DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
မလှိုင်မြို့နယ်ကို စစ်တပ်က ၂ ရက်ဆက် ဗုံးကြဲ၊ ပြည်သူ ၁ ဦးသေဆုံး
DVB
·
July 20, 2026
Photo: လူထုသတင်းကွန်ရက်-မလှိုင်မြို့
Photo: လူထုသတင်းကွန်ရက်-မလှိုင်မြို့
Donate to DVB

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်ထဲကို စစ်တပ်က ဇူလှိုင် ၁၈ နဲ့ ၁၉ ရက်နေ့တွေမှာ ၂ ရက်ဆက် ဒရုန်းတွေနဲ့ ဗုံးကြဲချခဲ့တာကြောင့် ပြည်သူ ၁ ယောက် သေဆုံးကာ လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းဆောင်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လူထုသတင်းကွန်ရက် မလှိုင်မြို့ရဲ့ တာဝန်ခံက “၁၈ ရက်နေ့ ည ၁၁ နာရီခွဲလောက်မှာ နှောကန်ရဲစခန်းထဲကနေ လွှတ်လိုက်တဲ့ ဒရုန်းက သမန်းကန်ရွာထဲကို အိမ်တွေပေါ်တည့်တည့် ဗုံး ၂ လုံး ကြဲသွားတယ်။ ရွာလယ်ကောင်က အိမ် ၂ လုံး ပျက်စီးသွားပြီးတော့ ရွာအရှေ့ဖျားက အိမ်တလုံးလည်း ပျက်စီးတယ်။ အဲဒီအိမ်မှာရှိနေတဲ့ အသက် ၇၀ ဝန်းကျင် ဦးအောင်ကြိုင်ကတော့ ဗုံးစထိမှန်ပြီး နေရာမှာတင် ဆုံးသွားပါတယ်´” လို့ DVB ကို ပြောပါတယ်။

ဇူလှိုင် ၁၉ ရက်နေ့ အာဇာနည်နေ့ နေ့လယ်ပိုင်းမှာလည်း အဆိုပါ နှောကန်ရဲစခန်းထဲကနေ သရက်ကောင်းပင်ကျေးရွာ ဘုန်းကြီးကျောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်သွားပြီး ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် ထိခိုက်ပျက်စီးတဲ့ အခြေအနေတွေကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်တပ် ထောက်ခံသူတွေဘက်ကတော့ သမန်းကန်ကျေးရွာမှာ တော်လှန်ရေးတပ်ဖွဲ့တွေ တပ်စွဲ နေထိုင်နေပြီး နှောကန်ကျေးရွာရဲစခန်းကို လာရောက်တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့အတွက် အခုလို တိုက်ခိုက်ခဲ့တာလို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားဖော်ပြနေကြပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ အဆိုပါ သမန်းကန်ကျေးရွာမှာ အထိုင်ချတပ်စွဲနေတာ မရှိဘူးလို့ ဆိုပါတယ်။

မြင်းခြံခရိုင် ပကဖ တပ်ရင်းတခုရဲ့ တာဝန်ရှိသူတယောက်က “​စစ်တပ်နဲ့ စစ်တပ် ထောက်ခံ​သူတွေဘက်က ဘယ်တုန်းကများ မှန်တာပြောခဲ့ဘူးလို့လဲဗျ။ ကျနော်တို့ သိရသလောက်တော့ မလှိုင်မြောက်ပိုင်းက အခု ဗုံးကြဲခံရတာ ရွာတွေထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေ အထိုင်ချနေကြတာ လုံးဝမရှိဘူး။ စစ်ကြောင်းထိုးတာလည်း မရှိဘဲနဲ့ ဖုန်းလိုင်းတွေဖြတ်ပြီး ဗုံးကြဲသွားတာဗျာ။ အခုလဆန်းပိုင်းတုန်းက အမှတ် ၈ ရဲတပ်ရင်းက ဒုတိယရဲမှူးကြီး ဇော်လင်းထိန် ဦးဆောင်ပြီးတော့ အင်အား ၁၁၀ ကျော်ပါတဲ့ စစ်ကြောင်းတိုက်ခိုက်ခံရပြီးတဲ့နောက် အထိနာပြီး အသေအပျောက် များတာရယ်၊ သူတို့ဆီက လက်နက်ခဲယမ်းတွေ သိမ်းဆည်းရလိုက်တာတွေကို မကျေနပ်လို့ အခုလို စစ်ရေးနဲ့မသက်ဆိုင်တဲ့ ကျေးရွာတွေကို ဗုံးကြဲနေတာလို့ပဲ ပြောချင်တယ်” လို့ ပြောပါတယ်။

မလှိုင်နယ်မြောက်ခြမ်းမှာရှိတဲ့ သရက်ကောင်းပင်ကျေးရွာကို ပြီးခဲ့တဲ့ ဇွန် ၅ ရက် ညနေပိုင်းမှာလည်း စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသား၊ ကျောင်းသူတွေ အပါအဝင် ပြည်သူ ၅ ယောက် သေဆုံးခဲ့ရသလို အများအပြား ဒဏ်ရာရရှိခဲ့ကြပါတယ်။

မလှိုင်မြို့နယ်အတွင်းမှာ ရှိကြတဲ့ ဒေသခံပြည်သူတွေအနေနဲ့လည်း လေကြောင်းရန်ကာကွယ်ရေး အစီအမံတွေ အထူးပြုလုပ်ထားကြဖို့နဲ့ လေကြောင်းရန်အန္တရာယ်သတင်းတွေကိုလည်း ပြည်သူချင်း တဦးနဲ့တဦး မျှဝေပေးကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013