DVB Logo
Home
နိုင်ငံတကာ
ဟားဗတ်တက္ကသိုလ်၌ ကျောင်းသားများကို ခွဲခြားဆက်ဆံခြင်း ရှိ၊ မရှိ စစ်ဆေးနေ
DVB
·
July 21, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဟားဗတ်တက္ကသိုလ်ရဲ့ တရုတ်အခြေစိုက် ဘဏ္ဍာရေးထောက်ပံ့မှု အစီအစဉ်တွေမှာ အမေရိကန် ကျောင်းသားတွေကို ခွဲခြားဆက်ဆံခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေကြောင်း အမေရိကန် တရားရေးဝန်ကြီးဌာနက ဇူလိုင် ၂၀ ရက်မှာ ထုတ်ပြန်လိုက်ရာ ဒါဟာ သမ္မတ ထရမ့်ပ် အစိုးရနဲ့ ဟားဗတ်အကြား နောက်ထပ် ပဋိပက္ခတခု ဖြစ်လာပါတယ်။

ဒီစုံစမ်းစစ်ဆေးမှုဟာ အမျိုးသားရေး မူလဇာစ်မြစ်အရ ခွဲခြားဆက်ဆံမှုကို တားမြစ်ထားတဲ့ ၁၉၆၄ ခုနှစ် လူ့အခွင့်အရေး အက်ဥပဒေ ပုဒ်မ ၆ ကို ဟားဗတ်က ချိုးဖောက်ခြင်း ရှိ၊ မရှိ စစ်ဆေးတာလို့ အမေရိကန် တရားရေးဝန်ကြီးဌာနရဲ့ လူ့အခွင့်အရေးဌာနခွဲက သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၁၉၆၅ ခုနှစ် အဆင့်မြင့်ပညာရေး အက်ဥပဒေအရ ပြည်ပမှ ရရှိငွေ ဒေါ်လာ ၂ သိန်းခွဲနဲ့အထက် အပြင် တခြားစာချုပ်တွေကို အစိုးရကို သတင်းပို့ ထုတ်ပြန်ရပါတယ်။

ဟားဗတ်ရဲ့ ထုတ်ပြန်ချက်တွေအရ ပြည်ပက ငွေကြေးထောက်ပံ့မှု စုစုပေါင်း ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံနီးပါး ရရှိထားပြီး အမေရိကန်မှာ ပြည်ပငွေ အများဆုံးရတဲ့တက္ကသိုလ် ဖြစ်နေပါတယ်။

အဲဒီထဲမှာ တရုတ်နိုင်ငံကနေရတာ ဒေါ်လာ သန်း ၆၃၀ ကျော် ပါဝင်တာကြောင့် တရုတ်ဟာ ဟားဗတ်ရဲ့ အကြီးမားဆုံး ပြည်ပငွေကြေးရင်းမြစ် ဖြစ်ပါတယ်။

တရားရေးဝန်ကြီးဌာနရဲ့ စစ်ဆေးချက်အရ တရုတ်အခြေစိုက် ငွေကြေးရင်းမြစ်တွေဟာ “သတ်မှတ်ထားတဲ့ နိုင်ငံတချို့က ကျောင်းသားတွေကို ဦးစားပေး” ဘဏ္ဍာရေးထောက်ပံ့မှုပေးဖို့ ကန့်သတ်ချက်တွေ သတ်မှတ်ထားပြီး ဟားဗတ်ကလည်း အဲဒီကန့်သတ်ချက်တွေအတိုင်း လိုက်နာကာ တရုတ်ကျောင်းသားတွေကိုပဲ ဦးစားပေး ထောက်ပံ့နေတာကြောင့် အမေရိကန်နိုင်ငံသား အပါအဝင် တခြားနိုင်ငံသား ကျောင်းသားတွေ နစ်နာနေရတယ်လို့ ယူဆထားတာပါ။

ဒါပေမဲ့လည်း လက်ရှိမှာတော့ တရားရေးဝန်ကြီးဌာနအနေနဲ့ အပြီးသတ် ကောက်ချက်မချသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ ဟားဗတ်တက္ကသိုလ်ဘက်က ချက်ချင်း မှတ်ချက်မပေးသေးသလို ထရမ့်ပ် အစိုးရအဖွဲ့နဲ့ ဟားဗတ်အကြား ကျယ်ပြန့်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဖြေရှင်းဖို့ သဘောတူညီချက် ရရှိရေးကလည်း အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။

မက်ဆာချူးဆက်ပြည်နယ် ကိန်းဘရစ်ချ်မှာရှိတဲ့ အိုင်ဗီလိဂ် တက္ကသိုလ်ကတော့ သူတို့မှာ ခွဲခြားဆက်ဆံတဲ့ မူဝါဒတွေ မရှိပါဘူးလို့ အရင်ကတည်းက ငြင်းဆန်ထားပြီး ထရမ့်ပ်အစိုးရရဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ တက္ကသိုလ်ရဲ့ လွတ်လပ်ခွင့်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခွင့်အရေးတွေကို အဆုံးရှုံးမခံဘဲ ငြင်းဆန်ခဲ့တာကြောင့် လက်စားချေ တုံ့ပြန်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

ထရမ့်ပ် အစိုးရအဖွဲ့ဟာ ဟားဗတ် အပါအဝင် ထိပ်တန်းတက္ကသိုလ်တွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခြင်း၊ အဘက်ဘက်က ဖက်ဒရယ်ရန်ပုံငွေ ထောက်ပံ့မှုတွေ ရပ်ဆိုင်းမယ်လို့ ခြိမ်းခြောက်ခြင်း စတာတွေကို ပြုလုပ်ခဲ့ဖူးပါတယ်။

အဲဒီအထဲမှာ ဂါဇာစစ်ပွဲ ဆန္ဒပြပွဲတွေ၊ မတူကွဲပြားမှုဆိုင်ရာ စီမံကိန်းများ၊ လိင်ပြောင်းလဲထားသူများဆိုင်ရာ မူဝါဒတွေနဲ့ ရာသီဥတုဆိုင်ရာ အစီအစဉ်တွေ ပါဝင်ပါတယ်။

အခွင့်အရေး လှုပ်ရှားသူတွေကတော့ ဖက်ဒရယ်အစိုးရရဲ့ အခုလို နှိမ်နင်းမှုတွေဟာ လွတ်လပ်စွာ ပြောဆိုခွင့်၊ တရားဥပဒေစိုးမိုးမှုနဲ့ ပညာရေးဆိုင်ရာ လွတ်လပ်ခွင့်တွေကို ခြိမ်းခြောက်နေတယ်လို့ ဝေဖန်ထားကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013