
စစ်အာဏာရှင်လက်ထက် မြန်မာနိုင်ငံမှာ လူမှုစီးပွားအခက်အခဲတွေနဲ့ တခြား အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာသင်ခွင့် ဆုံးရှုံးနေတဲ့ ကျောင်းသား ၆ ဒသမ ၃ သန်းကျော် ရှိနေကြောင်း ISP Myanmar ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်ရဲ့ အခြေခံပညာ ကျောင်းအပ်နှံသူ ဦးရေဟာ ၆ ဒသမ ၇ သန်းသာရှိပြီး ကျောင်းနေအရွယ် ကလေးဦးရေ ၁၃ သန်းဝန်းကျင်နဲ့ နှိုင်းယှဉ်ရင် အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာသင်ယူခွင့် ဆုံးရှုံးနေတဲ့ ကျောင်းသားဦးရေဟာ ၆ ဒသမ ၃ သန်းကျော် ရှိနေကြောင်း မြန်မာမဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဆိုင်ရာ အင်စတီကျု (ISP Myanmar) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ISP Myanmar ရဲ့ မူဝါဒသုတေသီ မောင်လွမ်းဝေက “အဓိကကတော့ ဒီကာလမှာတော့ ပဋိပက္ခ ဘေးကင်းလုံခြုံမှု မရှိတာက အဓိကစိန်ခေါ်မှုလို့ ကျနော်တို့ ပြောလို့ရတယ်ပေါ့နော်။ နောက်ထပ် စိန်ခေါ်မှုကတော့ လူမှုစီးပွား အဆင်မပြေတဲ့ဟာကလည်း အဓိကစိန်ခေါ်မှုလို့ ပြောလို့ရတာပေါ့လေ။ ဘက်ပေါင်းစုံကလူတွေက seriously စဉ်းစားဖို့ လိုတယ်ပေါ့လေ။ ကလေးတွေက ပဋိပက္ခရဲ့ သားကောင်တွေ မဖြစ်သင့်ဘူး။ ကလေးတိုင်း ပညာသင်ခွင့်ရသင့်သလို ကျောင်းတွေကလည်း ပဋိပက္ခဖြစ်တဲ့နေရာ မဖြစ်သင့်ဘူး” လို့ ပြောပါတယ်။
ကျောင်းသားတွေ စာသင်ကျောင်းကို စွန့်ခွာနေရသလို လူငယ်လူရွယ်တွေကလည်း နိုင်ငံကနေ ထွက်ခွာနေကြတာကြောင့် တိုင်းပြည်ရဲ့ အနာဂတ်က စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိကြောင်းလည်း ဖြည့်ပြောပါတယ်။
လက်ရှိမှာတော့ တိုင်းပြည်အနာဂတ်ထက် ဆင်းရဲတွင်းကနေ ရုန်းထွက်ဖို့ ခက်နေတဲ့ အခြေအနေကို အရင်ဆုံး ကြိုးစားဖို့လိုကြောင်းလည်း အကြံပြုပါတယ်။
စစ်ပဋိပက္ခ၊ စီးပွားရေးအခက်အခဲ၊ နေရပ်စွန့်ခွာရမှု၊ ကျောင်းပြောင်းလက်မှတ်နဲ့ ကျောင်းထွက်လက်မှတ် မရရှိတာတွေအပြင် အသက်ကန့်သတ်ထားတဲ့ အတန်းဝင်ခွင့်စနစ်တွေ ကြောင့်လည်း ကျောင်းပြန်တက်လိုတဲ့ ကလေးတွေဟာ အခက်အခဲတွေ ကြုံနေရကြောင်း သိရပါတယ်။
တဖက်မှာလည်း စစ်အာဏာရှင်က ပညာရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲမှာလို့ ထုတ်ပြန်ထားပေမဲ့လည်း လက်ရှိအသုံးစရိတ်မှာ အာဏာမသိမ်းမီကာလ အဆင့်ကိုတောင် ပြန်မရောက်သေးကြောင်းလည်း တွေ့ရှိရပါတယ်။
စစ်အာဏာရှင်အစိုးရရဲ့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အသုံးစရိတ်မှာ ကာကွယ်ရေး (စစ်ရေး) ကဏ္ဍအတွက် အများဆုံး ခွဲဝေသုံးစွဲထားပြီး ကာကွယ်ရေးကဏ္ဍအတွက် ၂၀ ရာခိုင်နှုန်းကျော် ခွဲဝေထားကြောင်း ဘတ်ဂျက် အချက်အလက်တွေအရ သိရပါတယ်။
ပညာရေးကဏ္ဍအတွက် သုံးစွဲမှုမှာတော့ နိုင်ငံရဲ့ ဘတ်ဂျက် ၆ ဒသမ ၉၂ ရာခိုင်နှုန်းသာရှိပြီး ၂၀၂၀-၂၀၂၁ ခုနှစ်မှာ သုံးစွဲခဲ့တဲ့ ၈ ဒသမ ၀၇ ရာခိုင်နှုန်းကိုတောင် မရောက်နိုင်သေးပါဘူး။
CDM ကျောင်းဆရာတယောက်က “အဓိကအချက် ပြောရမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့ စီးပွားရေးပေါ့နော်။ စကစ လက်အောက်မှာတော့ တိုင်းပြည်ရဲ့ စီးပွားရေးက တော်တော်ကြီးကို ချွတ်ခြုံကျသွားတဲ့အတွက်ကြောင့် Grade 10၊ 11၊ 12 ဆိုတဲ့ အသက်တွေက ၁၆၊ ၁၇ ဖြစ်နေတဲ့အခါ ကလေးတွေက အလုပ်လုပ်ရမဲ့အရွယ်တွေ ရောက်နေတော့ မိဘတွေကလည်း ကျောင်းမထားနိုင်တဲ့ အခြေအနေနဲ့ အလုပ်လုပ်ရမဲ့အရွယ်နဲ့ ဖြစ်ကုန်တာလည်း ပါတာပေါ့။ သူကတော့ ပညာရေးစရိတ် တိုးမယ်သာ ပြောနေတာ ကျောင်းတွေမှာကတော့ အခုအချိန်ထိ ဆရာမတွေဆို Marker ဖိုး ကောက်တာတို့ ဘာကြေး ညာကြေး ဆိုတာ ကောက်တဲ့ခေတ်ကို ပြန်ရောက်သွားသလိုပေါ့နော်။ ကလေးတွေက တအားထည့်ရတယ်။ ဝန်ထမ်းအင်အားက တော်တော်ကိုလိုတယ်လို့ ပြောရမယ်။ ကလေးတွေ ကျောင်းကို ပြန်ရောက်အောင် လုပ်ဖို့ဆိုရင်တော့ ကျောင်းကိုပြန်ရောက်အောင် လုပ်ဖို့ထက် တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေကောင်းအောင် လုပ်ဖို့က အရေးကြီးတာပေါ့” လို့ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသား ပညာရေးအဖွဲ့အစည်းတွေကတော့ အစားထိုးပညာရေးကို ကြိုးပမ်းနေပေမဲ့ လုံခြုံရေး၊ အခြေခံအဆောက်အအုံနဲ့ အရင်းအမြစ် အကန့်အသတ်တွေကြောင့် ကလေးအားလုံးဆီ မရောက်ရှိနိုင်သေးကြောင်းလည်း ISP Myanmar က ဆိုပါတယ်။
အဆင့်မြင့်ပညာသင်ယူနိုင်ဖို့ အရေးကြီးတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူဦးရေကလည်း ၂၀၂၀ ပြည့်နှစ်မှာ ၉ သိန်းကျော် ရှိခဲ့ပေမဲ့ အခု ၂၀၂၆ ခုနှစ်မှာတော့ ၂ သိန်းခွဲဝန်းကျင်သာ ရှိတော့ကြောင်းလည်း သိရပါတယ်။











