
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ဟာ စက်တင်ဘာ ၄ ရက်ကနေ ၆ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ကို သုံးရက်ကြာ ခရီးစဉ် သွားရောက်ခဲ့ပါတယ်။
ဗီယက်နမ်ခရီးစဉ်ဟာ သမ္မတရာထူး ဖန်တီးရယူထားတဲ့ စစ်ခေါင်းဆောင်ရဲ့ ၇ ခုမြောက် ပြည်ပခရီးစဉ်ဖြစ်ပြီး ဇနီးဖြစ်သူပါ ပထမဆုံးအကြိမ် ခရီးစဉ်မှာ ပါဝင်လာပါတယ်။
စစ်အာဏာရှင်ဟာ ခရီးစဉ်မှာ ဗီယက်နမ်သမ္မတ တိုလမ်၊ ဝန်ကြီးချုပ် လီမင်းဟန်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ထရန်သန်းမန်း တို့နဲ့ တွေ့ဆုံဆွေးနွေးခွင့်တွေ ရခဲ့တာပါ။
ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာကိစ္စတချို့နဲ့ ကျဆင်းနေတဲ့ နှစ်နိုင်ငံကုန်သွယ်ရေးကို ပြန်မြှင့်တင်ဖို့၊ နည်းပညာ၊ စွမ်းအင်နဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ဆွေးနွေးမှုတွေလည်း ရှိခဲ့ပါတယ်။
စစ်အာဏာရှင်ပိုင် ဆက်သွယ်ရေးလုပ်ငန်း Mytel မှာ အဓိကရှယ်ယာရှင်ဖြစ်တဲ့ ဗီယက်နမ်စစ်တပ်ပိုင် Viettel ဆက်သွယ်ရေးကုမ္ပဏီကိုလည်း စစ်ခေါင်းဆောင်က သွားရောက်ခဲ့တာ တွေ့ရပါတယ်။
ဗီယက်နမ် ခရီးစဉ်မှာ စီးပွားရေးလုပ်ငန်းအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (B2B MOU) ၇ ခု ရေးထိုးနိုင်ခဲ့တယ်လို့ စစ်ခေါင်းဆောင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက အတည်ပြုထားပါတယ်။
၂၀၁၆ ခုနှစ်ကတည်းက ဗီယက်နမ်ကွန်မြူနစ်ပါတီက ကိုင်စွဲခဲ့တဲ့ ဝါးပင်သံတမန်ရေးရာ (Bamboo Diplomacy) နဲ့ “အမြစ်သန်၊ ပင်စည်ခိုင်၊ ကိုင်းဖျားနွဲ့” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ဗီယက်နမ်အစိုးရက နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “ဗီယက်နမ်က စစ်ကောင်စီကို တည်ငြိမ်အောင် အကူအညီပေးတာဟာ ပေကျင်းရဲ့ အခြေခံပထဝီနိုင်ငံရေး ရည်မှန်းချက်တွေနဲ့ အခြေခံအားဖြင့် တထပ်တည်းနီးပါး ကျနေတာ ဖြစ်တယ်။ တရုတ်ရော ဗီယက်နမ်ပါ သူတို့ရဲ့ အိမ်နီးချင်းဒေသတွင်းမှာ ပြိုလဲပျက်စီးနေတဲ့နိုင်ငံမျိုး မရှိစေချင်ဘူး။ အရှေ့တောင်အာရှ ကုန်းတွင်းပိုင်း ဗဟိုချက်မှာ အနောက်အုပ်စုနဲ့ ပူးပေါင်းမဲ့ ဒီမိုကရေစီနိုင်ငံမျိုးတွေ ပေါ်ပေါက်လာတာမျိုးတွေ သူတို့က မလိုလားဘူး။ ဒါတွေဆိုရင် သူတို့အကျိုးစီးပွားတွေက ထပ်တူကျတယ်ပေါ့။ သူတို့ရဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက်တွေ တူညီသော်လည်းပဲ ဗီယက်နမ်က မြန်မာနိုင်ငံအပေါ်မှာ တရုတ်ရဲ့ ကြီးမားတဲ့ စီးပွားရေးနဲ့ အခြေခံအဆောက်အအုံ လွှမ်းမိုးချုပ်ကိုင်မှုတွေကို သူက စိုးရိမ်စိတ်နဲ့ စောင့်ကြည့်နေတဲ့ အနေအထားမျိုးလည်း ရှိတယ်။ ဗီယက်နမ်က မြန်မာနိုင်ငံအတွင်းမှာ သူတို့ရဲ နိုင်ငံတော်ပိုင် ရင်းနှီးမြှုပ်နှံမှုတွေကို အသုံးပြုပြီးတော့မှ မြန်မာနိုင်ငံဟာ တရုတ်အခြေခံအဆောက်အအုံအောက်မှာ လုံးလုံးလျားလျား ဒူးထောက်မသွားဘဲနဲ့ ထိန်းညှိပေးတာမျိုးလည်း သူက ရှိတယ်၊ အနေအထားကပေါ့နော်” လို့ ပြောပါတယ်။
ပထဝီနိုင်ငံရေး၊ စီးပွားရေး သုံးသပ်သူ မွန်ဇင် ကလည်း “ဗီယက်နမ်အတွက်က နိုင်ငံတော်အကျိုးစီးပွား ဖြစ်နိုင်ပေမဲ့ မင်းအောင်လှိုင် အတွက်က ရွေးကောက်ပွဲပြီးပြီ၊ အစိုးရရှိပြီ၊ သမ္မတဖြစ်ပြီ၊ ဒေသတွင်းနိုင်ငံတွေက ငါတို့ကို ပုံမှန်ပြန်ဆက်ဆံနေပြီဆိုတဲ့ ဇာတ်ညွှန်းကို တည်ဆောက်ချင်တာ။ ဒီခရီးစဉ်မှာ မင်းအောင်လှိုင်ရဲ့ဇနီးကိုပါ တရားဝင်မှတ်တမ်းပုံရိပ်တွေထဲမှာ အတော်လေး ထည့်သွင်းပြီး ဗီယက်နမ်ဘက်ကနေ ရည်ညွှန်းထုတ်ပြန်ထားတာ တွေ့ရတယ်။ နိုင်ငံတော်ခရီးတွေ သွားတဲ့အခါမှာ သမ္မတနဲ့ အိမ်ထောင်ဖက်အဖြစ် တရားဝင်ခရီးတခုရဲ့ ပုံမှန်ပုံရိပ်ကို ဖန်တီးပေးနေတာ ဖြစ်တဲ့အတွက် ဒါတွေက မင်းအောင်လှိုင် အရမ်းလိုချင်နေတဲ့၊ ပုံမှန်ဖြစ်နေတယ်ဆိုတဲ့ ဇာတ်ညွှန်းတွေကို ပိုပြီးတော့ အားကောင်းစေတယ်ပေါ့။ မင်းအောင်လှိုင်ဘက်ကနေ အဲဒီပုံရိပ်တွေကို ဘယ်လိုအသုံးချနိုင်တယ်ဆိုတာ ခွဲကြည့်ဖို့လိုပါတယ်” လို့ ပြောပါတယ်။
စစ်ခေါင်းဆောင်ရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး ဗီယက်နမ်အစိုးရနဲ့ တာဝန်ရှိသူတွေဘက်က ထုတ်ပြန်ပြောဆိုချက်မှာ ထူးခြားချက်အနေနဲ့ “ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းကိုမှ တနိုင်ငံရဲ့ နယ်မြေကို အသုံးပြုပြီး တဖက်နိုင်ငံကို ဆန့်ကျင်တိုက်ခိုက်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခွင့်မပေးဖို့ နှစ်ဖက် ကတိပြုခဲ့ကြောင်း” ဗီယက်နမ်ဘက်က ထုတ်ပြန်ထားပါတယ်။
ဗီယက်နမ်ဘက်က ထုတ်ပြန်ချက်တွေမှာ မြန်မာပြည်တွင်း တော်လှန်ရေးနဲ့ပတ်သက်ပြီး တိုက်ရိုက် ထည့်သွင်းပြောဆိုတာမျိုး မရှိခဲ့ဘဲ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကိုပဲ အဓိက ဦးတည်ပြောဆိုခဲ့တာ တွေ့ရပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က “ဗီယက်နမ်က