
အွန်လိုင်းကနေ ချစ်သူရည်းစားအဖြစ် ဟန်ဆောင်ချဉ်းကပ်ပြီး ယုံကြည်မှုရယူကာ အမျိုးသမီးငယ်တွေရဲ့ ကိုယ်ရေးကိုယ်တာနဲ့ လိင်ပိုင်းဆိုင်ရာဓာတ်ပုံတွေ ဗီဒီယိုတွေကို အခကြေးငွေနဲ့ ပြန်လည်ရောင်းချနေတယ်ဆိုတဲ့ ဖြစ်စဉ်တွေကို မြန်မာအမျိုးသမီးတွေ ကြုံတွေ့နေကြရပါတယ်၊
လူမှုကွန်ရက်ပလက်ဖောင်းတွေပေါ်မှာ အလှပုံတွေ၊ Photoshop တွေနဲ့ ပြင်ဆင်ထားတဲ့ပုံတွေနဲ့ အကောင့်ပိုင်ရှင်တွေက ငယ်ရွယ်ပြီးချောမောတဲ့ မိန်းကလေးငယ်လေးတွေကို အဓိက ပစ်မှတ်ထားချဉ်းကပ်ပြီး ချစ်သူရည်းစားအဖြစ်ထိရောက်အောင် ကြိုးစားက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေကို ကျူးလွန်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းမှာပဲ ဆိုရှယ်မီဒီယာကနေ ချစ်ကြိုက်ရာကတဆင့် လိင်အမြတ်ထုတ်ခံလိုက်ရတဲ့ဖြစ်စဉ်မှာ ကျူးလွန်ခံရသူအမျိုးသမီးက သူ့ဖြစ်စဉ်ကို ပြောပါတယ်။
“သူနဲ့ ig မှာ စကားပြောရင်း စသိခဲ့တာပါ။ သူက ရန်ကုန်မှာနေပြီး local brand ထုတ်မလို့ဆိုပြီး တခြား အလာပသလာပတွေလည်း ပြောဖြစ်ကြတော့ သူပြောတာတွေကို ယုံကြည်မိပြီး လူကောင်းတယောက်ဖြစ်မယ်ထင်ပြီး ဗီဒီယိုကော ပြောရင်း sex chat ခဲ့ကြတယ်။ အဲလိုအတင်ခံရပြီဆိုတာနဲ့ သူ့လက်ချက်ပဲဆိုတာ တန်းသိလိုက်တာနဲ့ သူ့ ဖုန်းနံပါတ်ကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ စုံစမ်းတော့ ဖုန်းနံပါတ်ရလာတယ်။ Channel link ကလည်း ရထားတော့ ကျမအသိကို အဲဒီ paid channel ထဲဝင်ဖို့ ဖုန်းနံပါတ်သွားတောင်းခိုင်းတော့ သူ ကျမကို kpay လွှဲလာတဲ့ မောင်မောင်ဖြိုးနာမည်နဲ့ ဖုန်းနံပါတ်၊ သူ့ paid channel ထဲ ဝင်ဖို့ သူပို့လာတဲ့ မောင်မောင်ဖြိုး နာမည်နဲ့ ဖုန်းနံပါတ်က အကုန်တူတူဖြစ်နေတယ်၊ အဲဒီတော့မှ သူက channel owner မှန်းသိ တာပါ။ ဘဝမှာ ပထမဆုံး သူနဲ့ပဲ chat ခဲ့ဖူးတာမို့ သူဆိုတာ ပိုသေချာသွားတယ်။”
ဒီဖြစ်စဉ်မှာ ကျူးလွန်သူလို့ ယူဆရသူဟာ ငြင်းဆန်နေပြီး ကာယကံရှင်အမျိုးသမီးကို ပြန်လည် စွပ်စွဲအပြစ်တင်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်၊
လက်ရှိမှာတော့ ကျူးလွန်ခံရသူအမျိုးသမီးရဲ့ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံတွေ ဗီဒီယိုတွေဟာ အခကြေးငွေနဲ့ ဝင်ရောက်ကြည့်ရှုရတဲ့ လိင်အသားပေးတယ်လီဂရမ်ချန်နယ်ပေါင်း များစွာမှာ ဖြန့်ချိခံထားပြီးဖြစ်တယ်လို့ သိရပါတယ်။
အွန်လိုင်းမှာ ကိုယ်ရေးကိုယ်တာပုံရိပ်တွေ ဖြန့်ဝေခံရတယ်ဆိုရင် သက်ဆိုင်ရာစာမျက်နှာ၊ ချန်နယ်နဲ့ အကောင့် အချက်အလက်တွေကို လုံခြုံစွာ မှတ်တမ်းတင်ထားပြီး သက်ဆိုင်ရာပလက်ဖောင်းတွေနဲ့ ယုံကြည်စိတ်ချရတဲ့ အကူအညီပေးအဖွဲ့တွေထံ အကူအညီတောင်းခံနိုင်ပါတယ်။
အခုလို ဖြစ်စဉ်တွေကို မှတ်တမ်းတင်ထားပြီး ကူညီပေးနေတဲ့အဖွဲ့ Stop Online Harm Myanmar ရဲ့ အဖွဲ့ဝင်တဦးကတော့ အခုလို ယုံကြည်မှုကို အလွဲသုံးစား လုပ်ကာ အကျိုးအမြတ်ရှာတဲ့ ကိစ္စရပ်တွေဟာ စိုးရိမ်ဖွယ်ကောင်းတယ်လို့ မှတ်ချက်ပြုပါတယ်။
