
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၊ စပါးတုံကျေးရွာကို စစ်အာဏာရှင်တပ်က ဇွန် ၄ ရက် ညနေပိုင်းမှာ အသေခံ ဒရုန်း ၂ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်က မနေ့ညနေ ၃ နာရီ ၁၆ မိနစ်နဲ့ ၂၃ မိနစ်တွေမှာ အသေခံ ဒရုန်း ၂ စင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စပါးတုံကျေးရွာက နွားတကောင် သေဆုံးခဲ့တယ်လို့ ရမ်းဗြဲဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
"စပါးတုံရွာအနီးကို အသေခံ ဒရုန်း ၂ စင်းနဲ့ တိုက်ခိုက်ခဲ့တာရှိတယ်။ အရပ်သား အထိအခိုက်တော့ မရှိဘူး။ နွားမတကောင်သေသွာတာရှိတယ်။ နောက်တကောင်လည်း ဒဏ်ရာရရှိသွားတယ်။ စစ်တပ် ဟာ ကျောက်ဖြူမှာ အထိနာနေတာကြောင့် ရမ်းဗြဲဘက်အထိ လေကြောင်းတိုက်ခိုက်လာတာ။”
လက်ရှိဗုံကြဲတိုက်ခိုက်ခံရတဲ့ ကျေးရွာဟာ ကျောက်ဖြူမြို့နယ်နဲ့ မိုင်ဆယ်ချီကွာဝေးသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန် ၁ ရက်ကလည်း ရမ်းဗြဲမြို့နယ်က ကြောင်ချတွင်း စစ်ရှောင်စခန်းကို စစ်အာဏာရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်အမျိုး ၂ ယောက် သေဆုံးခဲ့ရပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့ကြပါတယ်။
လက်ရှိမှာ ကျောက်ဖြူမြို့နယ် စနဲ့မြို့အနီးမှာ စစ်အာဏာရှင်တပ်နဲ့ AA တို့ကြား တိုက်ပွဲ ပြင်းထန် နေကြတာဖြစ်ပြီး စစ်တပ်က ကျောက်ဖြူနဲ့ ရမ်းဗြဲမြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာတွေကို ဆက်တိုက်ပြုလုပ်နေပါတယ်။
ရခိုင်ပြည်နယ်က မြို့၊ ရွာတွေကို စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်လာနေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လာနေပြီး လေကြောင်းအန္တရာယ် အထူးသတိပြုကြဖို့ကို AA က တိုက်တွန်းထားပါတယ်။