စီးပွားရေးအကျိုးအမြတ် အများဆုံးရအောင် အမေရိကန်နဲ့လည်း ဆက်ဆံတယ်၊ သူ့ရဲ့ ပါတီညီအစ်ကိုတော်များပေါ့၊ တရုတ်နဲ့လည်း အတတ်နိုင်ဆုံး သူ့ဘက်ကနေ ဆက်ဆံရေး ကောင်းအောင်လို့တော့ အခုအချိန်အထိ ရပ်တည်နေတာ တွေ့တယ်။ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့နေရာမှာ တင်းမာမှုတွေပေါ့နော်၊ အဲဒါနဲ့ပတ်သက်လို့ သူက အတတ်နိုင်ဆုံး သူ့အကျိုးအမြတ်ကို ရှေးရှုပြီးတော့ အဲဒီဖြစ်ရပ်တွေကို သူက ရှောင်တယ်။ အကျိုးအမြတ်ရလို့သာ ဆက်ဆံတာပါ။ မင်းအောင်လှိုင်တို့လို ဘယ်သူသေသေ ငတေမာရင်ပြီးရော သူ့စစ်အာဏာ တည်တံ့ခိုင်မြဲရေးအတွက်ကိုပဲ ရှေးရှုတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဗီယက်နမ်စစ်ဗိုလ်ချုပ်တွေရဲ့ အတွေးအခေါ်နဲ့ မတူဘူး။ သူကတော့ ရှင်းရှင်းပြောရင် ပုံတူကူးချင်တာ။ ဒါပေမဲ့ ပုံတူကူးရအောင်လို့ စာရိတ္တပိုင်းဆိုင်ရာရော၊ အတွေးအခေါ်ပိုင်းဆိုင်ရာရော၊ အရည်အချင်းပိုင်းဆိုင်ရာရော ဗီယက်နမ်စစ်ဗိုလ်ချုပ်တွေနဲ့ ဒီကဗိုလ်ချုပ်တွေနဲ့ တခြားစီပဲ။ တိုင်းပြည်အပေါ်မှာထားတဲ့ စိတ်စေတနာ၊ ပြည်သူလူထုအပေါ်မှာထားတဲ့ စိတ်စေတနာချင်းကကို လုံးဝကွာတယ်” လို့ ပြောပါတယ်။
မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏဟာ ၂၀၂၀ ခုနှစ်မှာ ဒေါ်လာ ၈၅၃ သန်း ရှိခဲ့ပေမဲ့ မြန်မာ့ပြည်တွင်းပြဿနာတွေကြောင့် ၂၀၂၅ ခုနှစ်မှာ ဒေါ်လာ သန်း ၅၉၀ အထိ ကျဆင်းသွားခဲ့တယ်လို့ သတင်းမှတ်တမ်းတွေက ဖော်ပြပါတယ်။
ဗီယက်နမ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ပရောဂျက် ၁၀၇ ခုအထိ ဖော်ဆောင်ခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံခဲ့တဲ့အတွက် မြန်မာနိုင်ငံမှာ ၇ ခုမြောက် တန်ဖိုးအများဆုံး ရင်းနှီးမြှုပ်နှံတဲ့နိုင်ငံ ဖြစ်ပါတယ်။
ဆက်သွယ်ရေးတယ်လီကွန်းလုပ်ငန်း၊ ဘဏ်လုပ်ငန်းနဲ့ အိမ်ခြံမြေလုပ်ငန်းတွေမှာ ဗီယက်နမ်က အများဆုံး ရင်းနှီးမြှုပ်နှံထားတာပါ။
မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ ဒေသတွင်း အာဆီယံ၊ ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ၄ နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (CLMV)၊ မဟာမဲခေါင်ဒေသခွဲ ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (ACMECS) အဖွဲ့ဝင်နိုင်ငံတွေအဖြစ် အထွေထွေအကျိုးစီးပွားရေးရာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ပါတယ်။