“ဒီလို ဖြစ်ရပ်တွေက သာမန် အွန်လိုင်း လိမ်လည်တခုတည်း မဟုတ်ဘဲ နည်းပညာသုံး gender အခြေပြု ကျူးလွန်တဲ့ အကြမ်းဖက်မှုမျိုးတွေ ဖြစ်တယ်ပေါ့။ ဆိုတော့ တချို့ ဖြစ်စဉ်တွေမှာဆိုလည်း အမျိုးသမီးငယ်တွေ ရဲ့ ယုံကြည်မှုကို ရယူပြီးတော့ သူတို့ ခွင့်ပြုချက်မရှိဘဲ နဲ့ လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ရယူဖြန့်ဝေပြီးတော့ အဲဒီက တဆင့် ငွေကြေး အကျိုးအမြတ်ရယူနေတယ် ဆိုတဲ့ ကိစ္စတွေရှိတယ်ပေါ့နော်။ ဆိုတော့ ဒါတွေကို image base sexual abuse လို့ခေါ်တဲ့ ပုံရိပ်တွေကို အခြေပြုပြီးတော့ ဒါ gender အခြေပြု လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအဖြစ် သတ်မှတ်နိုင်တယ်။ ပိုပြီးတော့ စိုးရိမ်စရာ ကောင်းတာက ဒီလိုမျိုး အကြမ်းဖက်မှုတွေက တဦးတယောက်ရဲ့ လုပ်ရပ်တွေ မဟုတ်ဘဲနဲ့ paid ချန်နယ်တွေနဲ့ တခြားဖြန့်ဝေတဲ့ နေရာတွေကနေတဆင့် ငွေကြေး အကျိုးအမြတ်တွေအတွက် လုပ်ဆောင်နေတဲ့ ပုံစံမျိုးတွေပါ တွေ့လာရတယ်ပေါ့။”
STOP Online Harm Myanmar အဖွဲ့အနေနဲ့ ကျူးလွန်ခံရသူတွေရဲ့ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို သက်ဆိုင်ရာပလက်ဖောင်းတွေမှာ ဖယ်ရှားနိုင်ဖို့ နည်းပညာဆိုင်ရာ အကူအညီနဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေကိုလည်း အခမဲ့၊ လျှို့ဝှက်ပြီး ပေးအပ်နေတယ်လို့ ဆိုပါတယ်။
ဒီလိုအမြတ်ထုတ်ခံရသူတွေအတွက် ကိုယ်ရေးကိုယ်တာ လုံခြုံမှုဆုံးရှုံးရတာအပြင် လူမှုအသိုက်အဝန်းအတွင်း စိတ်မလုံခြုံမှုနဲ့ ကြောက်ရွံ့မှုတွေကိုပါ ရင်ဆိုင်နေကြရပါတယ်။ အွန်လိုင်းဆက်ဆံရေးကနေတဆင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှုနဲ့ ထိခိုက်ခံရသူတွေအတွက် အကူအညီပေးမှုတွေလည်း လိုအပ်နေပါတယ်။
ကျူးလွန်ခံရသူအမျိုးသမီးတယောက်က “ကျမ ဘာအမှားမှ မလုပ်ခဲ့ဘဲ လူတွေကို စကားမပြောရဲတော့ဘူး။ ပတ်ဝန်းကျင်ကလူတွေ၊ မိသားစုတွေ ဘယ်လိုထင်မလဲဆိုတဲ့စိတ်၊ တနေရာရာသွားရင် ကျမကိစ္စကို ဘယ်သူတွေ သိနေပြီလဲ၊ တယောက်ယောက် စာပို့လာရင် သိသွားပြီလား ဆိုတဲ့ စိတ်တွေနဲ့ စိတ်မလုံခြုံမှုတွေ၊ သိမ်ငယ်မှုတွေ၊ ကြောက်ရွံ့မှုတွေနဲ့ နေ့တိုင်းဖြတ်ကျော်နေရတယ်။ ကျမ အရင်လို စိတ်လုံလုံခြုံခြုံနဲ့ ပျော်ရွှင်ချင်ပါတယ်။ လူတွေကြားထဲမှာ ရဲရဲဝံ့ဝံ့ နေထိုင်ချင်ပါတယ်။ တရားမျှတမှုအတွက် သူ့ဆီမှာ sexual harassment လုပ်ခံထားရတဲ့ ကျမတို့ အကုန်လုံးရဲ့ အဖြစ်ကို speak out လုပ်ပေးကြပါ။ အဖြစ်မှန်တွေ ဖြစ်တာကြောင့် အမှန်တရားဘက်က ရပ်တည်ပေးကြဖို့ တောင်းဆိုပါတယ်ရှင်” လို့ ပြောပါတယ်။
အခုလိုဖြစ်စဉ်တွေမှာ အမျိုးသမီးငယ်တွေကို အပြစ်တင်တာထက် သူတို့ရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး ခွင့်ပြုချက်မရှိဘဲ ကိုယ်ရေးကိုယ်တာပုံရိပ်တွေကို ရယူဖြန့်ဝေတဲ့သူတွေရဲ့ လုပ်ရပ်ကို အဓိကဖြစ်ပြီး ရင်းနှီးတဲ့ဆက်ဆံရေးတခုမှာ ပါဝင်ဖို့ သဘောတူခဲ့တာဟာ ကိုယ်ရေးကိုယ်တာပုံရိပ်တွေကို မှတ်တမ်းတင်ဖို့၊ ဖြန့်ဝေဖို့နဲ့ ရောင်းချဖို့ သဘောတူခဲ့တာ မဟုတ်ကြောင်းကိုလည်း STOP Online Harm Myanmar က အလေးထား ပြောဆိုထားပါတယ်။











