ကိုလံဘီယာနိုင်ငံရဲ့ မူးယစ်ရာဇာ ပါဘလိုအက်စ်ကိုဘာ တရားမဝင်မွေးမြူထားတဲ့ ရေမြင်း အကောင် ၈၀ ကို သတ်ဖြတ်ပစ်မဲ့ အစိုးရရဲ့ အစီအစဉ်အပေါ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေနဲ့ မြစ်ကမ်းနားမှာနေတဲ့ လူထုတွေအကြား သဘောထားကွဲလွဲနေကြပါတယ်။
အာဏာပိုင်တွေကတော့ မဂ်ဒါလေးနားမြစ်အနီးမှာ အကောင်ရေ ၂၀၀ လောက်အထိ ရှိလာတဲ့ ရေမြင်းတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေတာပါ။
တံငါသည် ဒါလီဂျီယိုဗာနီကွန်ထရီရပ်စ်က “မြစ်ကမ်းနားဘေးနေသူတွေအတွက် ဒီရေမြင်းတွေဟာ ဘယ်လောက်အန္တရာယ်ရှိတယ်ဆိုတာ မြို့ပေါ်မှာနေသူတွေက နားမလည်ကြဘူး။ အခုလို အဆုံးစီရင် သတ်ဖြတ်တာက လိုအပ်တယ်”လို့ ပြောပါတယ်။
ပွာတိုထရီယွန်ဖိုနဲ့ ပွာတိုဘိုယာကာ မြို့တွေမှာ ရေမြင်းတွေဟာ မြစ်ထဲမှာ လွတ်လပ်စွာ သွားလာနေကြသလို၊ ညဘက်ဆိုရင်လည်း လမ်းဘေးတွေနဲ့ ဒေသခံတွေ သွားလာနေထိုင်ရာ နေရာတွေနားအထိ ရောက်လာတတ်ကြပါတယ်။
ကွန်ထရီရပ်စ်က “တိရစ္ဆာန်တိုင်းမှာ အသက်ရှင်ပိုင်ခွင့် ရှိပါတယ်။ လူတွေမှာလည်း အသက်ရှင်ပိုင်ခွင့် ရှိတာပဲ။ ဒါပေမဲ့ ပြဿနာက ဒါက သူတို့ အသက်လား၊ ငါတို့အသက်လား ဆိုတာ ရွေးချယ်ရဖို့ ဖြစ်နေတာပဲ" လို့ ဆိုပါတယ်။
ဒေသခံတွေဟာ ဒီပြဿနာကို ကိုလံဘီယာအာဏာပိုင်တွေဆီ တိုင်ကြားလာခဲ့တာ နှစ်ပေါင်းများစွာ ကြာနေပြီ လို့ ပြောပါတယ်။
ကလေးတွေ ရေဆင်းချိုးနေကြတဲ့ ကိုကော်နာမြစ်ထဲမှာ ရေမြင်းတွေက ပုံမှန်ရှိနေတာလို့လည်း သူက ဖြည့်စွက်ပြောပါတယ်။
ဂရင်းပါတီလွှတ်တော်အမတ်နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ခေါင်းဆောင်ဖြစ်တဲ့ အန်ဒရီယာ ပါဒီလာကတော့ အစိုးရအနေနဲ့ တိရစ္ဆာန်တွေကို သတ်ပစ်ဖို့ကို အလွယ်ဆုံး ပထမဆုံးနည်းလမ်းအဖြစ် အသုံးမပြုသင့်ဘူး။
အသက်မသေစေမဲ့ တခြားနည်းလမ်းတွေကို အမြန်ဆုံး ရှာဖွေစမ်းသပ်သင့်တယ်လို့ ပြောပါတယ်။ အကြမ်းဖက်မှုတွေနဲ့ နာမည်ကြီးတဲ့ ကိုလံဘီယာနိုင်ငံအနေနဲ့ တရားမဝင်မှု၊ မူးယစ်ဆေးဝါး ကုန်ကူးမှုနဲ့ အစိုးရရဲ့ ပျက်ကွက်မှုတွေကြောင့် ဖြစ်လာတဲ့ ဒီပြဿနာကို ကိုယ်ကျင့်တရားနဲ့ညီတဲ့၊ အသက်မသေစေတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းသင့်တယ်လို့ ပါဒီလာက ဆိုပါတယ်။
အာရှရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့ သားဖြစ်သူ အနန်အမ်ဘာနီ ပိုင်ဆိုင်တဲ့ ဗန်တရတောရိုင်းတိရစ္ဆာန်ဂေဟာရှိ ကျွမ်းကျင်သူတွေနဲ့ တိရစ္ဆာန်ဆရာဝန်တွေကတော့ ရေမြင်း အကောင် ၈၀ ကို အိန္ဒိယနိုင်ငံဆီ ပို့ဆောင်ဖို့ အခြေအနေတွေကို လာရောက်စစ်ဆေးမယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။
ကိုလံဘီယာရဲ့ ပထမဆုံး ရေမြင်း ၄ ကောင်ကို ၁၉၈၀ ပြည့်လွန်နှစ်တွေက အက်စ်ကိုဘာက သူ့ရဲ့ ကိုယ်ပိုင်တိရစ္ဆာန်ရုံအတွက် တရားမဝင် တင်သွင်းခဲ့တာပါ။
တကယ်လို့ ထိန်းချုပ်မှုတွေ မလုပ်ဘူးဆိုရင် ၂၀၃၅ ခုနှစ်မှာ အကောင်ရေ ၁,၀၀၀ အထိ ရှိလာနိုင်တယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး အိုင်ရင်းဗီလပ်စ်က ပြောပါတယ်။
Source: Reuters










