
အာဏာသိမ်းပြီး နိုင်ငံစီးပွားရေး ချွတ်ခြံကျ၊ ပြည်သူတွေ ဆင်းရဲမွဲတေ၊ အာဆီယံဒေသတွင်း အဆင်းရဲဆုံးနိုင်ငံ ဖြစ်အောင် စွမ်းဆောင်ထားတဲ့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က စီးပွားရေးကဏ္ဍအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အကြံဉာဏ်တွေ ပေးနေတယ်လို့ ပြောကြားလိုက်ပါတယ်။
စက်တင်ဘာ ၂၁ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန် တိုးတက်မှုသို့” ဆိုတဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ပြောသွားတာပါ။
သူ့အနေနဲ့ စီးပွားရေးသမားမဟုတ်ပေမဲ့ ကိုယ်စွမ်းဉာဏ် စွမ်းရှိသရွေ့ အကြံဉာဏ်တွေ ပေးနေတယ်လို့ ဆိုပါတယ်။
“နိုင်ငံ့စီးပွားရေးက တိုးတက်ဖို့ လိုပါတယ်။ ကျနော်လည်း နိုင်ငံ့စီးပွားရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့အား ပေးဆောင်ရွက်ပါတယ်။ အကြံဉာဏ်လည်း ပေးပါတယ်။ ကျနော်က စီးပွားရေးသမားလည်း မဟုတ်ပါဘူး။”
အမှန်တကယ် တိုင်းပြည်ဆင်းရဲနေရတာဟာ စစ်အာဏာရှင်ခေတ်အဆက်ဆက်က စစ်ဗိုလ်ချုပ်တွေနဲ့ မိသားစုတွေ၊ ခရိုနီအပေါင်းပါတွေရဲ့ ကိုယ်ကျိုးရှာ ကုပ်သွေးစုပ်ခဲ့မှုတွေနဲ့ ပြည်သူတွေရဲ့ စီးပွားရေးအခွင့်အလမ်းတွေအပေါ် ပိတ်ပင်တားဆီးမှုတွေကြောင့်သာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက တိုင်းပြည်ရဲ့ GDP ဟာ အနုတ်လက္ခဏာ ပြတဲ့အထိ စံချိန်တင်ကျဆင်းခဲ့ပြီး အာဆီယံဒေသတွင်းမှာ တဦးချင်းဝင်ငွေအနိမ့်ဆုံးနဲ့ အဆင်းရဲဆုံးနိုင်ငံ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် စီးပွားရေးကဏ္ဍ အသီးသီးမှာ စစ်အာဏာရှင်ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာ၊ တင်းကျပ်တဲ့ မူဝါဒစည်းမျဉ်းတွေ ထုတ်ပြီး ကန့်သတ်မှုတွေ လုပ်ခဲ့တာအပြင် လုံခြုံရေး အာမခံချက်မရှိတာကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အများအပြား ပြန်လည်ထွက်ခွာသွားတဲ့ အခြေအနေလည်း ရင်ဆိုင်နေရပါတယ်။
ပြည်တွင်းမှာ လုံခြုံစိတ်ချရမှုမရှိတဲ့အပြင် အဓမ္မ တပ်သားသစ်စုဆောင်းပြီး စစ်မှုထမ်းခိုင်းတာ, လုပ်ခလစာ နည်းပါးတာ၊ ကုန်ဈေးနှုန်းကြီးမြင့်တာ၊ အလုပ်အကိုင်ရှားပါးတာတွေကြောင့် ပြည်တွင်းက လုပ်သားရင်းမြစ်တွေအနေနဲ့လည်း ပြည်ပကို အလုံးအရင်းနဲ့ ထွက်ခွာ လုပ်ကိုင်နေကြရတဲ့ အခြေအနေရှိပါတယ်။
အဲဒီလို ပြည်တွင်းမှာ အလုပ်မလုပ်ဘဲကို ပြည်ပထွက် အလုပ်လုပ်နေကြတဲ့သူတွေကြောင့် တိုင်းပြည်ဆင်းရဲရတာလို့လည်း စစ်အာဏာရှင် မင်းအောင်လှိုင်က ပြစ်တင်ပြောဆိုသွားပါတယ်။
မင်းအောင်လှိုင်က “နိုင်ငံ ဆင်းရဲမွဲတေမှုက ကျော်လွှားနိုင်ဖို့ဆိုရင် လူတိုင်း အလုပ်လုပ်ကြဖို့ လိုအပ်ပါတယ်။ တကယ်တော့ အလုပ်တွေ အများကြီး ရှိပါတယ်။ ကျနော်တို့က အလုပ်ကို ရွေးချယ်နေကြတာပေါ့။ ပြည်တွင်းမှာ အလုပ်မလုပ်ဘဲ ပြည်ပထွက်ပြီး အလုပ်လုပ်နေတာကို သွားတွေ့တာပါ့” လို့ ပြောပါတယ်။
ဒါ့အပြင် တိုင်းပြည်ရဲ့ အဓိကစီးပွားရေးဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍကို အဆင့်မြှင့်တင်ကြဖို့နဲ့ ကုန်ကြမ်းစိုက်ပျိုးထုတ်လုပ်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားကြဖို့လည်း မှာကြားသွားပါတယ်။
နေပြည်တော်မှာ ၂ ရက်တာ ကျင်းပနေတဲ့ “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန် တိုးတက်မှုသို့” အလုပ်ရုံဆွေးနွေးပွဲကို ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍက လုပ်ငန်းရှင်တွေနဲ့ ပညာရှင်တွေ တက်ရောက်ကြတာကိုလည်း တွေ့ရပါတယ်။











