆာန်ရုံက Instagram မှာ ရေးသားဖော်ပြထားပါတယ်။
ဖီယိုနာဟာ ၂၀၁၇ ခုနှစ်က သတ်မှတ်ရက်ထက် ၆ ပတ်စောကာ အချိန်မတိုင်ခင် မွေးဖွားလာခဲ့ပြီး အသက်ရှင်သန်ဖို့ ရုန်းကန်ခဲ့ရပုံတွေကို တိရစ္ဆာန်ရုံဘက်က အွန်လိုင်းမှာ ဖော်ပြခဲ့ရာကနေ လူသိများတဲ့ ဆယ်လီရေမြင်းလေး ဖြစ်ပါတယ်။
သူ့ကိုယ်အလေးချိန်မှာ ပုံမှန်မွေးဖွားလာတဲ့ ရေမြင်းပေါက်လေး တကောင်ရဲ့ ကိုယ်အလေးချိန် ထက်ဝက်တောင် မရှိဘဲ ၁၃ ကီလိုဂရမ်သာ ရှိခဲ့လို့ မတ်တပ်တောင် မရပ်နိုင်ဘဲ အသက်ရှင်သန်ဖို့ အလွန်ခက်ခဲတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
တိရစ္ဆာန်ရုံဘက်က သူ့ရဲ့ အစာ စားသုံးမှု၊ ကြီးထွားမှုနဲ့ လှုပ်ရှားမှုတွေကို နေ့စဉ် အွန်လိုင်းမှာ ဖော်ပြပေးခဲ့ရာ ကမ္ဘာတဝန်းရှိ ပရိသတ်များစွာက သူ့ရဲ့ ကြီးထွားဖြစ်ပေါ်တိုးတက်မှုတွေကို စောင့်ကြည့်အားပေးခဲ့ကြသလို သူ့အကြောင်းကို အခြေခံပြီး ကလေးပုံပြင် စာအုပ်စီးရီးတွေတောင် ထွက်ရှိခဲ့ပါတယ်။
မြို့တော်ဝန် အက်ဖ်တက်ဘ် ပူရီဗယ်လ် ကလည်း ဖီယိုနာဟာ စင်စင်နာတီမြို့ရဲ့ ဇွဲလုံ့လနဲ့ ပျော်ရွှင်မှု သင်္ကေတတခုဖြစ်ပြီး ကလေးငယ်တွေ၊ မိဘတွေ၊ ကမ္ဘာတဝန်းက လာရောက်လည်ပတ်သူတွေ အပါအဝင် လူအများအပြားရဲ့ မျက်နှာပေါ်မှာ အပြုံးတွေ ဆောင်ကြဉ်းပေးခဲ့သူဖြစ်တယ်လို့ လူမှုကွန်ရက် X မှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း တိရစ္ဆာန်ရုံက လူမှုကွန်ရက်မှာ ဖော်ပြခဲ့တဲ့ အချက်အလက်တွေ အရ ဖီယိုနာကို ဆေးဝါးကုသမှုတွေ၊ အူလမ်းကြောင်း စစ်ဆေးတာအပြင် ဦးထုပ်ကို အစာလမ်းကြောင်း တလျှောက် ရွေ့လျားထွက်သွားစေဖို့ ရည်ရွယ်ပြီး ဒေသတွင်း မြင်းမွေးမြုရေးခြံ တခုက ငှားရမ်းယူလာတဲ့ တုန်ခါ စက်ပစ္စည်းကို အသုံးပြုတာတွေ အပါအဝင် ၂၄ နာရီပတ်လုံး ပြုစု စောင့်ရှောက်မှုတွေ ပေးထားခဲ့တာပါ။
ဖီယိုနာရဲ့ ခန္ဓာကိုယ်အရွယ်အစားကြောင့် ခွဲစိတ်ကုသဖို့ကတော့ မဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်ကြောင်း တိရစ္ဆာန်ရုံက ပြောပါတယ်။
Source: Reuters











